မိုးယိုသဖြင့် စစ်ရှောင်များ အခက်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၈ ရက်။

ကချုင်ပြည်နယ်၊ နမ္မတီးမြို့ရှိ စစ်ရှောင် ၇၀၀ ကျော်၏ နေအိမ်များ မိုးယိုမှုကြောင့် မိုးဦးကာလ အခက်အခဲများ ဖြစ်နေသည်ဟု စစ်ရှောင်များက ပြောသည်။

“အိမ်က အပြင်ကနေ ကြည့်လိုက်ရင်က ကောင်း သလိုလို ပျော်သလိုလို၊ တကယ်တော့ အိမ်က မိုးအရမ်းယိုတယ်။ ညမှာမိုးရွာရင် မအိပ်ရတော့ဘူး။ မိုးယိုတာကို ထိုင်ကြည့်နေရတယ်။” ဟု ဇွပ်မိုင်ယန် ကျေးရွာမှ ပြောင်းရွှေ့လာသူ စစ်ရှောင် ဒေါ်နူးပန် က ပြောသည်။ “တစ်အိမ်နဲ့တစ်အိမ်ကြားမှာလည်း မိုးက အိုင်လိုလိုပဲ။ ကလေးတွေ့လည်း အဲ့မှာဆော့။ အဲ့အချိန်ဆို ကလေးပဲ ထိန်းရမလိုလို၊ ရေမအိုင် အောင်ပဲ လုပ်ရမလိုလို၊ အိမ်ခေါင်မိုးလည်း မြန် မြန်လေးပြင်ပေးစေချင်တယ်။ အိမ် လည်း တစ်အိမ်နဲ့တစ်အိမ် ကြား ရေအိုင်တဲ့နေရာမှာ ကျောက်ခဲ သဲ အဲ့လို မျိုးခင်းပေးရင် ကောင်းမလားလို့ထင်တာ” ဟု ပြောသည်။

မေလဆန်းမှ စတင်၍ ယနေ့အချိန်ထိ ရွာသွန်းနေသော မိုးကြောင့် စစ်ရှောင်များ အိမ်မိုးမလုံသည့် အခက်အခဲ များနှင့် ကြုံနေရသည်။

နမ္မတီးမြို့ရှိ စိန့်ဖရန်စစ် RC ညောင်တော စစ်ရှောင်စခန်းသစ်တွင် ယခုနှစ် ဧပြီလအတွင်းက နမ္မတီး-လမ်းခွ RC ဘုရားကျောင်းဝန်းနှင့် မြို့ ဦး ရပ်ကွက်ရှိ စစ်ရှောင်စခန်းများမှ ပြောင်းရွှေ့လာသူများ နေထိုင်သည့် စခန်း တစ်ခု ဖြစ်သည်။

စစ်ရှောင်စခန်း တာဝန်ခံ ဦးဇော်ခွန်းက “ဒီနေရာမှာက လေကြောနေရာဖြစ် တယ်။ အိမ်ဆောက်ထားတာလည်း လေကြောနဲ့ တန်းပြီးဆောက်ထားတာပေါ့။ နောက်ပြီး အိမ်ခေါင်မိုးက သွပ် က တအားပျော့လွန်းတာပေါ့။ တအားပျော့လွန်းပြီးမှ ဒီသံရိုက်တာလည်း အဲ့နည်းနည်းပိုပြီးထားထားတယ်။ အဲ့ နေရာတွေက လေတိုက်မိပြီး လန်သွားတာပေါ့။ လန်ပြဲသွားပြီးမှမိုးက ယိုလာတာပေါ့။ သွပ်က တအား ပျော့တာပေါ့။ အဲ့ဒါကြောင့်မို့ ပိုပြီးမှဆိုးတာထင်တယ်” ဟု ပြောသည်။

စစ်ရှောင်စခန်းမှာ အသစ်ဖြစ်သော်လည်း အိမ်ခေါင်မိုး ခေါင်မလုံခြင်း၊ သွပ်ပြားများ ပျော့လွန်းခြင်းတို့ ကြောင့် ယခုကဲ့သို့ မိုးယိုနေခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံက ပြောသည်။

နမ္မတီးမြို့ရှိ စိန့်ဖရန်စစ် RC ညောင်တော စစ်ရှောင်စခန်းသစ်တွင် ကဆုန့်ကျေးရွာမှ အိမ်ထောင်စု ၇၉ စု၊ လူဦးရေ ၄၀၈ ဦးနှင့် ဇွပ်မိုင်ယန်ကျေးရွာမှ အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၂၃၈ ဦး နေထိုင်လျှက်ရှိသည်။

ကဆုန့် ကျေးရွာမှာ ပြောင်းရွှေ့လာသူ စစ်ရှောင် ဒေါ်ကော့ဘူ က “တချို့အိမ်ဆိုရင်တော့ အိပ်တဲ့နေရာ ခေါင်း ရင်းမှာ တချို့ဆို အလယ်မှာ ယိုတယ်တဲ့။ ကျမတို့အိမ်ဆိုရင်တော့ အိပ်ခန်းထဲမှာ ယိုတယ်။ သုံးနေရာလောက် ယိုတယ်။ အားလုံးပြောပြတာ အိမ်အားလုံးမှာ ယိုတယ်တဲ့။ ခက်တယ်။ ညမိုးရွာရင် အိပ်လို့မရဘူး။ နေ့ဆိုရင် လည်း နေစရာမရှိဘူးလေနော်” ဟု ပြောသည်။

စစ်ရှောင်များအနေဖြင့် ၎င်းတို့ ယခုကြုံနေရသည့် အခက်အခဲကို ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) ထံ သို့ မေလဆန်းပိုင်းတုန်းက စာတင်ထားကြောင်း၊ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) တာဝန်ရှိသူ အချို့ ကလည်း မေလနောက်ဆုံး အပတ်တွင်း လာရောက်စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

သို့သော်လည်း ယနေ့အချိန်ထိ လာရောက်ပြုပြင်ပေးခြင်းမရှိသောကြောင့် မိုးရွာလာပါက ခက်ခဲနေရခြင်း ကြောင့် မိုးတွင်းကာလ မရောက်ခင် ပြင်ဆင်ပေးစေချင်သည်ဟု ဦးဇော်ခွန်းက ဆက်ပြောသည်။

“မြန်နိုင်သမျှ မြန်ပြီးမှ ကျနော်တို့က ပြင်ချင်တာပေါ့။ ဘယ်လိုဘယ်နည်းနဲ့ပဲဖြစ်ဖြစ် မိုးမယိုအောင်တော့ ပြင်ချင် တာ။ ကျနော်တို့ အစကလည်း စာတင်ထားတယ်။ နောက်ပြီးမှ လူကိုယ်တိုင်လာပြီးမှ ညှိကြပါဆိုပြီးမှလည်း တစ်ခါလာတယ်။ ဘယ်လောက်လောက်ကျမယ်ဆိုတာလည်း ကုန်ကျစရိတ်က တွက်တော့ တွက်ထားတယ်။ ကုန်ကျစရိတ်ကို အထက်ကိုတင်တဲ့အချိန်မှာ ကြာရင်ကြာမှာပေါ့နော်။ မြန်နိုင်သမျှတော့ မြန်မြန်ပေါ့၊ မိုးပြင်းပြင်း ထန်ထန် မိုးတွင်းမရောက်ခင်မှာပေါ့ လာပြင်ပေးစေချင်တယ်။”

ထို့အပြင် နမ္မတီးမြို့ရှိ စိန့်ဖရန်စစ် RC ညောင်တော Camp က စစ်ရှောင်များသည် အခြားသော စစ်ရှောင်များ ကဲ့သို့ COVID-19 ကပ်ဘေးကာလ ကြာမြင့်လာသည်နှင့်အမျှ စားဝတ်နေရေးတွင်လည်း အခက်အခဲများ ရှိသည် ဟု ဆိုသည်။

စစ်ရှောင်များ၏ နေအိမ်တန်းလျားများအား မြန်မာနိုင်ငံ လူသားချင်းစာနာမှု ဆိုင်ရာ ရန်ပုံငွေ (MHF) အဓိက ကူညီဆောက်ထားပေးခြင်းဖြစ်ပြီး၊ ကရုဏာ လူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS) ကလည်း ကူညီပံံ့ပိုးမှု အချို့ရှိသည်ဟု သိရသည်။

အဆိုပါစစ်ရှောင်စခန်းတွင် မိုးကောင်းမြို့နယ်အတွင်းရှိ ကဆုန့်ကျေးရွာနှင့် ဇွပ်မိုင်ယန်ကျေးရွာတွင် ၂၀၁၈ ခုနှစ် က ဖြစ်ပွားခဲ့ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရွာလုံးကျွတ်ထွက်ပြေးလာသူများ ဖြစ်သည်။