ဆီဆိုင် တောင်သူများ တရားစွဲခံရပြီး ထွန်စက်များ သိမ်းဆည်းခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၄ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက တောင်သူ ၇၀ ကျော် ပိုင်နက်ကျူးကျော်မှု ဖြင့် တရားစွဲခံထားရပြီး စိုက်ပျိုးရေးသုံး လယ်ထွန်စက်များလည်း ဖမ်းဆီး ခံထားရသည်ဟု ဒေသခံများက ပြောသည်။
ဆီဆိုင်မြို့၊ ပင်စုံကျေးရွာ အုပ်စု နှင့် နောင်ကျောကျေးရွာအုပ်စုအတွင်းက တောင်သူ ၁၀၀ ကျော်ပိုင်ဆိုင်သည့် မြေဧက ၂၀၄၈.၄ ဧကကို တပ်မတော်က သိမ်းဆည်းထားပြီး အဆိုပါ မြေများပေါ်တွင် တောင်သူများက သွားရောက်ထွန်ယက် စိုက်ပျိုးရာမှာ ပိုင်နက်ကျူးကျော်မှု (ကျော်နင်းမှု) ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၄၇ ဖြင့် ယခုကဲ့သို့ တရားစွဲဆိုခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဒေသခံ နန်းဘို က “အခုက တရားစွဲခံထားရတာပေါ့နော်။ တောင်သူ ၇၀ လောက်ပါတယ်။ ထွန်စက် အကုန် လုံး ၂၉ စီး သိမ်းသွားတယ်။ တောင်သူတွေကို ရဲတွေနဲ့လည်း ခြိမ်းခြောက်တယ်ပေါ့။ မြေယာတွေပေါ်မှာ အခုက တပ်ပိုင်မြေလို့ရေးထားတယ်။ ပြီးတော့ ပြည်သူတွေက ပြောလိုက်ရင် စစ်မှုထမ်းဟောင်းမြေ ဆိုတာမျိုးတွေ ရေးလာတယ်။ အမျိုးမျိုးပေါ့နော်။ ကျမတို့က ဒီမြေပေါ်မှာ မစိုက်စားရင် ဘယ်မှာစိုက်မလဲပေါ့။ အခုက အကုန်လုံးသူတို့သိမ်းသွားတာဆိုတော့လေ။ တခြားနေရာလည်း အစားထိုးဖို့ မရှိဘူးပေါ့” ဟု ပြောသည်။
မေလကုန်ပိုင်းကစတင်ပြီး တောင်သူများက တပ်သိမ်းမြေဟု ဆိုသည့် ၎င်းတို့၏ မြေယာများပေါ်တွင် ထွန် ယက်စိုက်ပျိုးရန် လုပ်ဆောင်ရာမှ ပဋိပက္ခများ စတင်ဖြစ်ပွားလာခဲ့ပြီး တရားစွဲဆိုခံခဲ့ရ ခြင်းဖြစ်သည်ဟု ဆိုသည်။
ပအိုဝ်းလူငယ်အစည်းအရုံး ဥက္ကဋ္ဌ ခွန်ဦး က “တရားဝင်သိမ်းတာက ဧက ၁၀၀ ကျော်ပဲ၊ ကျန်တာက ဥပဒေအရ သိမ်းတာမျိုးလည်းမဟုတ်ဘူး။ သိမ်းလို့သိမ်းမှန်းလည်းမသိဘူး။ ၂၀၁၈ ရောက်မှ သူတို့သတိပေးတာမျိုး၊ ထပ်မ စိုက်နဲ့ဆိုတာမျိုးပေါ့၊ ဒါပေမယ့် ရွာသားတွေက ပုံမှန်စိုက်နေတယ်။ စိုက်နေတာလည်း ကြာခဲ့ပြီ။ အစဉ်အဆက် ပေါ့။ အဲ့တော့ အမှန်ကတော့ ပြည်သူပိုင်မြေကို တပ်ကသိမ်းတာ၊ တပ်ရဲ့ မြေပေါ်မှာ ပြည်သူက ဝင်စိုက်တာ မဟုတ်ဘူး” ဟု ပြောသည်။
၂၀၁၉ ခုနှစ်ကတည်းက ဒေသခံတောင်သူ တချို့ မှာ တပ်မတော်၏ တရားစွဲဆိုခြင်းကို ခံထားရပြီး လက်ရှိတွင် အမှုရင်ဆိုင်နေရဆဲဖြစ်သည်ဟု ခွန်ဦးက ဆက်ပြောသည်။
“တရားစွဲတာ သုံးခါလောက်တော့ရှိပြီ။ စွဲတာတော့ ဒီနေ့ခြံဘယ်သူလာစိုက်လဲ၊ စိုက်တဲ့လူစာရင်းယူသွားတယ်၊ ပြီးရင် တရားစွဲတယ်။ အခု ၇၂ ဦးပေါ့။ ၂၀၁၉ တုန်းကလည်း ၅ ဦးအရင်စွဲခံရတယ်။ နောက်ထပ် ၂ ဦး ပြန်စွဲ ခံရတယ်။ သူတို့က တရားရင်ဆိုင်နေရတုန်းဖြစ်တယ်။ အခု ထပ်စိုက်တဲ့အပေါ်မှာ နောက်ထပ် ထပ်တိုးပြီးစွဲ တယ်။ တရားရုံးတော့ မရောက်သေးဘူး။ တရားစွဲခံတဲ့အနေအထားပေါ့။ အခုမေလ ထဲမှာ တရားစွဲခံရတာ ၆၀ ကျော်ပေါ့။ အခုစွဲခံရတာက ဇွန်လ ၁ ရက်နေ့က စွဲခံရတာပေါ့။ ပုဒ်မက ပိုက်နက်ကျူးကျော်မှုပေါ့။”
ပအိုဝ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ နယ် အတွင်းက တောင်သူ ၁၀၀ ကျော်၏ မြေဧက ၂၀၄၈.၄ ဧက ကို ခမရ ၄၂၃/၄၂၄ တပ်ရင်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ အမြောက်တပ် နှင့် ပြည်ထောင်စု မြန်မာ နိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်-ဦးပိုင် တို့က သိမ်းယူထားခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။
အဆိုပါ တပ်သိမ်းမြေများ ပြန်လည်ရရှိရေး ဆောင်ရွက်နေသည့် ဒေသခံ တောင်သူ ခွန်ကျော်နိုင်က “တပ်က မြေသိမ်းမြေလွှဲမိန့်နဲ့စသိမ်းတာက ၉၆ မှာ သိမ်းတယ်။ တရားဝင်သိမ်းတာက ဧက ၁၅၀ ကျော်ပဲ ရှိတယ်။ တရားမဝင်သိမ်းတာက များတယ်။ ခမရ ၄၂၄ က ဧက ၉၀.၂၀၊ ခမရ ၄၂၃ က ၆၁.၆၀၊ ဦးပိုင်က ၂၂ ဧကပါတယ်။လမ်းအရှေ့ဘက်က ရပခ အရှေ့ပိုင်းတိုင်းက အမြှောက်တပ်အရံမြေဆိုပြီး ဧက ၅၀၀ ယူထားတယ်။ ၂၀၁၈/၁၉ မှ တောင်သူတွေက သူတို့မြေတွေသိမ်းခံရတယ် ဆိုတာသိတာ။ မနှစ်ကစပြီး တောင်သူတွေ တရားစွဲခံရတယ်။ အခုထိ တရားရင်ဆိုင်ရတုန်းပဲ။ မနှစ်ကစွဲခံရတဲ့အထဲမှာဆိုရင် အသက် ၇၀ ကျော် အဘိုးတွေတောင်ပါတယ်။ ဒီနှစ်လည်း ထပ်စွဲထားတယ်။ အမြှောက်တပ်ရဲ့ အရံမြေထဲက ၂၀၀ တော့ ပြန်ပေးတယ်။ မနှစ်ကပေါ့။ ဧက ၃၀၀ တော့ကျန်နေသေးတယ်။ တပ်ရင်း ၄၂၃နဲ့ ၄၂၄ ရဲ့ နောက်ကျောမှာက ၁၉၀၀ ဧက ရှိသေးတယ်။ ပြန်မရသေးဘူး” ဟု ပြောသည်။
ဆီဆိုင်မြို့နယ်အတွင်းက တပ်သိမ်းမြေများ ပြန်လည်ရရှိရေး၊ ဒေသခံတောင်သူများနှင့် တပ်မတော်ကြား ဖြစ် ပွားနေသည့် မြေယာ ပြဿနာများအား ဖြေရှင်းပေးရန် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့ အစည်း ၁၉၀ ကျော် က ဇွန်လ ၃ ရက်နေ့က တောင်းဆိုလိုက်သည်။
ယခင် တပ်မတော် တပ်ရင်းများ ၎င်းတို့၏ ဒေသအတွင်း မရောက်ရှိခင်ကာလက ဒေသခံတောင်သူများ အနေ ဖြင့် ဓလေ့ထုံးတမ်း အစဉ်အလာအရ မြေယာပိုင်ဆိုင်ခဲ့ကြပြီး စိုက်ပျိုးရေးလုပ်ငန်း အမျိုးမျိုးအား တည်ငြိမ်အေး ချမ်းစွာ လုပ်ကိုင်စားသောက်ခဲ့ကြသည် ဟု ဆိုသည်။
၁၉၉၂ ခုနှစ်တွင် စစ်တပ်ရောက်ရှိလာပြီးနောက်ပိုင်း ၁၉၉၆ မှ စတင်၍ ဒေသခံများ၏ ဘိုးဘွားပိုင် မြေယာများ စတင် အသိမ်းခံ ခဲ့ရပြီး ယနေ့အချိန်ထိ အသိမ်းခံနေရစဲဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
နန်းဘို က “ကျမတို့ကရဲ့ မြေယာတွေကို လွတ်လွတ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စိုက်ပျိုးချင်တယ်ပေါ့နော်။ ဆိုတော့ အလှူပဲဖြစ်ဖြစ်၊ မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အစစ ရံပုံငွေ၊ အလှူငွေ အစစ အရာရာ ဝင်ငွေက ဒီခြံတွေပေါ်မှာပဲ မူတည်တယ်။ ဒါကြောင့် ကျမတို့ရဲ့ မြေယာကို လွတ်လွတ်လပ်လပ် တရားမျှမျှ တတနဲ့ ပြန်ရချင်တယ်။ အဲ့လိုမျိုးပဲ ကျမပြောတတ်တယ်” ဟု ဆက်ပြောသည်။
အဆိုပါ မြေနေရာများပေါ်တွင် တောင်ယာစပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲစဉ်းငုံများကို အဓိကစိုက်ပျိုးကြသည်ဟု သိရသည်။
တောင်သူများအနေဖြင့် ၎င်းတို့၏ မြေယာများ ပြန်လည်ရရှိရေး မေလကုန်ပိုင်းမှ စတင်၍ ယမန်နေ့ အထိ ထွန်တုံးတိုက်ပွဲများ ပြုလုပ်ခဲ့ကြရာ တပ်မတော်သားများအပါအဝင် ဒေသခံအာဏာပိုင်များက လာရောက် တားဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ခွန်ဦး က “တောင်သူတွေကတော့ စိုက်ပျိုးမြေပြန်ရဖို့က အဓိကဖြစ်တယ်။ တရားစွဲလည်း တရားစွဲခံမယ်။ အခုန ကပြောတဲ့ တပ်ဖက်က အထောက်အထားမရှိဘူးဆိုတာမျိုးကိုလည်း ပြည်သူက သိထားတော့ ဥပဒေဘက်က ပြန်သွားရင်လည်း ဒီကိစ္စက တရားစွဲခံရမှ သိရမယ်ဆိုတာမျိုး ပြောတာမျိုုးရှိတယ်။ ကြောက်တဲ့လူလည်း နည်း နည်းတော့ရှိမှာပေါ့။ အဓိကက စိုက်ပျိုးစရိတ်က ချေးယူပြီးမှ စိုက်တာမျိုးဆိုတော့ မဖြစ်မနေစိုက်ဖို့လိုနေတော့ ဆက်စိုက်နေကြတာပေါ့” ဟု ပြောသည်။
“အဓိကတော့ တောင်သူလယ်သမားတွေနေ့စဉ် စိုက်ပျိုးနေတဲ့ မြေပေါ်မှာ ဓလေ့ထုံးတမ်းအရပဲပြောပြော ဒါတွေ ကို တပ်ကနေ ပြန်စွန့်လွတ်ပေးဖို့ဆိုတာကို ပြောချင်တာ။ တောင်သူတွေကလည်း အမြဲစိုက်ပျိုးလာတဲ့ မြေ တွေဆိုတော့။ မြေပြန်ရဖို့ ဆိုတာမျိုးအပါအဝင် မြေယာနဲ့ပတ်သက်ပြီး ဓလေ့ထုံးတမ်းတွေအပေါ်မှာ အခြေခံ ပြီးတော့ မူဝါဒတွေ၊ ဥပဒေတွေကို ပြုပြင်မွမ်းမံဖို့ တောင်းဆိုချင်တယ်။ ဒေသနဲ့ ကိုက်ညီတဲ့ ဆွေးနွေးချက်၊ မူဝါဒ တွေ ထွက်ပေါ်အောင် အပြန်အလှန်ဆွေးနွေးဖို့ပေါ့နော်။ နောက်တစ်ခုက လက်ရှိ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် လည်း ပြောဆိုထားတာရှိတယ်။ မသုံးတဲ့ မြေတွေဆိုရင် ပြန်စွန့်လွှတ်ဖို့ပေါ့၊ အဲ့ဒါတွေကို စွန့်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်။”
အစိုးရ၊ တပ်မတော်၊ ပအိုဝ်းအမျိုးသားရေး၊ နိုင်ငံရေးခေါင်းဆောင်များအနေဖြင့် ဒေသခံတို့၏ လက်ရှိ ရင်ဆိုင် နေရသည့် အခြေအနေများကို ကွင်းဆင်းလေ့လာကာ၊ တောင်သူများ မတရားသဖြင့် ရင်ဆိုင်ခံစားနေရသည့် အခြေအနေများအား ဥပဒေနှင့်အညီ ဖြေရှင်းပေးရန်နှင့် ဒေသအလိုက် ဓလေ့ထုံးတမ်းများကို အခြေခံ၍ တောင်သူများ မြေပိုင်ဆိုင်ခွင့် နှင့်လွတ်လပ်စွာ စိုက်ပျိုးခွင့် ရရှိရန် အမြန်ဆုံး ကူညီဆောင်ရွက်ပေးရန် တောင်း ဆိုထားသည်။