ရှမ်းမြောက်တွင် မေလအတွင်း တိုက်ပွဲ ၆ ကြိမ် ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁ ရက်။
မေလအတွင်း ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် တပ်မတော်နှင့် တအာင်းတပ်မတော် TNLA တို့အကြား တိုက်ပွဲ (၆) ကြိမ် ဖြစ်ပွားခဲ့သည်ဟု TNLA ကပြောသည်။
မေလ ၃၁ ရက်နေ့ (ယမန်) နေ့ကလည်း မူဆယ်မြို့နယ်၊ နမ့်အွမ်ကျေးရွာအနီး တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့သည် ဟု PSLF/TNLA က ပြောသည်။
တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က “မနေ့က တိုက်ပွဲက နှစ်ကြိမ်ဖြစ် တာပေါ့နော်။ မေလထဲမှာကတော့ ၆ ကြိမ် လောက် ရှိတယ်။ တပ်မတော်က အပစ်ရပ်မကြေညာခင်ရော၊ ကြေညာပြီးတဲ့ နောက်မှာရောပေါ့ ဖြစ်တာက။” ဟု ပြောသည်။
မေလ ၃၁ ရက်နေ့(ယမန်နေ့)က တပ်မတော်မှ မိုင်ဆက် (မည်းဆံက်) ကျေးရွာမှ တဆင့် ၎င်းတို့လှုပ်ရှားရာ ဒေသရှိ နမ့်အွမ်ကျေးရွာ အထက်ဖက်သို့တက်လာသည့်အတွက် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားကြောင်း၊ နမ့်အွမ် ကျေးရွာအနီးရှိ သကြားစက်ရုံနားတွင်လည်း ၁ ကြိမ်ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ပြောသည်။
ထို့အပြင် အဆိုပါ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများသို တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ သည် ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က စွပ်စွဲ ပြောဆိုသည်။
နမ့်အွမ်ကျေးရွာထဲသို့ တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့် အခြေအနေနှင့် ပတ် သက်၍ နမ့်ဖက်ကာက အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ကျနော်ကို ရွာကဖုန်းဆက်လာတယ်။ မနေ့က မနက်ကပေါ့ နမ့်ဖက်ကာဖက်ကနေ လက်နက်ကြီးနဲ့ ပစ် နေတယ်ဆိုပြီး ဖုန်းဆက်လာတာ ရှိပါတယ်။ ဒီမှာတော့ နှစ်ရက်ရှိပြီပေါ့နော်။ ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြား မှာ တနေ့က တိုက်ပွဲဖြစ်တာတစ်ခါ၊ နမ့်ဖက်ကာနဲ့ မူဆယ် ကြားပြောရမလား၊ သကြားစက် ဘက်နားမှာ ဖြစ်တာနဲ့ဆိုရင် ဆက်တိုက်ဖြစ်နေတယ်။ နမ့်ဖက်ကာမှာတော့ မဖြစ်ပါဘူး။ အခုလိုမျိုး တိုက်ပွဲတွေ ပြန်ဖြစ် လာတော့ လူထုကတော့ စိတ်ပူတာပေါ့။ ကျနော် မနေ့က ပြောသလိုပဲ ရောဂါကိုလည်း ကြောက်ရတယ်။ တိုက်ပွဲကိုလည်း ကြောက်ရတယ်။ အဲ့လိုဖြစ်နေပါတယ်”
မေလ ၂၉ ရက်နေ့ကလည်း ကွတ်ခိုင်-နမ့်ဖက်ကာ ကြားရှိ နမ့်ကွတ်ကျေးရွာအနီးတလျှောက် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး TNLA ဘက်မှ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်။ အဆိုပါတိုက်ပွဲကြောင့် ကွတ်ခိုင်-မူဆယ် လမ်းပိုင်းတွင် ခရီးသွားလာမှုများ ယာယီပိတ်ထားခဲ့ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။
မေလ ၃၁ ရက်နေ့က ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက “ရှမ်းမြောက်မှာ ဟိုနေ့က ခြုံခိုပြီးတော့ တိုက်တယ်လို့ မနေ့က သတင်းရပါတယ်။ သတင်း ရတော့ Ceasefire ကြေညာထားတဲ့အပေါ်မှာ အခွင့်ကောင်း ယူပြီးတော့ ဒါမျိုးတွေက မလုပ်သင့်ဘူးလို့ ကျနော်တို့ မြင်တယ်။ ကျနော်တို့ ဆွေးနွေးမယ်ဆိုရင်လည်း ကျနော်တို့ ငြိမ်းချမ်းရေး ကော်မရှင် NRPC ဘက်က လမ်းဖွင့်ပြီးတော့ တောက်လျှောက်မေးနေတယ်” ဟု ပြောသည်။
“အဲ့တော့ စစ်မီးတွေ မတောက်လောင်အောင် ဘယ်လိုလုပ်မလဲဆိုတော့ အဓိကတော့ လက်နက်ကိုင် ပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးညှိနှိုင်း ဖြေရှင်းဖို့ပဲ ရှိတယ်။ အဲ့ဒီအပေါ်အစိုးရကလည်း ဖိတ်ခေါ် ထားပြီးပြီ။ ဒါကိုမှ ဒီဖိတ်ခေါ်ထားတဲ့အတိုင်း မလုပ်ပဲနဲ့ ဒီလိုမျိုး တိုက်ပွဲတွေကြီးပဲ လုပ်နေရင်တော့ တဖက် တည်းက ကျနော်တု့ိ ရပ်လို့မရဘူး။ အခုရပ်ထားတာ တစ်ဖက်က ရပ်ထားတယ်။ တစ်ဖက်က မရပ်ရင်တော့ အဲ့ဒီတိုက်ပွဲတွေက ဆက်ဖြစ်နေမှာပဲ။”
ယခုတိုက်ပွဲဖြစ်ပွားသည့်ကာလမှာ တပ်မတော်ရော၊ TNLA တအာင်း အပါအဝင် MNDAA ကိုးကန့်နှင့် AA ရခိုင်တို့ပါဝင်သည့် ညီနောင်စစ်ရေး မဟာမိတ် သုံးဖွဲ့ သည်လည်း အပစ်ရပ်ကြေညာထားသည့် ကာလ ဖြစ် သည်။
ထို့ကြောင့် နှစ်ဖက်စလုံးအနေဖြင့် ၎င်းတို့ ထုတ်ပြန်ကြေညာထားသည့် အတိုင်း လိုက်နာဆောင်ရွက် ရ မည်ဟု ဒေသခံများ နှင့် သမ္မတရုံး ပြောခွင့်ရ က ပြောသည်။
ရှမ်းမြောက်ဒေသတွင် အပစ်ရပ်ကာလအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရသည့် အကြောင်းအရင်းမှာ တပ်မတော်ဘက် အပစ်ရပ်ကြေညာထားသော်လည်း ထိုးစစ်များ ရပ်တန့်ခြင်း မရှိ သောကြောင့် ဖြစ်သည် ဟု ဗိုလ်မှူးမိုင်းအိုက်ကျော်က ဆက်ပြောသည်။
“သူတို့ပြောတယ် အပစ်ရပ်လို့သာ ပြောတယ်။ ကြေညာတယ်၊ မီဒီယာပေါ်မှာပြောတယ်။ ဒါပေမယ့် မြေ ပြင်မှာတော့ တပ်ဘက်က လှုပ်ရှားမှု ထိုးစစ်ကတော့ ဘာမှ ပြောင်းလဲမှု မရှိဘူး။ အဲ့လိုမျိုး ပြောင်းလဲမှု မရှိရင်တာ့ တိုက်ပွဲက မလွှဲမရှောင်သာ ဖြစ်တာပေါ့နော်။ အဓိကတော့ ဒီလိုကြေညာရင် ကြေညာတဲ့ အတိုင်း တိုက်ပွဲမဖြစ်အောင် ဘယ်လိုရှောင်ရမလဲ။ ဒီထိုးစစ်တွေ လျှော့ဖို့တော့လိုတယ်။ ထိုးစစ်လျှော့လို့ ရှိရင် ဖြစ်စရာ မရှိဘူး။ ကျနော်တို့လည်း ကြေညာထားတယ်။ ကျနော်တို့ကလည်း သွားတိုက်တာ တစ်ခုမှ မရှိဘူး။ ဒီလိုပဲ တပ်ဘက်က ထိုးစစ်တက်လာတော့ ကျနော်တို့ဘက်က ခံပစ်တယ်။ ပစ်ပြီးရင် ပြန်ရှောင် ပေးတယ်။ သူတို့လှုပ်ရှားရင် ကျနော်တို့လည်း လှုပ်ရှားရတယ်။ အဲ့လိုမျိုးပေါ့နော်။”
တပ်မတော်မှ အပစ်ရပ်ကြေညာပြီးနောက် မေလ ၁၃ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်အတွင်း တပ်မတော်နှင့် TNLA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်မှ အပစ်ရပ်မကြေညာခင် မေလဆန်း ၄ ရက်နေ့ နှင့် ၅ ရက်နေ့ တုန်းကလည်း မန်တုံမြို့ နယ်နှင့် နမ့်ခမ်းမြို့နယ် အစပ်တို့တွင် နှစ်ဖက် တိုက်ပွဲ များ ဖြစ်ပွားခဲ့သည်။