ရှမ်းမြောက် အရပ်သား သတ်ဖြတ်မှုများ တရားခံဖော်နိုင်ခြင်း မရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၂၈ ရက်။
၂၀၂၀ ခုနှစ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အရပ်သား ၁၂ ဦး အသတ်ခံခဲ့ရပြီး ယနေ့အချိန်ထိ တရားခံဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း တအာင်းအရပ်ဘက်အဖွဲ့အစည်းများ က ပြောသည်။
ယခုနှစ် ဇန်နဝါရီလမှ မေလအထိ တအာင်းအရပ်ဘက်အဖွဲ့အစည်းများ၏ ကောက်ခံရရှိသည့် စာရင်းများ အရ သီပေါ၊ မိုင်းယော်နှင့် ကျောက်မဲမြို့နယ်အတွင်းက ဒေသခံပြည်သူ ၁၂ ဦးမှာ အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဟု သိရသည်။
တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU မှ အထွေထွေအတွင်းရေးမှူး လွေးလှားရှိန်း က “၁၂ ဦး ပေါ့ နော်၊ သီပေါမှာက စုစုပေါင်း ၉ ဦးပေါ့နော်။ ၁ ဦးကတော့ မိုင်းယော်ဘက်မှာ၊ နောက်အခု ကျောက်မဲမှာက ၂ ဦးပေါ့နော်။ ၂၀၂၀ အတွင်းမှာပေါ့ ဒီ မေလအထိ လက်လှမ်းမှီသလောက် စာရင်းပေါ့နော်။ အခုအဲ့ဒါတွေကို အမှုမှန်ဖော်ထုတ်ပေးဖို့တောင်းတာပေါ့” ဟု ပြောသည်။
“ဆိုတော့ အခုက ဆက်တိုက်လိုဖြစ်လာတယ်။ လုပ်သွားတဲ့လူတွေကိုလည်း ဘာမှ ဖမ်းဆီးရှာဖွေ စစ်ဆေး တာတွေမရှိဘူး။ သီပေါ၊ မိုင်းယော်ဘက်လည်း အဲ့ဒီအတိုင်းပဲ။ ဆိုတော့ ဒီအတိုင်းပဲ ထားလိုက်ရင် ကျမတို့ စိုးရိမ်တာက ယဉ်ကျေးမှု တစ်ခုလိုဖြစ်သွားမှာကို စိုးရိမ်တယ်။ အော် သတ်လိုက်ရင်လည်း ဘယ်သူက ဘာ မှ ပြောမှာ မဟုတ်ဘူး။ အဲ့လိုမျိုး အတွေးတွေ ဖြစ်သွားမှာ စိုးရိမ်တယ်။”
မေလ (၁၈) ရက်နေ့ ကလည်း ကျောက်မဲမြို့နယ် ချောင်းချောက်အုပ်စု ဖလိန်းကျေးရွာနေ အမျိုးသမီး (၂) ဦး ဖြစ်သည့် ယာအေးယိန်း (အသက် – ၆၀ နှစ်) နှင့် ယာအေးထွေး (အသက် – ၅၀ နှစ်) တို့အား အမည်မသိ လူ သတ်သမားက လက်ဖက်ခြံတဲအတွင်း သတ်ဖြတ်ခဲ့ကြောင်း တအာင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
လူသတ်တရားခံများကို ဖော်ထုတ်နိုင်ခြင်းမရှိသေးဘဲ အမှန်တရား ပျောက်ဆုံးနေခြင်းကြောင့် ဒေသခံများ၏ ဘဝလုံခြုံရေး ပိုမိုခြိမ်းခြောက်ခံနေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO မှ ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါး က ပြောသည်။
“ဇန်နဝါရီလကနေ ဒီနေ့အထိက ရှမ်းမြောက်က ဒေသခံတွေ မကြာခဏအသတ်ခံနေရတယ်။ ခံရတဲ့လူတိုင်းကလည်း ဘယ်သူဘယ်ဝါ သတ် သွားမှန်း မသိဘူး။ လက်သည်မပေါ် တရားခံကလည်း အခုချိန်ထိ မမိတဲ့အနေအထားတွေက ခဏခဏဖြစ် တယ်။ တစ်လောင်း နှစ်လောင်း ငါးလောင်းပြိုင် အဲ့လိုမျိုးတွေဖြစ်နေတဲ့အပေါ် တရားဥပဒေစိုးမိုးမှုအပိုင်းက ရှမ်း မြောက်ဒေသမှာလုံးဝကို ကင်းမဲ့နေတဲ့ အနေအထားပေါ့။ လူထုအတွက် လုံးဝကို လုံခြုံရေး ကင်းမဲ့တဲ့ အနေအ ထားမျိုးဖြစ်နေတယ်”
မေလ (၁၈)ရက်နေ့က အသတ်ခံခဲ့ရသည့် အမျိုး သမီး (၂) ဦး၏ အမှုအပါအဝင် ကျန် အမှုများအားလုံး အမှုမှန် ပေါ်ပေါက်ပြီး တရားခံများအား အမြန်ဆုံး ဖမ်းဆီး ဖော်ထုတ်ပေးရန် တအာင်းအရပ်ဘက်အဖွဲ့အစည်းများက မေလ ၂၂ ရက်နေ့ ထုတ်ပြန် တောင်းဆိုထားသည်။
TWO ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါး က “ကျမတို့ပြောချင်တာက ဒီလိုမျိုးဖြစ်စဉ်တွေအပေါ်မှာ တစ်ခုချင်း တစ်ခုချင်း ပတ်သက်တဲ့ဖြစ်စဉ်တွေကို သေချာ ကိုင်တွယ်ပြီးမှ တကယ့်ကိုဖော်ထုတ်တာမျိုး စုံစမ်းပေးတာမျိုး ဖြစ်စေချင်တယ်။ နောက်တစ်ခုက ဖော်ထုတ် လည်း ဖော်ထုတ်ရမယ်။ ထိရောက်တဲ့အပြစ်ပေးအရေးယူမှု ပုံစံမျိုးတွေလည်း လုပ်ရမယ်” ဟု ပြောသည်။
“မဟုတ်ရင်တော့ ဒီလို မျိုးဆက်ဖြစ်နေအုံးမှာပဲ၊ အခုထိ သိရသလောက်ဆိုရင်တော့ အရင်ကဖြစ်ခဲ့တဲ့ ဘယ် အမှုမှလည်း အမှုမှန်ပေါ် တာမျိုးတွေ မရှိခဲ့တော့ ဒေသမှာ ဥပဒေက လုံးဝစိုးမိုးမှုမရှိတဲ့အခါကြတော့ တစ်ခါ ပြီးတစ်ခါ ခဏခဏ လူသတ် မှုတွေက ဖြစ်နေတော့ အာဏာပိုင်တွေအနေနဲ့ အမှုတွေကို တစိုက်မတ်မတ် လုပ်ဆောင်မယ် ဆိုရင်တော့ နောက်နောင် လျော့ကျလိမ့်မယ်လို့ ကျမတို့ အဲ့လိုမျိုးမျှော်လင့်ထားတာပေ့ါ။”
အရပ်သားများအား သတ်ဖြတ်မှုများတွင် သက်ဆိုင်ရာအာဏာပိုင်များက တရားခံများအား ဖမ်းဆီးနိုင်ခြင်း၊ အမှုမှန်ဖော်ထုတ်နိုင်ခြင်း၊ ထိရောက်သော အပြစ်ပေးအရေးယူဆောင်ရွက်မှုများ အားနည်း နေသည်ဟု တအာင်းအရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။
အထက်ပါအချက်များကြောင့် ဒေသခံတွင်းက သက်ဆိုင်ရာအာဏာပိုင်များအား ပြည်သူလူ ထုက ယုံကြည်မှု အားကိုးမှုများ သိသာစွာ လျော့ကျနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသည်ကို မီးမောင်ထိုးပြနေခြင်းဖြစ် သည်ဟု ထောက်ပြထားသည်။
ရှမ်းမြောက်ဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် အခြေအနေများနှင့် ပတ်သက်၍ လွေးလှား ရှိန်း က “အခုက ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေက တိုက်ပွဲဖြစ်မှပဲ သေနတ်နဲ့ပစ်မှပဲ လူ့အခွင့်အရေးချိုး ဖောက်မှု ဖြစ်တယ်လို့ ကျမတို့က မမြင်ဘူးပေါ့နော်။ တချို့ဆိုလို့ရှိရင် အစိုးရတွေက တပ်မတော်တွေက ငြိမ်းချမ်းရေးယူ အပစ်ရပ်ထားတယ် ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုက လျော့လာမှာပဲလို့ တချို့က စဉ်း စားတာတွေ ရှိ တယ်။ ဒါပေမယ့် တကယ့်လက်တွေ့ကတော့ ဒါကိုအသုံးချပြီးတော့ ကိုယ့်ဒေသထဲမှာ တစ်ခုပြီး တစ်ခုဖြစ်နေတဲ့ သဘောမျိုးဖြစ်နေတယ်။ တကယ်တော့ ဒါလည်း ခြိမ်းခြောက်မှုတစ်ခုပဲပေါ့နော်။ တိုက်ပွဲမဖြစ် လည်း မူးယစ် ဆေးဝါးကိစ္စ၊ မြေယာကိစ္စ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက တစ်ခုပြီးတစ်ခု ရှမ်းမြောက်မှာက ဖြစ်နေတာပဲ” ဟု ပြောသည်။
ထိုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း မျက်ခြေ မ ပြတ် စောင့်ကြည့်ပေးရန်နှင့် ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားမျှတမှု ရရှိသည့် အထိ ကူညီလုပ်ဆောင်ပေးရန် တအာင်းအရပ်ဖက်အဖွဲ့အစည်းဖြစ်ကြသည့် တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO၊ တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ TSYU၊ တအာင်းဥပဒေအထောက်အကူပြုအဖွဲ့ TLA တို့က တောင်း ဆိုထားသည်။