COVID-19 ကြောင့် စစ်ရှောင်များ ကျောင်းစားရိတ် အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၃ ရက်။
COVID-19 ကာလအတွင်း ဝင်ငွေမရှိသည့်အတွက် ကျောင်းပြန်လည် ဖွင့်လှစ်မည် ဆိုပါက ကျောင်းစရိတ်အတွက် အခက်အခဲများရှိနေသည် ဟု ကချင်စစ်ဘေးရှောင်များ က ပြောသည်။
COVID-19 ကာလအတွင်း အစိုးရက အထက်တန်းကျောင်းများကို လာမည့်ဇူလိုင်လအတွင်း ပြန်လည်ဖွင့်မည်ဟု ကြေညာထားသော်လည်း စစ်ဘေးရှောင်များ အနေဖြင့် ပြင်ပသို့ အလုပ်ထွက်လုပ်ပိုင်ခွင့် မရှိခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်းတို့ကြောင့် ဝင်ငွေမရှိသည့်အတွက် ၎င်းတို့၏ ကလေးများကို ကျောင်းထားရန် အခက်အခဲရှိနေသည် ဟု စစ်ရှောင်များက ပြောသည်။
ဝိုင်းမော်မြို့နယ်၊ မိုင်းနား KBC စစ်ရှောင်စခန်းက မလဖိုင်ဘောက်နန်က “ကျောင်းဖွင့်လာတဲ့ အခါကျတော့ ဒီ ကျောင်းစရိတ်တွေ မပံ့ပိုးနိုင်မှာကို စိုးတယ်ပေါ့နော်။ မိဘအနေနဲ့ အဲ့လိုစိုးရိမ်မှုတွေ ရှိတယ်။ အပြင်မှာ ထွက် ပြီးမှ အလုပ်အကိုင်တွေ လုပ်ဖို့အခွင့်အလမ်းတွေလည်း မရှိဘူး၊ အခက်အခဲတွေရှိနေတဲ့ အခါကျတော့ ဒီ ကလေးတွေရဲ့ ကျောင်းစရိတ်ပေါ့နော် ပြီးလို့ရှင် ဒီယူနီဖောင်းတွေပေါ့။ အဲလိုမျိုးတွေ ကလေးများလို့ရှိရင် ပိုပြီး တော့မှ စိုးရိမ်တယ် ပေါ့နော်” ဟု ပြောသည်။
လက်ရှိ ကချင်ပြည်နယ်တွင် စစ်ဘေးရှောင်စခန်း ၂၀ ကျော်ခန့်ရှိနေပြီး ကျောင်းပြန်လည်ဖွင့်လှစ်မည်ဆိုပါက အဆိုပါ စစ်ရှောင်စခန်းများရှိ စစ်ဘေးရှောင် ကလေးများမှာ ကျောင်းတက်ရန် ငွေရေးကြေးရေး အခက်အခဲအပြင် ကျောင်းအသုံးအဆောင် ပစ္စည်းများဖြစ်သည့် ကျောင်းဝတ်စုံ၊ လွယ်အိတ်၊ ဖိနပ်၊ ထီး၊ မိုးကာ စသည် များ လိုအပ် နေသည် ဟု စစ်ဘေးရှောင်များ က ပြောသည်။
မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင်း ရပ်ကွက်ရှိ စိန်ပေါလ် စစ်ရှောင်စခန်းတာဝန်ခံ ဒေါ်ရွယ်ဂျာက “အများပိုင်းကတော့ ဒီအထက်တန်းရောက်လာပြီဆိုရင်တော့ Camp မှာ ထားဖို့က သူတို့ကလေးတွေ အတွက် စာကြည့်ဖို့ အခက် အခဲ တွေရှိတဲ့ အခါကျတော့ အများပိုင်းက အဆောင်တွေပို့ကြတယ်။ တချို့မိဘတွေက အဆောင်ပို့ဖို့ ပိုက်ဆံ မရှိဘူးပေါ့နော်။ တချို့ကလေးတွေဒီမှာ နေရင်းနဲ့ဖြစ်သလိုဖြေခဲ့တဲ့ ဥစ္စာတွေလည်းရှိတော့ ရှိတယ်။ ဒါပေမယ့် လည်း ဒီမှာကျတော့ စာကျက်ဖို့ အများကြီး ခက်ခဲတယ်ပေါ့နော်။ သူတို့ရဲ့အခန်းမှာ ကျက်မယ်ဆိုရင်လည်း ဟို ဘေးက ဆူညံသံတွေနဲ့ဆိုရင် သူတို့အာရုံလာမှာ မဟုတ်ဘူး။” ဟု ပြောသည်။
ယခင် နှစ်များက စစ်ဘေးရှောင် ကလေးများ၏ ကျောင်းစရိတ်များကို ပရဟိတ အဖွဲ့အချို့က အနည်းငယ် ကူညီမှုများ ရှိသော်လည်း ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ကူညီမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မကြား သိရသေးဘူး ဟု လည်း စစ်ဘေးရှောင်များက ဆိုသည်။
စစ်ဘေးရှောင်များအနေဖြင့် မူလကတည်းက ခက်ခဲမှုများစွာ ရှိနေသည့် အနေအထားတွင် COVID-19 ရောဂါ ဖြစ်လာသည့်အတွက် သွားရေးလာရေးအပြင် နေထိုင်စားသောက်ရေးကအစ ယခင်ကထက် ပို၍ အခက်အခဲ များစွာ ကြုံနေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုင်းနားစစ်ရှောင်စခန်း (KBC) က ဦးနူးဆောင်ကလည်း ကလေးများ၏ ကျောင်း ပညာရေးနှင့် ပတ်သက်၍ ၎င်း၏ စိုးရိမ်ချက်ကို ယခုကဲ့သို့ ပြောသည်။
“ပညာရေးဘက်မှာလည်း ကျနော်တို့ IDPs စစ်ရှောင်ကလေးတွေက ပိုပြီးနိမ့်တော့မှာ မထား နိုင်တော့ဘူး။ မလုပ်နိုင်တော့ဘူး။ ဆိုရင် ဒီအပြင် ဒေသခံတွေနဲ့တော့ ကျနော်တို့က လုံးဝမတူဘူး၊ မတူဘူး ဆိုတာ သူတို့က လုပ်ကိုင်စားသောက်မယ့် နေရာရှိတယ်၊ အခုလိုမျိုး COVID ရောဂါကြောင့် ဆိုပေမယ့်လည်း သူတို့ တဖက်တလမ်းကနေ လုပ်လို့ရမယ့် အပိုင်းတွေ အများကြီးရှိတယ်။ အခုကျနော်တို့ကြတော့ လယ်ယာ မြေယာတွေလည်း မရှိဘူး။ ကိုယ်ကဒါပဲ လုပ်ကိုင်စား သောက်လာတယ် အတတ်ပညာက ဒါပဲရှိတယ်။ အဲဒါနဲ့ တော့ အဆင်မပြေတော့ဘူး” ဟု ပြောသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းများအား ဧပြီလ ကတည်းက စတင်ပြီး အပြင်မထွက်ရ-သွားလာခွင့်ကန့်သတ်ခြင်း (Lock down)များပြုလုပ်ခဲ့သည့်အတွက် စစ်ရှောင်များမှာ စားဝတ်နေရေး အခက်အခဲရှိလာနေကြခြင်း ဖြစ်သည်။
ကပ်ဘေးကာလ ကြာမြင့်လာသည်နှင့်အမျှ ပိုမိုခက်ခဲလာနေသည်ဟုလည်း စစ်ရှောင်များက ပြောသည်။
ယခုကဲ့သို့ အနေအထားမျိုးတွင် စစ်ဘေးရှောင် စခန်းရှိ ကလေးများ၏ အနာဂတ်အတွက် နစ်နာမှုများစွာ ရှိလာ နိုင်သည့်အပြင် ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် ရှုံးဆုံးမှု အမျိုးမျိုးကို ကြုံရနိုင်သည်ဟု စစ်ဘေးရှောင်များက ဆိုသည်။