ရွေးကောက်ပွဲအောင်နိုင်ရေး လူငယ်များ အဓိက ပါဝင်မည်ဟု KSPP ပါတီပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၈ ရက်။
၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို လူငယ်များဖြင့် ဦးဆောင်ဖွဲ့စည်း လုပ်ဆောင်သွားမည် ဟု ကချင် ပြည်နယ် ပြည်သူ့ပါတီ KSPP က ပြောသည်။
”အတွေ့အကြုံရှိ၊ အတွေးသစ် အမြင်သစ်ရှိတဲ့ လူငယ်တွေကို ပေါင်းစည်းပေးရမယ်။ သူတို့မှာရှိတဲ့ အားသာချက်တွေကို ယူပြီး နေရာပေးရမယ်။ ဒါကြောင့် လူငယ်တွေကို အားပေးရမယ်၊ လူငယ်တွေ ပါဝင်ရမယ်။” ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီမှ ဥက္ကဋ္ဌ ဒေါက်တာ မနမ်တူးဂျာကပြောသည်။
၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လူငယ်များ နှင့် တိုင်ပင်ဆွေးနွေး လုပ်ဆောင်သွားမည်ဟု ဒေါက် တာ မနမ်တူးဂျာက ဆက်ပြောသည်။
“လူငယ်တွေနဲ့ အမြဲတမ်း ဆွေးဆွေးနွေးနွေး ရှိရမယ်။ သူတို့နဲ့ မတိုင်ပင် မဆွေးနွေးပဲ ပစ်ထားတာမျိုး မလုပ်ဘူး။ ရှေ့ဆက်ပြီး လုပ်ဆောင်သွားမယ့် အရာတွေကို သူ တို့နဲ့ တိုင်ပင်ဆွေးနွေးပြီး အတူလက်တွဲ လုပ်ဆောင် သွားကြမယ်”
လူငယ်များ လွှတ်တော်ထဲတွင် ပါဝင်လာမည်ကို KSPP ပါတီ အနေဖြင့် ကြိုဆိုကြောင်း၊ ပြည်နယ်လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များတွင် မည်သည့်နေရာတွင်မဆို ပါဝင်နိုင်ကြောင်း KSPP ဥက္ကဋ္ဌ က ပြောသည်။
KSPP ပါတီ၏ ပေါ်လစီ အရလည်း လူငယ်နှင့် အမျိူးသမီးများကို ဦးစားပေးသွားမည် ဟု ဆိုသည်။ လွှတ်တော် အတွင်း လူငယ်နှင့် အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုပါဝင်လာရေးကိုလည်း ဦးစားပေးလုပ်ဆောင်နေသည် ဟု ပြောသည်။
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီမှ လူငယ် အထွေထွေ အတွင်းရေးမှူး ဆိုင်းနူးပန် က “ဒီအကြောင်းနဲ့ ပတ်သက်ပြီး အစီအစဉ် တကျလုပ်နေတုန်းပဲ ရှိသေးတယ်။ သတင်းကြားရသလောက်တော့ လူငယ် ၅ ယောက်နဲ့ အမျိုးသမီး ၅ ယောက် အားလုံးပေါင်း ၁၀ ယောက် လောက် ပါဝင်မယ်လို့တော့ ကြားတယ်။ ဘယ်နေရာပဲ ဖြစ်ဖြစ် ပြည်သူ့ လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် နေရာနှစ်အနေနဲ့တော့ ပါဝင်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။
၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေး ကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
ရွေးကောက်ပွဲအတွက် လူငယ်များ လုပ်ဆောင်မည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ KSPP ပါတီမှ လူငယ်အထွေထွေ အတွင်းရေးမှူး ဆိုင်းနူးပန် က ယခုကဲ့သို့ ဆက်ပြောသည်။
“အဓိကက candidate ၊ ယှဉ်ပြိုင်တဲ့အခါ လိုအပ်ချက်ကို ကူညီပေးဖို့ campaign manager ကို သီးသန့် လုပ်ဆောင်သွားဖို့ ရှိတယ်။ အောင်နိုင်ရေးအတွက် လူငယ်များကိုယ်တိုင် ခေါင်းဆောင်ပြီး ဦးဆောင်ဖွဲ့စည်းသွားဖို့ ရှိတယ်။ ပြီးတော့ ရွေးကောက်ပွဲမှာ မဲနဲ့ ပတ်သက်ပြီး ပညာပေးအစီအစဉ်တွေ အားလုံးကို လူငယ်များ ပါဝင် လုပ်ဆောင် သွားမယ်။ အဲကြောင့် လူငယ် ၁၀၀၀ ကျော် ပါဝင်သွားဖို့ ရည်ရွယ်ထားတယ်။”
၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးရေးအပိုင်းကို လူငယ်များက အဓိကထား လုပ် ဆောင်သွားမည် ဟု ဆိုသည်။
ပါတီအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးကို လူငယ်အင်အား ၁၀၀၀ ကျော်ဖြင့် အတူတကွ တစ်စုတစ်စည်းတည်း လုပ်ဆောင်သွားမည် ဖြစ်သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲတွင် အောင်နိုင်မည်ဟု ယုံကြည်ကြောင်း ကချင် လူငယ်ထု လှုပ်ရှားမှုအဖွဲ့ (Kachin youth movement) မှ ကိုမုန်ရာအောင် က ပြောသည်။
“ကချင်ပြည်သူ့ပါတီ လူငယ်များနှင့် စုပေါင်းပြီး ပါဝင်သွားမှာဖြစ်သလို ကျနော်တို့ ကချင်လူငယ်တွေရဲ့ အသံ လွှတ်တော်ထဲမှာ ရှိရမယ်။ ကချင်လူငယ်တွေရဲ့ နေရာ လွှတ်တော်ထဲမှာ ရှိရမယ်။ ဒီနေ့ခေတ်မှာ လူငယ်တွေက စည်းလုံးညီညွတ်လာပြီဖြစ်တယ်။ ဒါ့ကြောင့် ကျနော်တို့ လူငယ်တွေ အောင်မြင်မယ်လို့ ယုံကြည်တယ်။”
ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP ပါတီသည် ကချင်လူထုများ၏ သဘောဆန္ဒအတိုင်း ကချင်ပြည်နယ်ရှိ ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်းရာမှ ဖြစ်ပေါ်လာသည့် ပါတီဖြစ်သည်။
ကချင်နိုင်ငံရေး ပါတီများ ပေါင်းစည်းခြင်းကို လွန်ခဲ့သည့် ၂၀၁၃ -၂၀၁၄ ခုနှစ်မှ စတင်ကာ ပါတီ ခေါင်းဆောင် များက ကြိုးစားလုပ်ဆောင်လာခဲ့ ကြသည်။
ထို့သို့လုပ်ဆောင်လာရာမှ ၂၀၁၈ ခုနှစ်တွင် ကချင်ဒီမိုကရက်တစ်ပါတီ KDP၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီ KSDP၊ စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (မနောတိုင်) ပါတီများကို ပေါင်းစည်းက ာ ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP အဖြစ် ကချင်လူထု၏ သဘောဆန္ဒအတိုင်း ပါတီခေါင်းဆောင်များက ပါတီ သစ်အဖြင့် ပေါင်းစည်းထူထောင်ခဲ့ကြသည်။
ထို့အပြင် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီ ပါတီ (UNFDP) က ပေါင်းစည်းပါတီ၊ ကချင် ပြည်နယ် တိုးတက်ရေးပါတီ (KSPP)နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) တို့က အစုအဖွဲ့ အချို့လည်း ပါဝင်သည် ဟု သိရသည်။