ကွတ်ခိုင် တိုက်ပွဲတွင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု TNLA ပြော

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၃၀ ရက်။

ယမန်နေ့ကဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြား တိုက်ပွဲ အတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု TNLA က ပြောသည်။

COVID-19 ကာလ နှစ်ဖက်စလုံးက အပစ်ရပ်ကြေညာထားချိန် မေလ ၂၉ ရက်နေ့ (ယမန်) နေ့က ကွတ်ခိုင်မြို့နယ်၊ နမ့်ကွတ်ကျေးရွာအနီး ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

PSLF/TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော် က “ဒီမနက် ၁၀ နာရီမှာ မြန်မာ စစ် တပ်ယာဉ်တန်း ၁၀ စင်းလောက်ရှိတယ်။ မူဆယ်ကနေ ကွတ်ခိုင်ဘက်ကို ဆင်းသွားတယ်။ အဲ့မှာ ကျနော်တို့ ဘက်ကလည်း ပြည်ထောင်စုလမ်းမကို ဖြတ်တဲ့အချိန် နှစ်ဖက် ထိပ်တိုက်တွေ့ ပြီး တိုက်ပွဲဖြစ်ပွားတာဖြစ်တယ်။ မနက် ၁၀ နာရီကနေ ၁၁ နာရီ ခွဲနီးပါးအထိ ဖြစ်တယ်။ အဲ့ဒီမှာ တပ်မတော် ယာဉ်တန်းထဲက တစ်စင်းထိ မှန်သွားတယ်။ အဲ့ဒါ မီးလောင်သွားတယ်” ဟု ပြောသည်။

“အဲ့ပေါ်မှာတော့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတာရှိတယ်။ ဒီ ၆၀ မမ လည်း ပါတယ်။ လက်နက် အသေးတွေလည်းပါတယ်။ ကျည်ကလည်းမျိုးစုံပါတယ်။ တပ်မတော်ရဲ့ ယာဉ်တစ်စင်းလည်း မီးလောင်သွား တာပေါ့နော်။ တခြားဘာတွေပါသေးလဲဆိုတော့ မသိသေးဘူး။ ကျနော်က အသေးစိတ်တော့ မတွေ့ ရသေးဘူး။ ကျနော်တို့ ဘက်ကတော့ ထိခိုက်တာမရှိဘူး။ တပ်မတော်ဘက်ကတော့ ထိခိုက်မှု ရှိမရှိတော့ ကျနော်တို့လည်း မသိဘူး။”

အဆိုပါ တိုက်ပွဲ နှင့် ပတ်သက်၍ “မူဆယ်-လားရှိုး ပြည်ထောင်စု ကားလမ်းမကြီးအတိုင်း နမ့်ဖတ်ကာမှ ကွတ် ခိုင်မြို့ ဘက်သို့ မောင်းနှင်လာ သော တပ်မတော် အုပ်ချုပ်မှုယာဉ်တန်းတစ်ခုအား TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ အင်အား ၈၀ ဦး ခန့်က ကွတ်ခိုင်မြို့မရောက်မီ နမ့်ကွတ်ကျေးရွာမြောက်ဘက် မီတာ ၁၅၀၀ ခန့်နေရာတွင် အလစ်အငိုက် ချောင်း မြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ/စစ်သည်အချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မော်တော်ယာဉ် ၁ စီး ပျက်စီးခဲ့ကြောင်းနှင့် ပစ်ခတ်ခဲ့သည့်TNLA အကြမ်းဖက် သောင်းကျန်း သူများနောက်သို့ တပ်မတော်စစ်ကြောင်းများက ထပ် ကြပ်လိုက် စစ်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန် ထားသည်။

တပ်မတော်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ ဖြစ်ပွားခဲ့သည့် အဆိုပါ တိုက်ပွဲ ကြောင့် ခရီးသွားလာမှုများ ယာယီရပ်ဆိုင်းခဲ့ရပြီး ဒေသခံများလည်း စိုးရိမ်နေကြသည်။

ကွတ်ခိုင်ဒေသခံ တစ်ဦးက “ကွတ်ခိုင်ဘက်ကနေလာမယ်ဆိုရင် ဒီနမ့်ကွတ်အဝင်ပေါ့၊ အဲ့ဒီနားမှာလည်း ဖြစ် တယ်။ နှစ်နေရာ၊ သုံးနေရာလောက်ဖြစ်တာ။ ဒီလမ်းမကြီးပေါ်မှာပေါ့။ မနက် ၁၀ နာရီလောက်ကစဖြစ်တယ်။ ညနေ ၂ နာရီ၊ ၃ နာရီလောက်အထိ ဖြစ်တာပေါ့။ ပြောရမယ်ဆိုရင် ညနေပိုင်းလောက်အထိ ပစ်သံတွေ ကြား နေရတာ။ လမ်းသွားလမ်းလာတွေလည်း ရပ်ထားရတာ ညနေပိုင်းအထိပဲ” ဟု ပြောသည်။

မေလ ၉ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ COVID- 19 ထိန်းချုပ်ရေးကာလအတွင်း ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အကြမ်း ဖက်အဖွဲ့အစည်းများ ရှိနေသည့် နေရာ ဒေသ များမှအပ ကျန်ဒေသများအား မေလ ၁၀ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်ရပ်ကြောင်း ကြေညာ ထားသည်။

ထို့အပြင် TNLA တအာင်း အပါအဝင် MNDAA ကိုးကန့်နှင့် AA ရခိုင်အဖွဲ့များဖြစ်ကြသည့် ညီနောင်စစ်ရေး မဟာမိတ် သုံးဖွဲ့ သည်လည်း မေလ ၃ ရက်န့မှ မေလ ၃၁ ရက်နေ့အထိ တစ်ဘက်သတ်အပစ်ရပ် ကြောင်း ကြေညာထားသည်။

ထို့ကြောင့် နှစ်ဖက်စလုံးအနေဖြင့် ၎င်းတို့ ထုတ်ပြန်ကြေညာထားသည့် အတိုင်း လိုက်နာဆောင်ရွက်ရမည်ဟု ဒေသခံများ က ပြောသည်။

နမ့်ဖက်ကာက အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “အစိုးရတပ်ကလည်း အပစ်ရပ်မယ်လို့ ကြေညာထား တာပဲ၊ တကယ်ဆို အဲ့လိုကြေညာထားတဲ့အတိုင်း ကိုယ့်နေရာမှာ ကိုယ်နေကြမယ်ဆိုရင် ဒီလိုတိုက်ပွဲတွေက ဖြစ်လာစရာ အကြောင်းမရှိဘူးလေနော်။ လူထုက သူတို့ အပစ်ရပ်တယ်လို့ ကြေညာထားတယ်ဆိုရင် သူတို့ အပေါ် ယုံကြည်ချင်တာပေါ့။ အခုက အဲ့လိုမဟုတ်ဘူး။ အပစ်ရပ်တယ်ပြောတယ်။ ထပ်ပစ်ကြတယ်။ အပစ်ရပ် တယ် ပြောလည်း တိုက်ပွဲက ရပ်မသွားဘူး။ အကြိမ်ကြိမ်ပဲ ဆိုတော့ လူထုက သူတို့ကို မယုံတော့ဘူး။ အပစ် ရပ် ခေါင်း စဉ်အောက်မှာ အမြဲ စစ်အင်အားတိုးတာတွေလုပ်တော့ တိုက်ပွဲက မရပ်တော့ဘူး” ဟု ပြောသည်။

COVID-19 ကပ်ရောဂါကြောင့် စိုးရိမ်နေရချိန် ယခုကဲ့သို့ တိုက်ပွဲများ ထပ်မံဖြစ်လာသည့်အတွက် လူထုမှာ စိတ်ဖိစီးမှုများနှင့်အတူ စိုးရိမ်ကြောက်လန့်နေကြသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“ကျနော်တို့ ပြည်သူက COVID-19 ကြောင့် စိတ်ဖိစီးတာမျိုး စိုးရိမ်၊ ကြောက်လန့်တာမျိုး ဖြစ်နေပါတယ်ဆိုမှ အခုလို တိုက်ပွဲတွေ ဖြစ်လာတော့ ပြည်သူအတွက်က ပိုပြီး တာဝန်တွေ ကြီးလာသလိုဖြစ်တာပေါ့။ ဒီကာလမှာ လုပ်ကိုင်ရှာဖွေ စားသောက် ရတာ ခက်ခဲပါတယ်ဆိုမှ တိုက်ပွဲထပ်ဖြစ်တော့ COVID-19 ကပ်ရောဂါ တိုက်ထုတ် ရမယ့် တိုက်ပွဲအပြင် အခု ဒီတိုက်ပွဲပါဆိုတော့ တိုက်ပွဲနှစ်ခုကို ရင်ဆိုင်နေရသလိုမျိုး ဖြစ်စေတာပေါ့။ အခုဖြစ်တဲ့ တိုက်ပွဲကိုကြည့်ရင် အစိုးရတပ်မတော်ကလည်း ပြန်ပြီး စစ်ပွဲအရှိန်မြင့်လာမလားပေါ့။ ပြည်သူကတော့ အဘက် ဘက်က စိုးရိမ်နေရတာပဲ။”

တပ်မတော်မှ အပစ်ရပ်ကြေညာပြီးနောက် မေလ ၁၃ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့အပြင် တပ်မတော်မှ အပစ်ရပ်မကြေညာခင် မေလဆန်း ၄ ရက်နေ့ နှင့် ၅ ရက်နေ့ တုန်းကလည်း မန်တုံမြို့ နယ်နှင့် နမ့်ခမ်းမြို့နယ် အစပ်တို့တွင် နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။