တိုင်းရင်းသား ဝိသေသ အမည်များ ထည့်သွင်းရန် မွန်ပြည်နယ် အစိုးရ တိုက်တွန်း

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၃ ရက်။

မွန်ပြည်နယ်အတွင်း နေထိုင်နေကြသည့် တိုင်းရင်းသားလူများ၏ အမည်နာမရှေ့ တွင် သက်ဆိုင်ရာ လူမျိုး ဝိသေသ အမည်များ ထည့်သွင်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့က စာထုတ်ပြီး တိုက်တွန်းနှိုးဆော် လိုက်သည်။

မွန်ပြည်နယ်အစိုးရ၏ ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်ထားသည့် အဆိုပါ တိုက်တွန်းနှိုးဆော်စာထဲတွင် ပြည် နယ်အတွင်း နေထိုင်နေကြသော တိုင်းရင်းသားလူမျိုး မိဘများမှ မိမိတို့ သား/သမီးတို့၏ မွေးစာရင်း၊ သန်း ခေါင်စာရင်းသွင်းချိန်နှင့် ကျောင်းအပ်နံှချိန်တို့တွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့ တွင် ပါရှိသော ရှေ့ ဆောင်စကားလုံးများ (ဥပမာ-မင်း၊ မိ၊ နိုင်၊ စော၊ နော်၊ နန်း၊ ခွန် စသဖြင့်) ထည့်သွင်း မှတ်တမ်းတင် ရေးသွင်း ကြရန်ပါ ရှိသည်။

ပြည်နယ်အစိုးရအဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်ကို မွန်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့မှ ဆက်လက် တိုက်တွန်း နှိုးဆော်သွားမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ က ပြောသည်။

မွန်စာပေနှင့် ယဉ်ကျေး မှုကော်မတီ အတွင်းရေးမှူး နိုင်မန်ရာဇာ က “ပြီးခဲ့တာတွေက ကျနော်တို့က အစပေါ့ နော် ကျောင်းတက်တော့ နာမည်ရှေ့ မှာ “မင်း” ထည့်ခဲ့ပေမယ့် မောင်ပဲ ထွက်လာတယ်၊ အသက်ကြီးလာတော့ “နိုင်” ထည့်တာပေါ့။ “နိုင်”ရှေ့ မှာ “ဦး” အထည့်ခံရပြန်တယ်၊ အဲလိုမျိုး ဦးတို့ ဒေါ်တို့ ထည့်လိုက်ခြင်းအားဖြင့် လူမျိုးဝိသေသလက္ခဏာက ပျောက်ပျက်သွားပါတယ်။ အဲလိုမျိုးနဲ့ ကျနော်တို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေ အများကြီးဆုံးရှုံးခဲ့ရတယ်” ဟု ပြောသည်။

တိုင်းရင်းသားလူမျိုးများသည် ၎င်းတို့၏အမည်နာမရှေ့ တွင် လူမျိုးဝိသေသလက္ခဏာဖြစ်သည့် ဗမာလူမျိုးဆို လျှင် အမည်နာမရှေ့ တွင် ဦး၊ မောင်၊ ဒေါ်၊ မ၊ ကရင်ဆိုလျှင် နော်၊ နန်း၊ စော၊ မန်း၊ မွန်ဆိုလျှင် မင်း၊ နိုင်၊ မိ၊ ပအိုဝ်း ဆိုလျှင် ခွန်၊ နန်း အစရှိသည့် လူမျိုးဝိသေသလက္ခဏာများတပ်ပြီး ခေါ်ဝေါ်သုံးစွဲကြလေ့ရှိသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး စောအောင်မြင့်ခိုင်ကလည်း ကျောင်းအပ်နှံရာ၌ မိမိတို့ သား/သမီး အမည်ရှေ့ တွင် ကရင်တိုင်းရင်းသားများ၏ အမှတ်လက္ခဏာဖြစ်သော စော၊ နန်း၊ နော် ထည့် သွင်းအပ်နှံကြရန် မွန်ပြည်နယ်အတွင်းရှိ ကရင်တိုင်းရင်းသားများအား တိုက်တွန်းနှိုးဆော်ထားသည်။

တိုင်းရင်းသားလူမျိုးများသည် အမည်နာရှေ့ တွင် သက်ဆိုင်ရာ မျိုးနွယ်စုတို့၏ လူမျိုးဝိသေသလက္ခဏာများကို သာ ထည့်သွင်းဖော်ပြပေးရန် ဆန္ဒရှိသော်လည်း သန်းခေါင်စာရင်း၊ မှတ်ပုံတင်များ ပြုလုပ်သည့်အခါတွင် ၎င်းတို့၏ အမည်နာမရှေ့ တွင် ဦး၊ မောင်၊ ဒေါ်၊ မ တို့ကိုသာ ထည့်သွင်းခံရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင် က “တိုင်းရင်းသားတွေက ပအိုဝ်းဆိုရင် လည်း ပအိုဝ်း/ဗုဒ္ဓ ကရင်ဆိုရင် ကရင်/ဗုဒ္ဓ အဲလိုထည့်ချင်တယ်။ ဒါတွေကို တောင်းဆိုကြတာပေါ့။ တိုင်းရင်း သားတွေ သူတို့ရဲ့ ဝိဒေသလက္ခဏာဖြစ်တဲ့ ကရင်ဆိုရင် စော၊ နန်း သို့မဟုတ် နော် ပအိုဝ်းဆိုရင် ခွန်၊ နန်း ထည့် ချင်တယ်” ဟု ပြောသည်။

တိုင်းရင်းသားလူများ၏ အမည်နာမရှေ့ တွင် လူမျိုး ဝိသေသလက္ခဏာများ ထည့်သွင်းရန် အစိုးရအဖွဲ့က စာ ထုတ်ပြီး တိုက်တွန်းနှိုးဆော်ထားသည့်အတွက် သက်ဆိုင်ရာ တိုင်းရင်းသားများနှင့် မိဘများ မိမိတို့၏ အခွင့် အရေးအတွက် ကိုယ့်လူမျိုး၏ အမှတ်လက္ခဏာများကို ထည့်သွင်းရန်လိုအပ်သလို အစိုးရတာဝန်ရှိသူ များက လည်း မှန်ကန်စွာ ထည့်ပေးရန် လိုအပ်သည် ဟု နိုင်မန်ရာဇာ က ဆက်ပြောသည်။

“အဲလိုမျိုး ကိုယ့်အမည်ရှေ့ မှာ ကိုယ့်လူမျိုးအမှတ်လက္ခဏာ ထည့်ခွင့်ရဖို့ကိုလည်း တိုင်းရင်းသားတွေက တောင်းဆိုခဲ့ကြတာတွေလည်း ရှိခဲ့တယ်၊ အခု အဲအခွင့်အရေးတွေ ရရှိလာပြီ။ ဒါကြောင့် မိဘတွေအနေနဲ့ မွေးစာရင်းလုပ်တဲ့အခါမှာ ကိုယ့်သား/သမီး အမည်ရှေ့ မှာ ကိုယ့်လူမျိုးအမှတ်လက္ခဏာ ဖြစ်တဲ့ မင်း၊ မိ တို့ကို ထည့်ကြပါ၊ နောက်တစ်ခုက တချို့ မိဘတွေက အဲလိုလုပ်ရမှန်း မသိတာတွေလည်း ရှိတော့ မွေးစာရင်း ထည့် ပေးတဲ့ တာဝန်ရှိသူတွေကလည်း မှန်မှန်ကန်ကန်ထည့်ပေးကြဖို့လည်း လိုပါတယ်”

ဒုတိအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပခဲ့စဉ်ကလည်း တိုင်းရင်းသား လူမျိုးများ၏ စရိုက်လက္ခဏာများ မပျောက်ပျက်အောင် သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသား စိစစ်ရေးကဒ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာတို့တွင် လူမျိုးနှင့် သက်ဆိုင်သည့် အခေါ်အဝေါ်များ ထည့်သွင်း ရေးသား ဖော်ပြပေးရန် အစီအစဉ်ရှိ မရှိနှင့် ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြခံရသူများအား ပြန် လည်ပြင်ဆင်ဖော်ပြပေးရန် အစီအစဉ်ရှိ မရှိဆိုသည်ကို သထုံမြို့ နယ်၊ မဲဆန္ဒနယ် အမှတ် (၁) ပြည်နယ် လွှတ် တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က မေးခွန်းမေးခဲ့ဖူးသည်။

အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး တိုင်းရင်းသားလူမျိုးတို့၏ မွေးစာရင်း၊ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အစရှိသည့် မှတ်တမ်းမှတ်ရာတို့တွင် ၎င်းတို့၏ နာမဝိသေသလက္ခဏာများ ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ယခင်က မှားယွင်းစွာ ထည့်သွင်းဖော်ပြခံရသူများအတွက်လည်း ပြန်လည် ပြင်ဆင်ပေးလျက်ရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင် က ဖြေကြားခဲ့သည်။