အကြံပေးပုဂ္ဂိုလ်နှင့် ဦးစီးချုပ်တို့အား ကချင်လူငယ်များ တွေ့ခွင့်တောင်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ မေလ ၃၁ ရက်။

ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား တွေ့ ဆုံနိုင်ရန် စီစဉ်ပေးရန် ကချင်လူငယ်ထုလှုပ်ရှားမှု (Kachin Youth Movement) အဖွဲ့ က ပြည်နယ်အစိုးရအား တောင်းဆိုခဲ့သည်။

မေလ ၂၈ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် လူငယ်များတွေ့ဆုံစဉ်က တောင်းဆိုခြင်း ဖြစ်သည်ဟု ကချင်လူငယ်ထုလှုပ်ရှားမှု(Kachin Youth Movement) အဖွဲ့ကပြောသည်။

ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းက လူငယ်အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အ စည်းများ နှင့် ၃ လ (သို့မဟုတ်) ၄ လ တစ်ကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်လည်း တောင်းဆိုခဲ့သည်ဟု ကချင်လူ ငယ်ထု လှုပ်ရှားမှုအဖွဲ့ က ကိုလွမ်းဇောင်း က ပြောသည်။

“ကျနော်တို့ လူငယ်ဘက်ကလည်း ဒီဆွေးနွေးပွဲမှာ ထပ်မံတောင်းဆိုချက်တွေကို တင်ပြခဲ့တယ်။ ကချင်ပြည် နယ်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးပေးရန်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ကချင်ပြည်နယ်ရှိ လူငယ်အဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပေးရန်၊ ဒါတွေအပြင် COVID-19 ပညာပေး ပန်းချီရေးဆွဲသော လူငယ်သုံးယောက်အပေါ်တရားစွဲတဲ့ ကိစ္စရပ်နဲ့ မော်ဖောင်း ကျမ်းစာ သင် စခန်းက လူငယ်ကို တရားစွဲမှုအပေါ် လူကြီးတွေ ပြန်လည် စီစစ်ပေးဖို့ဆွေးနွေးခဲ့ပါတယ်။”

လူငယ်များဘက်မှ တောင်းဆိုတင်ပြထားသည့် အချက်များကို အစိုးရဘက်မှ ပြည့်စုံစွာ ပြန်လည်တုန့်ပြန်မှုများ မရရှိသော်လည်း ယခုကဲ့သို့ တက်ကြွလှုပ်ရှားသည့် လူငယ်များနှင့် အစိုးရတာဝန်ရှိသူများ တွေ့ဆုံမှုရရှိခဲ့ခြင်း သည် ဒီမိုကရေစီစနစ်ကို ပိုမိုပေါ်လွင်စေသည်ဟု ကချင်လူငယ်များက ပြောသည်။

အတိုင်ပင်ခံထံသို့ ကချင်လူငယ်များ တင်ပြမှုအပေ ါ်မူတည်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ကချင်လူငယ်ထု လှုပ်ရှားမှုအဖွဲ့ မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှ ညွှန်ကြားလာသည့်အတွက် မေလ ၂၈ ရက်နေ့က ကချင်ပြည်နယ် အစိုးရရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

နိုင်ငံတော်၏အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ်ခရီးစဉ်များတွင် ကချင်လူငယ်ထု လှုပ်ရှားမှုအဖွဲ့အနေဖြင့် အိတ်ဖွင့်ပေးစာများ ပေးပို့ခဲ့သော်လည်း ပြန်လည်တုန့်ပြန်မှု မရရှိခဲ့ဟု လူငယ်များက ပြောသည်။

နိုင်ငံတော်၏အတိုင်အပင်ခံပုဂ္ဂိုလ်နှင့် တွေ့ဆုံခွင့်ရရှိရေး ၃ ကြိမ်ထက် မနည်းတောင်းဆိုခဲ့ကြောင်း၊ ၂၀၁၉ အောက်တိုဘာလက တွေ့ဆုံခွင့်ရရှိရန် နောက်ဆုံးပေးပို့ ထားခဲ့ရာ ၆ လ ကျော်အကြာမှ NRPC ၏ ညွန်ကြားမှုဖြင့် ပြည်နယ်အစိုးရနှင့် တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

ကိုလွမ်းဇောင်း က “အရင်နှစ်တွေမှာ စစ်ဘေးရှောင်ပြည်သူများ စစ်မြေပြင်မှာ ဒုက္ခရောက်နေတဲ့အချိန် လွတ် မြောက်လာဖို့ တောင်းဆိုကြတဲ့ လူငယ်တွေကို အပြစ်ပေး၊ ဒဏ်ပေးကတည်းက ကျနော်တို့ လူငယ်တွေ ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ကို လာတဲ့အခါ အိတ်ဖွင့်ပေးစာတွေ ပေးပို့ခဲ့တယ်။ သူတို့ဘက်က ထူးထူးခြားခြား ဘာမှ တုန့်ပြန်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ၆ လ လောက်ကြာပြီးတဲ့နောက်မှာပေါ့နော် အခု ဒီ မေလကုန်ပိုင်းလောက်မှာပဲ NRPC က နယ်လုံဝန်ကြီးနဲ့ လူမှုရေးဝန်ကြီးက လူငယ်တွေကို ရှင်းလင်းတင်ပြမယ် ဆိုပြီး ခေါ် လိုက်တာ ဖြစ်တယ်” ဟု ပြောသည်။

ကချင်လူငယ်ထု လှုပ်ရှားမှုအဖွဲ့ ယခင်ပေးခဲ့သည့် အိတ်ဖွင့်ပေးစာများထဲတွင် ကချင်ပြည်နယ်မှ လူငယ်များ နှင့်နိုင်ငံ‌တော်၏အတိုင်ပင်ခံကိုယ်တိုင် ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်ရန် (အခြားတိုင်းဒေကြီးများတွင် ပြုလုပ် သကဲ့သို့ လူငယ်နှင့် ငြိမ်းချမ်းရေးစကားဝိုင်း စသည်ဖြင့်)၊ မူးယစ်ဆေးဝါးပြဿနာ၊ စစ်ရှောင်ပြည်သူများ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လွတ်လပ်စွာရရှိရန်၊ စစ်ရှောင်လူငယ်များ၏ ပညာရေးကို အပြည့်အဝတာဝန်ယူ ထောက်ပံ့ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

ထို့အပြင် ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြတောင်းဆိုကြသည့် ပြည်သူများအပေါ်တရားစွဲဆိုမှုမပြုလုပ်ရန်၊ ကချင်ပြည် နယ်ရှိ လမ်းတံတားများ၊ အထိမ်းအမှတ်အဆောက်အအုံအမည်များကို ဌာနေတိုင်းရင်းသားခေါင်ဆောင်များ၏ အမည်ဖြင့်ခေါ်တွင်စေရန်၊ ကချင်ပြည်နယ်တွင် ဘာသာရေးကို နိုင်ငံရေးအဖြစ်အသုံးပြုကာ ကချင်လူမျိုးတို့၏ ပထဝီဝင်နိုင်ငံရေးနှင့် သမိုင်းယဉ်ကျေးမှုများပျက်သုန်းအောင် စေတီတည်ဆောက်နေမှုများကို တားဆီးပေး ရန်နှင့် ကချင်ပြည်နယ်တွင်းရှိ လူငယ်များ၏ ပညာသင်ယူမှုအခွင့်အလမ်းများကို တိုင်းဒေသကြီးများနည်းတူ မြင့်တင်ပေးပါရန် တောင်းဆိုထားသည်ဟု ကချင်လူငယ်ထု လှုပ်ရှားမှုအဖွဲ့ က ပြောသည်။

“ဒီဆွေးနွေးပွဲရဲ့ အပေါ် ကျနော့်ရဲ့ အမြင်က NLD အစိုးရရဲ့ သက်တမ်း ပြီးဆုံးတော့မှာ ဖြစ်လို့ လူငယ်တွေနဲ့ တွေ့ ဆုံဖို့ နည်းလမ်းရှာတာလည်း ဖြစ်နိုင်တယ်၊ အခုလို လူငယ်တွေကို တန်ဖိုးထားပြီး တွေ့ဆုံတာက ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ မြင်တယ်။ ကချင်ပြည်နယ် ငြိမ်းချမ်းရေး၊ စစ်ရှောင်ပြည်သူတွေအရေးနဲ့ပတ်သက်ပြီး လူငယ်တွေကလည်း အစိုးရနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားမယ်” ဟု ကိုလွမ်းဇောင်း က ပြောသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ က လူငယ်များတောင်းဆိုခဲ့သည့် အချက်များနှင့်ပတ်သက်၍ မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များတွင် အစိုးရလုပ်ဆောင်မှုနှင့် ပြည်သူများအတူပူးပေါင်းရန်၊ စစ်ရှောင်ပြည်သူများအတွက် နေရပ် ပြန်နိုင်ရေးနှင့် ပြန်လည်နေရာချထားရေးဆိုင်ရာကိစ္စရပ်များ နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ၊ ပညာရေး ကိစ္စရပ်များ နှင့် ကချင်ပြည်နယ်သည် အခြားတိုင်းနဲ့ပြည်နယ်များထက် ကျောင်းအဆောက်အဦများ ဆောက်လုပ်ရရှိမှု ပိုများကြောင်း ရှင်းလင်းဖြေကြားခဲ့သည်ဟု သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် အစိုးရဘက်မှ လူမှု‌ရေးဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကချင်လူငယ်ထု လှုပ်ရှားမှုအဖွဲ့ (Kachin Youth Movement)ဘက်မှလည်း လူငယ်စားလှယ် ၇ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။