ရှမ်းမြောက်တွင် ယခုနှစ်အတွင်း ဖမ်းဆီးခံရသူ အရပ်သား ၃၀ ကျော်ပြီ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂ ရက်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယခုနှစ်တွင်း ဒေသခံပြည်သူ ၃၀ ကျော်ခန့် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်းများကို ခံနေရသည်ဟု တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က ပြောသည်။

တပ်မတော်အပါအဝင် ဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့များမှ ဒေသခံပြည်သူများကို ဖမ်းဆီးခေါ်ဆောင်ခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေပြီး ဖမ်းဆီးခံရသူများထဲတွင် ကလေးငယ်များနှင့် အမျိုးသမီးများပါ ပါဝင်နေသည်ဟု TWO က ပြောသည်။

TWO ပြောရေးဆိုခွင့်ရှိသူ လွေးချိဆငါး က “ကျမတို့သိရသလောက် ၇ တန်းကျောင်းသားတော့ ပြန်လွှတ်လာတယ်။ ဒါပေမယ့် ကျန်တဲ့လူတွေက ပြန်မလွှတ်သေးဘူး။ ၂၈ ရက်နေ့က ထုတ်တဲ့ဟာက ၆ ယောက်၊ နောက်ထပ် ၂၉ ရက်နေ့ကတော့ ၂ ယောက်၊ ကျောင်း သား တစ် ယောက်ရယ်၊ ရွာသားတစ်ယောက်ရယ်ပေါ့။ အားလုံးပေါင်း ၈ ယောက်။ ၈ ယောက်ထဲမှာ ကျောင်းသားက ပြန်လွှတ်လာတယ်။ ကျန်တဲ့လူတွေက ကျမတို့ ဒီမနက်အထိရတဲ့ သတင်းအရဆိုရင်တော့ ပြန်မလွှတ်လာ သေးဘူး” ဟု ပြောသည်။

နှစ်ဆန်းမှ ယခုအချိန်အထိ တပ်မတော်နှင့် တိုင်းင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်ခံရသော အရပ်သား ၃၀ ကျော်သွားပြီဟု TWO ကပြောသည်။

“အများစု ဖမ်းခံရတာက ဒီယောက်ကျားလေးတွေဖြစ်တယ်။ မိန်းကလေးတွေဆိုရင် အနည်းအကျဉ်း ပါတဲ့ဟာ တွေ ရှိတယ်၊ ကလေးတွေဆိုရင် တစ်ယောက်စနှစ်ယောက်စပါလာတဲ့ အနေအထားတွေလည်း ရှိတယ်။ မေ လထဲမှာပဲ ပြောရမယ်ဆိုရင်တော့ အခုဒီ ကွတ်ခိုင်၊ မူဆယ်မှာပဲ ဖြစ်တာပေါ့။ တခြားဟာတွေကတော့ ရှိတယ်။ တစ်ခုလုံးခြုံကြည့်မယ် ဇန်နဝါရီလကနေ ခြုံကြည့်မယ်ဆိုရင်တော့ မကြာခဏဖြစ်တယ်။ တိုင်းရင်း သားဘက်ရော၊ တပ်မတော်ဘက်ကရော ပြောမယ်ဆိုရင် တော့ လူဦးရေက ၃၀ ကျော်လောက်ရှိမယ်။ အများစုကတော့ တပ်မတော်က ဖမ်းတာများတယ်။”

ယခုရက်ပိုင်းဖမ်းဆီးခံရသူများထဲတွင် မူဆယ်-၁၀၅ မိုင် အနီးရှိ နမ်းဟွယ် ဆိုသည့် ကျေးရွာမှ အုပ်ချုပ်ရေးမှူး အပါအဝင် ဒေသခံပြည်သူ ၆ ဦး နှင့် မူဆယ်မြို့နယ် ရွှေမိုင်းယု ဆီပန့်ဆိုင်မှ ၂ ဦး ပါဝင် သည်။

တပ်မတော်က ရှမ်းမြောက်ရှိ ဒေသခံရွာသားများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပတ်သက် ဆက် နွယ်မှုရှိသည် ဆိုသည့် စွပ်စွဲချက်များဖြင့် ဖမ်းဆီးခေါ်ဆောင်ခြင်းများနှင့် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင် သွား ခြင်းတို့ ဖြစ်သည်ဟု သိရသည်။

မေလ ၂၇ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် နမ္မတူ မြို့နယ်၊ မန်လီကျေးရွာသား ၆ ဦးကတော့ နောက်တစ်ရက်မှာပဲ ပြန်လည်လွှတ်မြောက်လာခဲ့သည်ဟု မိသားစု ဝင် တစ်ဦး က ပြောသည်။

“ပြောရမယ်ဆိုရင် လုံခြုံရေးအတွက်ကလည်း ရှိတာပေါ့နော်။ ရပ်ရွာမှာနေတယ်။ ပြီးရင် ဘာ အဖွဲ့အစည်းမှ လည်း မဟုတ်ဘူးဆိုတော့ တိုင်းသူပြည်သားက ဘယ်ဘက်က မဲမဲ ပေါက်မှာပဲ။ သူက ဖက်ရွက်ကိုး။ ဘယ်ဘက် က ဆူးဆူးပေါက်မှာပဲ။ အခုဖြေဖို့တောင် အခက်အခဲရှိတယ်လေနော်။ သစ်သွားခုတ်တာပေါ့ အဲ့မှာ ဖမ်းသွား တာ။ ရိုက်တော့ မရိုက်ပါဘူး။ တစ်ရက်နဲ့ တစ်ညပေါ့။ အိမ်လုပ်ဖို့ သစ်သွားခုတ်တာ။ အဲ့ဒါ သစ်လုပ်တဲ့လူထင်ပြီး ဖမ်းသွားတာပါ။ အကုန်လုံးပြန်လွှတ်လာပြီ။”

ထို့အပြင် မေလ ၂၈ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ စွမ်စော်ရပ်ကွက်မှ ဒေသခံတောင်သူ နှစ်ဦးကို တပ်မ တော် ဖမ်ဆီးခေါ်ဆောင်သွားသည့်အတွက် စိုးရိမ်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ တောင်သူ နှစ်ဦးကို လမ်းပြအဖြစ်ခေါ်ဆောင်သွားပြီးနောက် ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ ရှမ်းပြည်နယ် မြောက်ပိုင်း က ဒေသခံပြည်သူများအား တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် များက ဖမ်းဆီးမှုများ ပြုလုပ်နေသည့်အပေါ် လွေးချိဆငါး က “ကျမတို့အနေနဲ့ဆို ဒီဖမ်းဆီးနေတာနဲ့ ပတ်သတ် ပြီးတော့မှ ဒါကတော့ မတရားဘူးလို့ပြောလို့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ဖမ်းတဲ့ လူတိုင်းက လုံး၀ တိုင်း ရင်းသား လက်နက်ကိုင်တွေနဲ့ ကင်းစင်နေတဲ့ လူဖြစ်တယ်၊ ရွာသားစစ်စစ်တွေဖြစ်တယ်၊ ပြီးတော့ အုပ်ချုပ်ရေး မှူးတို့ တကယ့်ကို ကျေးရွာမှာတာဝန်ရှိတဲ့ လူတွေကို ဖမ်းဆီးနေတဲ့ အပေါ်မှာက ဒါကတော့ မတရားဘူး။ ပြောရမယ် ဆိုရင်တော့ အပြစ်မရှိတဲ့ ဒေသခံတွေကိုဦးတည် ပြီးတော့ တိုက်ခိုက်တဲ့ ပုံစံမျိုးကိုမြင်တယ်” ဟု ပြောသည်။

မေလအတွင်း ရှမ်းမြောက်ဒေသရှိ မူဆယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများ၊ လက်နက်များ ဖမ်းဆီးရမိ သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး က ထုတ်ပြန်ထားသည်။

ထို့သို့ ထုတ်ပြန်ပြီးနောက် တပ်မတော်က အဆိုပါ ကျေးရွာများအတွင်း ဝင်ရောက်စစ်ဆေး ရှာဖွေမှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

ယခုရက်ပိုင်း ဖမ်းဆီးရမိသည့် ပစ္စည်းများနှင့် ပတ်သက်၍ တာဝန်အရ လုပ်ဆောင်ရန် လိုအပ်ပါက ကန့်ကွက် စရာ မရှိသော်လည်း ပစ္စည်းနှင့် မသက်ဆိုင်သည့် အုပ်ချုပ်ရေးမှူးအပါအဝင် ရွာသားများကို အမြန်ဆုံး ပြန် လွှတ်ပေးရန် မူဆယ် တအာင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ တအာင်းအမျိုးသားပါတီ၊ ကျေးရွာလူငယ်များ၊ ကျေး ရွာမှ ရပ်မိရပ်ဖများက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဖမ်းဆီးထားသော တပ်ဖွဲ့များထံ တောင်းဆိုထား သည် ဟု ဒေသခံများက ပြောသည်။