ကပ်ရောဂါကြောင့် တရုတ်နယ်စပ် ငှက်ပျောနှင့် ဖရဲခြံလုပ်သားများ အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်။
ကိုရိုနာဗိုင်းရပ် ကပ်ရောဂါကြောင့် နယ်စပ်ပိတ်ထားသည့်အတွက် ကချင်လွတ်လပ်ရေးအဖွ့ဲ KIO ထိန်းချုပ်နယ်မြေအတွင်းက တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ဖရဲသီးနှင့် ငှက်ပျောခြံ ပိုင်ရှင်များ၊ အလုပ်သမားများ စားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု အလုပ်သမားများ က ပြောသည်။
ငှက်ပျောနှင့် ဖရဲ ခြံစိုက်အလုပ်သမားများ၊ ခြံပိုင်ရှင်များအနေဖြင့် အပင် စတင်စိုက်ပျိုးသည့် ရာသီတွင် အခက်အခဲများမရှိခဲ့သော်လည်း ယခုကဲ့သို့ သစ်သီးများမှည့်ချိန်၊ ခူးရန်အချိန်ရောက်လာသော်လည်း နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အတွက် အခက်အခဲဖြစ်နေရသည်ဟု ပြောသည်။
မိုင်ဆပ်ပါကျေးရွာက ငှက်ပျောခြံစောင့် နန်းဖြူ က “ဒီလို သဘာဝဘေးကြီးဖြစ်လာတော့လည်း မတတ်နိုင် ဘူးလေ။ လမ်းတွေကပိတ်ထား၊ ကားတွေကလည်းမဝင်နိုင်၊ အဲတော့ အချိန်တွေလွန်ပြီး အသီးတွေက မှည့် ကုန်တော့တာပေါ့။ လောပန်းလည်း ရှုံး၊ ကိုယ်လည်းရှုံးပဲ။” ဟု ပြောသည်။ “နောက်နှစ် ဆယ်တန်းတက်ရမယ့် သမီးလေး အတွက် ကျောင်းစရိတ်တောင် ဘယ်လိုရှာရမယ်ဆိုတာ မသိတော့ဘူူး” ဟု နန်းဖြူက ပြောသည်။
သစ်သီးများမှည့်၍ သစ်သီးခူးရန် အချိန်ရောက်လာပြီဖြစ်သော်လည်း ဝယ်ယူမည့် သူဌေးများမရှိသလို နယ်စပ်ဂိတ်များကလည်း ပိတ်ထားသည့်အတွက် သစ်သီးများ အချိန်လွန်ကာ ပျက်ဆီး ကုန်ပြီဟုလည်း အလုပ်သမားများက ပြောသည်။
ငှက်ပျောနှင့် ဖရဲသီးများကို ဈေးကွက်အတွင်း အချိန်မှီမတင်ပို့နိုင်ခြင်းကြောင့် ယခင် ခူးထားသည့် အသီး များအပြင် စိုက်ခင်းများ အားလုံးပါ ပျက်စီးသွားပြီ ဟု ပြောသည်။
မိုးကောင်းမြို့နယ်၊ ညောင်ရွှေကျေးရွာကနေ မိသားစုလိုက် ဖရဲခြံတွင် အလုပ်လာလုပ်သူ ဒေါ်မီမီအောင် က “အခုလောလောဆယ်မှာတော့ စားဝတ်နေရေးကို ဘယ်လိုမှဖြေရှင်းလို့မရတဲ့ အခြေနေမျိုးမှာ ဖြစ်နေပါ တယ်။ အခုကျမတို့ဆီမှာ အရင်က တစ်ရက်ကို ကျပ် (၁၂၀၀၀) ရတယ်။ အခု ဖရဲခင်းကလည်း ပြီးသွားပြီ။ ဖရဲခြံမှာလည်း ဘာအလုပ်မှလည်း မရှိတော့ဘူး” ဟု ပြောသည်။
ထို့ကြောင့် ယခုအချိန်တွင် ငှက်ပျော်ခြံအလုပ်သမားများမှာ ကြုံရာအလုပ် ရရာအလုပ် လုပ်နေကြရသည်ဟု ဒေါ်မီမီအောင် က ပြောသည်။
“တခါတလေ ငှက်ပျောကားတွေ ဝင်လာလို့ရှိရင် ငှက်ပျော ထမ်းသွားကြပါတယ်။ ငှက်ပျောထမ်း ဆိုတာကလည်း ကျမတို့မိန်းမသားတွေ ငှက်ပျောအဖီး၊ ငှက်ပျောအခိုင်တွေ တအားကြီးတော့ ကျမတို့အနေနဲ့ အထမ်းတွေ မထမ်းနိုင်ကြဘူး။ ငှက်ပျောအပိုး ချပေး တာတို့ အဲ့လိုမျိုး အထမ်းချပေးတာတို့ပဲ လုပ်နိုင်တယ်။ အထမ်းချတယ်ဆိုတာလည်း သူများ အထမ်း ၂၀ လောက်ရမှ ၆၀၀၀ လောက်ပေးတယ်။ အဲ့ငွေနဲ့ဝယ်စားလိုက်နေလိုက်နဲ့ အခုလိုမျိုးရပ်တည်နေရတာ” ဟု ပြောသည်။
ကေအိုင်အေဌာနချုပ် လိုင်ဇာမြို့ အနီးဝန်းကျင်ရှိ ငှက်ပျောနှင့် ဖရဲစိုက်ခင်းခြံများတွင် မြစ်ကြီးနား၊ မိုးကောင်း၊ မိုင်းညှင်း ဒေသများ၊ စစ်ကိုင်းတိုင်းဒေသကြီးအပြင် မြန်မာနိုင်ငံအနှံ့ လူများပါ အလုပ်လာရောက်လုပ်ကိုင်နေကြသည်ဟု သိရသည်။
ငှက်ပျောခြံစောင့် ကိုဝင်းစိုးက “ကျနော်က တရုတ်စကား ကချင်စကားမတတ်ဘူးလေ။ ဘာသာပြန်နဲ့ မေးတော့မှ သူဌေးကပြန်မလာတော့ဘူး ဆိုတာကို သိရတာလေ။ ဘာလုပ်အားခမှလဲ မရလိုက်ဘူး။ အဲတော့ ခြံထဲမှာ ကျန်နေသေးတဲ့ ကောင်းတဲ့ ငှက်ပျောခိုင်တွေကိုခုတ် လောပန်းအသစ်ရှာ ရတဲ့ဈေးနဲ့ ရသလောက်လေးရောင်းပြီး ဖြေရှင်းရတော့မှာပဲ” ဟု ပြောသည်။
ငှက်ပျောနှင့် ဖရဲခင်းများတွင် မိသားစုလိုက် ခြံစောင့်အလုပ်များကို လုပ်ကိုင်နေကြသူများရှိသကဲ့သို့ ရာသီအလိုက် အသီးခူး၊ အသီးထမ်း၊ အသီးထုပ်၊ အသီးဆေးကြော စသည့် အလုပ်များကိုလည်း နေ့စား လုပ်ကိုင်နေသူများလည်း ရာနှင့်ချီရှိသည်ဟု သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ မြောင်မြို့နယ် ကနေ မိသားစုလိုက် ဖရဲခြံစောင့် အလုပ်လာလုပ်သည့် ကိုချမ်းမြေ့ အောင် က “ဒီဖရဲခြံကို တရုတ်တွေ လမ်းပိတ်လိုက်လို့မသယ်ကြတော့တာလေ၊ အဲ့ရောဂါနဲ့ပိတ်လိုက်လို့ ကျနော် တို့ရဲ့ အခုအခြေနေက တရက်လုပ်ပြီး ၅ ရက် လောက် ထိုင်စားနေရတော့ ပိုလျှံမှု မရှိဘူး။ ၁၀ ရက် လောက် အလုပ်အခြေနေ စောင့်ကြည့်ပြီးရင် ပြန်တော့မယ်” ဟု ပြောသည်။
နယ်စပ်ဂိတ်များကို ယခုအချိန်ထိပိတ်ထားသော်လည်း ကုန်စည်လဲလှယ်သည့် ကားအချို့အား ချွင်းချက် အနေဖြင့် ဝင်ထွက်ခွင့်ပေးနေထားသည့် ကားများရှိချိန် နေ့အစား ကုန်တင်ကုန်ချလုပ်ခြင်းအပြင်၊ ငှက်ပျော ထမ်းခြင်းများကို လုပ်ကိုင်က စားဝတ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု အလုပ်သမားများက ပြော သည်။
တပတ်လျှင် အများဆုံး ကုန်တင်ကား ၁စီးမှ ၃ စီးခန့်ကို ကုန်စည်လဲလှယ်သည့်အနေဖြင့် ဝင်ထွက်ခွင့် ပေး ထားသည်ဟုလည်း သိရသည်။
ငှက်ပျောခြံများကဲ့သို့ ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရသည် လုပ်ငန်းမှာ ဖရဲခြံလုပ်ငန်းဖြစ်သည်။
တရုတ် ဖရဲစိုက် ကုမ္ပဏီများသည် ယခုနှစ်တွင် ငှက်ပျောစိုက် ကုမ္ပဏီများထက် ငွေကြေးဆုံးရှုံးမှု ပိုမိုများ ပြားကြောင်း၊ ဖရဲစိုက်အလုပ်သမားအများစုမှာ ကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းထားခြင်းကြောင့် အလုပ် လက်မဲ့ ဖြစ်နေကြသည်ဟု ဖရဲစိုက်အလုပ်သမားများက ပြောသည်။
KIO ဌာချုပ်၊ လိုင်ဇာမြို့ နှင့် ၅ မိုင်ခန့် အကွာရှိ မိုင်ဆပ်ပါကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများက ကုန်စည် လဲလှယ်သည့် ကားအဝင်အထွက်ကို စစ်ဆေးကာ အလုပ်သမားများအတွက် နေ့စားအလုပ်များကို ရှာဖွေ ပေးနေသည် ဟု လည်း သိရသည်။
နန်ဆန်ယန် အုပ်ချုပ်ရေးမှူးရုံး တာဝန်ခံ ဦးလထော်လနူး က “အလုပ်သမားတွေရဲ့ နာမည်စာရင်းတွေ ကျနော်တို့ စစ်တမ်းကောက်ယူပြီး အလုပ်တွေကိုလည်း ရုံးကပဲ စီမံခန့်ခွဲပေးတယ်။ အလုပ်လာလုပ်ကြတဲ့ လူအများစုက နေရပ်ပြန်သွားကြပြီ။ တချို့လူတွေ ကတော့ ၄/၅ နှစ် ရှိပြီ အိမ်မပြန်ပဲ ဒီမှာ အိမ်ဆောက် နေ ကြတယ်။ ရှမ်းနဲ့ရခိုင်လူမျိုးအများစုပေါ့။ အခု ဖရဲသီးစိုက်ခင်း ဧက ၁၀၀ နဲ့ တစ်သျူးငှက်ပျော က ဧက ၁၀၀၀ ကျော် ရှိတယ်။ ဒါပေမဲ့ အခုက ရာဂဏန်းလောက်ပဲ စိုက်ပျိုးနိုင်တော့တာ” ဟု ပြောသည်။
ဖရဲနှင့် ငှက်ပျောခြံကုမ္ပဏီများအား မြေကွက်ပိုင်ရှင်များက ၃ နှစ် စာချုပ်ဖြင့် မြေငှားပေးကာ စိုက်ပျိုးနေ ကြ ခြင်းဖြစ်သည်ဟု သိရသည်။
ကနီဦး စတင်ငှားရမ်းစဉ်က တစ်သျှူးငှက်ပျောကိုသာ အဓိက စိုက်ပျိုးခဲ့ရာမှာ ယခုနောက်ပိုင်း ဖရဲသီးများပါ စိုက်ပျိုးလာသည်ဟု ဒေသခံများက ပြောသည်။
နယ်စပ်အဝင်အထွက်များ မပိတ်ခင် ယခင်က ငှက်ပျောနှင့် ဖရဲစိုက်ခင်းခြံတစ်ခြံတွင် လူဦးရေ ၁၀၀ ကျော် ခန့် အလုပ်လုပ်ကိုင်နေကြပြီး ယခုခါ အလုပ်သမား ၅၀ နီးပါးခန့်သာ ကျန်တော့သည်ဟု သိရသည်။