လူ့အခွင့်အရေး ချိုးဖောက်မှုများ တက်ကြွစွာ ကိုင်တွယ်ရန် လူ့အခွင့်အရေး ကော်မရှင်အား တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၂၈ ရက်။

COVID- 19 ကာလအတွင်း ဖြစ်ပေါ်နေသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများကို နှုတ်ဆိတ်မနေပဲ ကိုင် တွယ်ဖြေရှင်းပေးရန်နှင့် မဖြစ်ခင်ကြိုတင်ကာကွယ်မှုမျိုးကို လုပ်ဆောင်ပေးရန် လူ့အခွင့်အရေးအဖွဲ့များ က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား တိုက်တွန်းတောင်းဆိုလိုက်သည်။

မေလ ၂၇ ရက်နေ့ (ယမန်နေ့)က လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသည့် လူမှု့အဖွဲ့အစည်း ၂၂ ဖွဲ့က ပူးတွဲကြေညာချက် ထုတ်ကာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အား တိုက်တွန်းတောင်း ဆိုလိုက်ခြင်းဖြစ်သည်။

ထုြတ်ပန်ချက်ထဲတွင် ပါဝင်သည့် ညီမျှခြင်းမြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “အခုလိုမျိုး COVID ကာလမှာဆိုရင် ပိုမိုပြီးတော့ ဆိုးရွားသော ခွဲခြားမှုတွေ ရှိနိုင်တယ်။ ပိုမိုပြီးတော့ ဆိုးရွားသော လူ့အခွင့် အရေး ချိုးဖောက်မှုတွေ ဥပမာ အာဏာ အလွှဲသုံးစားလုပ်တာ နောက်တစ်ခါ ဒီအကြောင်းပြချက်ကို လိုတာ ထက် ပိုကန့်သတ်တာ ရှိနိုင်တယ် ဒီနေရာမျိုးတွေမှာ ပိုမိုပြီးတော့ ရပ်တည်ပေးဖို့အတွက် တိုက်တွန်း လိုပါ တယ်။ တိုင်ကြားမှ ဆိုတဲ့ဟာမျိုး မဟုတ်ပဲနဲ့ တကယ်ကြိုတင်ပြီးတော့ လူ့အခွင့်အရေးကို ရဲရဲဝံ့ဝံ့ ရပ်တည် ပေးဖို့အ တွက် တိုက်တွန်းလို ပါတယ်” ဟု ပြောသည်။

COVID- 19 ကာလသည် သာမန်ကာလကဲ့သို့ မဟုတ်သည့်အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အနေဖြင့် နိုးကြားတက်ကြွစွာ လူအခွင့်အရေး ချိုးဖောက်မှုများကို ကိုင်တွယ်ဖြေရှင်းပေး ရန်နှင့် ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်နိုင်ရန် တိုက်တွန်းရခြင်းဖြစ်သည်ဟု ဦးအောင်မျိုးမင်း က ဆက်ပြောသည်။

“ကျနော်တို့ အဓိက ထောက်ပြချင်တဲ့ ကိစ္စတစ်ခုကတော့ ဒီရခိုင်ဒေသမှာ မော်တော်ယာဉ်ပေါ်မှာ နှိပ်စက်တဲ့ ကိစ္စ တပ်မတော်ကနေ ဒါနဲ့ ပတ်သက်ပြီးတော့ ဝန်ခံတာ ရှိပေမယ့် လူ့အခွင့်အရေး ကော်မရှင်က ဒါနဲ့ ပတ် သက်လို့ သုံးသပ်ချက် ဒါနဲ့ ပတ်သက်ပြီးတော့ ရပ်တည်ချက် တစ်စုံတစ်ရာမှ မထွက်လာဘူး။ အဲဒီကိစ္စတစ် ခု ကျနော်ထောက်ပြချင်တယ်။”

လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့၏ စည်းရုံးလှုံဆော်ရေး ဒါရိုက်တာ ကိုအောင်ဇော်ဦးကလည်း COVID- 19 ကာလတွင် လူ့အခွင့်အရေးနှင့် ပတ်သက်သည့် အသိပညာပေးမှုများကို လူ့အခွင့်အရေး ကော် မရှင်အနေဖြင့် မလုပ်ဆောင်နိုင်ရင်တောင် လုပ်ဆောင်၍ ရသည့်အပိုင်းများကို လုပ်ဆောင်ပေးရန် တောင်း ဆိုသည်။

ကိုအောင်ဇော်ဦးက “ဆိုးရွားစွာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒါကို တိုင်းရင်းသား ဒေသတွေမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ ကြားထဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေရှိ တယ်။ သံသယနဲ့ ဖမ်းဆီးပြီးတော့ စစ်ဆေးတဲ့နေရာမှာ လက်လွန်ခြေလွန်တွေ ဖြစ်တာရှိတယ်။ ရိုက်နှက် တာတွေ ရှိတယ်။ ဒါမှမဟုတ် အဲဒီစစ်ပွဲကြောင့် အိုးအိမ်ပစ်ပြေးရတဲ့ ပြည်သူတွေရှိတယ်။ ဒါမျိုးတွေကို မြန် မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အစိုးရကိုသော်လည်းကောင်း တပ်မတော်ကို သော်လည်း ကောင်း ပန်ကြားလွှာတွေ ပို့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဒီလိုဒီလိုတွေ ဖြစ်နေတယ်။ ဒါကို တစ်နည်းလုပ် လို့ရသလို နောက်တစ်နည်း က လွှတ်တော်ကို ပို့လို့ရတယ်” ဟု ပြောသည်။

လူ့အခွင့်အရေး အဖွဲ့ ၂၂ ဖွဲ့၏ မေလ ၂၇ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် COVID- 19 ကာလအတွင်း တိုင်းရင်းသား ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲများကြားရှိ ပြည်သူများမှာ လူ့ အခွင့်အရေး ချိုးဖောက်မှုကို ပိုမိုခံစားနေရသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာလည်း မြင့်တက် လာနေသည်ဟု ဆိုသည်။

အဆိုပါ အနေအထားများကြောင့် COVID- 19 ကာလအတွင်းတွင် တရားဥပဒေစိုးမိုးရေးအတွက် တာဝန် ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများအား လူ့အခွင့်အရေး ချိုးဖောက်မှု မရှိရလေအောင် လူ့အခွင့် အရေးနှင့် ပတ်သက်သည့် လိုက်နာရမည့် စည်းကမ်းချက်များအတိုင်း လုပ်ဆောင်ရန် လူ့အခွင့် အရေး ကော်မရှင်အနေဖြင့် အစိုးရအား အကြုံပြု တိုက်တွန်းရန်လိုသည် ဟု ဦးအောင်မျိုးမင်း က ပြော သည်။

“COVID ကာလအတွင်းမှာ ဒီလို မျိုး တာဝန်ထမ်း ဆောင်တဲ့သူတွေက ဘာတွေကို ရှောင်ရှား သင့်သလဲ။ ဘာတွေကို သတိထားသင့်သလဲ။ နောက်တစ်ခါ အမိန့်တွေ စည်းကမ်းတွေ ထုတ်တဲ့ အခါမှာလည်း နိုင်ငံတ ကာ လူ့အခွင့်အရေး စံချိန်တွေနဲ့ ကျနော်တို့ မသွေဖီသွားအောင် အစိုးရကို အကြံ ဉာဏ်ပြုတာတွေ နောက် တစ်ခါ လက်ရှိ အခြေအနေမှာ လိုအပ်သော တိုင်းရင်းသား လူမျိုးတွေ ဒေသတွေအပေါ်မှာ ချန်လှပ်ပြီးတော့ လူ့အခွင့်အရေး ကိစ္စတွေ ချန်လှပ်ပြီးတော့ မရရှိအောင် ဒါမှမဟုတ်လို့ရှိရင် ကျန်ခဲ့အောင် လုပ်ဆောင်တဲ့ အချက်တွေကို ပွင့်ပွင့်လင်းလင်း အစိုးရကို တင်ပြပြီးတော့ လူ့အခွင့်အရေးအတွက် ရပ်တည်သင့်ပါတယ်လို့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

လူ့အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန်ချက်ထဲတွင် မော်တော်ယာဉ်ပေါ်တွင် ရခိုင်ဒေသခံများကို တပ်မတော်မှ ရိုက်နှက်သည့် ကိစ္စရပ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကား ရခိုင်ပြည်နယ်တွင် ပစ်ခတ်ခံရသည့်အတွက် ယာဉ်မောင်း တစ်ဦး သေဆုံးခြင်းနှင့် တစ်ဦးဒဏ်ရာရသည့်ကိစ္စ၊ KNU နှင့် RCSS/SSA နယ်မြေတို့တွင် လုပ်ဆောင်နေသည့် COVID- 19 ကာကွယ်တားဆီးရေး လုပ်ငန်းများကို တပ်မတော်မှ နှောက်ယှက် ဖျက်ဆီးသည့် ကိစ္စရပ်များကို ထည့်သွင်းထားသည်။

အစိုးရမှ ရခိုင်နှင့် ချင်းပြည်နယ်ရှိ မြို့နယ် ၈ မြို့နယ်တွင် အင်တာနက်ဖြတ်တောက်မှုကြောင့် ပြည်သူများ အနေဖြင့် COVID- 19 နှင့် ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ကာကွယ် နိုင်မည့် နည်းလမ်းများကို အချိန်နှင့် တစ်ပြေးညီ မရရှိနိုင်ခြင်းနှင့် အခြေခံ လူ့အခွင့်အရေးဖြစ်သည့် သ တင်း ရရှိခွင့်ကို ထိခိုက်သည့်အတွက် အင်တာနက်ဖြတ်တောက်မှုကို ပြန်လည် ဖွင့်ပေးရန်လိုသည်ဟု လူ့အ ခွင့်အရေးအဖွဲ့များ က ပြောသည်။

ထို့အပြင် သမ္မတ၏ လွတ်ငြိမ်းသာခွင့်ကြောင့် နိုင်ငံရေး အကျဉ်းသားများ လွတ်လာခဲ့သော်လည်း ထောင် ထဲတွင် ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရန် လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် ရပ်တည်လုပ်ဆောင်ပေးရန်လည်း လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ချက်ထဲတွင် တောင်းဆို ထားသည်။

အဆိုပါကိစ္စရပ်များနှင့် မြင့်တက်လာသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင်က တစ်စုံတစ်ရာ ထုတ်ဖော်ပြော ဆိုမှုများ မရှိပဲ နှုတ်ဆိတ်နေသည်မှာ ၎င်းတို့ အနေဖြင့် များစွာတုန်လှုပ်မိသည်ဟု လူ့အခွင့်အရေး အဖွဲ့များ က ဆိုသည်။