ဆီဆိုင် မြေယာကိစ္စ တောင်သူနှင့် တိုင်းမှူးဆွေးနွေးသော်လည်း အဖြေမထွက်သေး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၈ ရက်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်းက မြေယာအငြင်းပွားမှုကိစ္စကို စစ်တိုင်းမှူး နှင့် ဒေသခံ တောင်သူများ တွေ့ဆုံဆွေးနွေးခဲ့ သော်လည်း တစ်စုံတစ်ရာ ပြေလည်မှု မရရှိသေးကြောင်း တောင်သူများက ပြောသည်။

တိုင်းမှူးက အဓိကအားဖြင့် ယင်းမြေများမှာ တပ်မြေဖြစ်တဲ့ အကြောင်း ရှင်းလင်းခဲ့ကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး ဥက္ကဋ္ဌ ခွန်ဦး က ပြောသည်။

“ဆုံးဖြတ်ချက်တော့ မကျဘူးပေါ့နော်။ နောက်တစ်ခုတော့ တပ် မြေဧရိယာအပါအဝင် အခြားသော အပိုသိမ်း ဆည်းထားတာတွေကျတော့ သူတို့ဘက်က အခြားမြေအသုံး ချခွင့်နဲ့ သိမ်းထားတယ်ဆိုတာမျိုး မှတ်ချက်ပေး သွားတယ်။ ဒါပေမယ့် ကြိုးစားပေးကြည့်ပါအုံးမယ်၊ ကျနော်တို့ တိုင်ပင်ကြည့်ကြ ဆွေးနွေးကြည့်ကြပါအုံးဆိုတဲ့ မှတ်ချက်မျိုးတော့ ပြောတယ်။ တွေ့တဲ့ရလာဒ်က အဲ့ဒါပေါ့” ဟု ပြောသည်။

ဇွန်လ ၄ ရက်နေ့က အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဆီဆိုင်မြို့နယ်အတွင်းက တောင်သူများနှင့် အထွေ ထွေ အုပ်ချုပ်ရုံးမှူးရုံးတွင် တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

တွေ့ဆုံပွဲတွင် ပါဝင်သူ တောင်သူ ဒေါ်ချိုချို က “သူတို့က ဒါက တပ်ပိုင်မြေပါ၊ တရားဝင်သိမ်းထားပါတယ်။ သိမ်းတဲ့ ခုနှစ်လည်း ရှိပါတယ်။ အဲ့ဒါကို အသိပေးချင်တယ်။ နောက်ဝင်မစိုက်အောင် အသိပေးချင်တယ် လို့ ပြောတယ်။ ကျမတို့ကလည်း တိုင်းမှူးက တပ်ပိုင်မြေဆိုပေမယ့် ကျမတို့ တောင်သူလည်း တောင်သူပိုင်မြေ ပဲ ဖြစ်နေပါတယ်။ ဘာလို့ လည်းဆိုတော့ ကျမတို့က တိုင်းမှူးတို့သိမ်းထားတယ်ဆိုလည်း မသိခဲ့ရဘူး။ အကြောင်း ကြားခြင်းလည်းမရှိဘူး။ အသိပေးခြင်းလည်းမရှိဘူး။ လျော်ကြေးပေးခြင်းလည်းမရှိဘူး။ တပ်မလာခင်လည်း စိုက်တယ်။ တပ်လာလည်း စိုက်တယ်။ အခုလည်းစိုက်နေတဲ့ဟာ ၂၀၁၉-၂၀၂၀ ကျမှ ဘာလို့ အတင်းအဓမ္မ တားဆီးလည်းဆိုတာ သိချင်တယ်လို့ ပြန်ပြောပြလိုက်တယ်” ဟု ပြောသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုအတွင်း တပ်မတော်မှ လယ်ယာမြေအစား ဆန်၊ဆီ၊ ဆားနှင့် လိုအပ်မှု အချို့အား ထောက်ပံ့ပေးမည်ဟု တောင်သူများအား ပြောဆိုခဲ့သော်လည်း တောင်သူများ အနေဖြင့် တပ်မတော်၏ ထောက်ပံ့မှုကို လက်မခံခဲ့ ဟု ဒေါ်ချိုချိုက ဆက်ပြောသည်။

“တောင်သူတွေက ယာမြေပဲ ပြန်လိုချင်တယ်လို့ပြောတယ်။ သူတို့တပ်က ပြောတယ်။ အဆင်မပြေဘူး။ ဆန် တွေ ဆီတွေထောက်ပံ့ပေးမယ်လို့ပြောတယ်။ တောင်သူတွေကပြောတယ် ကျမတို့ ဆန်တွေ၊ ဆီတွေ မလိုဘူး။ ယာမြေတွေပဲ ပြန်လိုချင်တယ်လို့ ပြောကြတယ်။ အခုက လူသိရှင်ကြားဖြစ်လာပြီ။ တောင်သူတွေကလည်း မပေးစိုက်လည်း ထပ်စိုက်မယ်လို့ပြောတယ်။ ငတ်ပြီဆိုရင် ဒုက္ခရောက်ပြီလေ။ တိုင်းမှူးက ညှိပေးမယ်လို့ပဲ ပြောတာလေ။ အခုက တရားစွဲထားတာလည်း မရုတ်သိမ်းသေးဘူး။ စိုက်လည်းမစိုက်ခိုင်းသေးဘူး။ အော် ထွန်စက်ကိုတော့ ပြန်ပေးပြီလို့ ပြောတယ်။”

အဆိုပါမြေပေါ်တွင် တောင်သူများအနေဖြင့် ဝင်ရောက်စိုက်ပျိုးခြင်း မပြုရန် တိုင်းမှူး အဓိက ပြောဆိုခဲ့သည် ဟု တောင်သူများက ပြောသည်။

တောင်သူ ဒေါ်ချိုချို က “တိုင်းမှူးပြောသလို ညှိနှိုင်းပေး မယ်ဆိုရင်တော့ ခနစောင့်မယ်။ မစိုက်ပဲနေရင် တောင် သူက ဘာနဲ့သွားစားမှာလဲ၊ တောင်သူရဲ့ ရှေ့ရေး ဘယ်လို လုပ်မှာလဲ တောင် သူတွေက ပြန်မေးကြတယ်။ ဒီခြံမှမစိုက်စားရင် ဘာနဲ့စားမလဲ၊ ဘာနဲ့ အသက်ရှင်မ လဲ ပြောပြလိုက်တယ်” ဟု ပြောသည်။

ဆီဆိုင်မြို့၊ ပင်စုံကျေးရွာ အုပ်စု နှင့် နောင်ကျောကျေးရွာအုပ်စုအတွင်းက တောင်သူ ၁၀၀ ကျော်ခန့် ပိုင်ဆိုင် သည့် ယာမြေဧက ၂၀၄၈.၄ ဧကကို တပ်မတော်က သိမ်းဆည်းထားသည်ဟု တောင်သူများက ပြောသည်။

အဆိုပါ မြေဧက ၂၀၀၀ ကျော်အား တပ်မတော်က သိမ်းဆည်းထားရာ ဒေသခံများမှ မြေယာများအတွင်း ဝင် ရောက်စိုက်ပျိုးရာ မှ အငြင်းပွားမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယခုခါ ထိုယာမြေများပေါ်တွင် ဝင်ရောက်စိုက်ပျိုးခဲ့သည် တောင်သူများကို တပ်မတော်မှ ပိုင်နက်ကျူးကျော်မှု (ကျော်နင်းမှု) ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၄၇ ဖြင့် တရားစွဲဆိုထားသည်။

အဆိုပါအခြေအနေများနှင့် ပတ်သက်၍ တောင်သူများက “ဒီဆက်စိုက်ခွင့်ကို တပ်ဘက်က တားဆီးနေမယ် ဆိုရင် ဒီကိစ္စ ဥပဒေလမ်းကြောင်းကတဆင့် တောင်သူတွေ ဘက်ကလည်း ဒု-သမ္မတဆီ စာရောက်နိုင်အောင်၊ ပြီးတော့ ဒီလယ်ယာစိစစ်ရေးကော်မတီဆီ စာပို့တာတွေ၊ ဆွေးနွေးတာတွေ ဆက်လုပ်သွားဖို့ရှိနိုင်တယ်” ဟု ခွန်ဦးက ပြောသည်။

လက်ရှိဖြစ်ပွားနေသော မြေယာအငြင်းပွားမှု အခြေအနေများအား အစိုးရတာဝန်ရှိသူအများအနေဖြင့် အချိန်မှီ မဖြေရှင်းပေးပါက မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်သည်ဟု ခွန်ဦးက ဆက်ပြောသည်။

“ဥပဒေလမ်းကြောင်းကနေတဆင့် နိုင်သလောက်တော့ ကြိုး စားလိမ့်မယ်။ အဲ့ဒီအဆင့်ကနေ ပြန်ပြီး ဆောင် ရွက်တာ ကူညီတာမရှိရင်တော့ နောက်ဆက်တွဲ က တောင်သူ လယ်သမားတွေကလည်း ဒုက္ခရောက် နေတာ ဆိုတော့ ရွေးချယ်စရာလမ်းမရှိတော့ဘူးဆိုရင်တော့ လူထု ဆန္ဒ ခံယူပွဲတွေ၊ လူထုလှုပ်ရှားမှုတွေ လုပ်သွားဖို့ ဆို တာမျိုးတွေရှိတယ်။ နောက်တစ်ခုလည်း ဖြစ်နိုင်တာက တပ် ဘက်က အလျှော့မပေးဘူးဆိုရင် တပ်နဲ့ပြည်သူ ကြား တင်းမာမှုတွေပိုဖြစ်လာနိုင်တယ်။ အနှုတ်လက္ခဏာ ဆောင်လာမယ့် ဟာတွေဖြစ်လာနိုင်တယ်။”

နှစ်ဖက်ကြားဖြစ်ပွားနေသည့် ပဋိပက္ခများအပြင် မြေယာအငြင်းပွားမှုများနှင့် ပက်သက်၍ တပ်မတော် တာဝန် ရှိသူများအနေဖြင့် သိမ်းဆည်းထားသော မြေယာများနှင့် အကောင်အထည် ဖော်ထားခြင်းမရှိသော မြေများ အား မူလလတောင်သူများနှင့် လက်ရှိလက်ငုပ်လုပ်ကိုင်နေသော တောင်သူလယ်သမားများထံ ချွင်းချက်မရှိ တရားဝင် ပြန်လည် စွန့်လွှတ် အပ်နှင်းရန်၊ တိုင်းရင်းသား ပြည်သူလူထုများ လက်တွေ့ ကျင့်သုံးနေသော ဓလေ့ ထုံးတမ်းမြေယာစနစ်ကို အသိအမှတ်ပြုရန် နှင့် ပိုင်ဆိုင်ခွင့်၊ စီမံခွင့်အား လေးစားရန်နှင့် တည်ဆဲ မြေယာဥပဒေ များပါ ပြဌာန်းချက်များအား လေးစား လိုက်နာပေးရန် အရပ်ဘက်အဖွ့ဲအစည်း ၁၉၀ ကျော်က ဇွန်လ ၃ ရက်နေ့ တောင်းဆိုထားသည်။

“အစိုးရကို အဓိက တောင်းဆိုချင်တာ ဒီမြေသိမ်းမိန့်တွေ စွန့်လွှတ်မိန့်တွေနဲ့ ပတ်သက်ပြီးမှပဲ ဒါကိုပြန်စိစစ် လိုက်ရင် ဒီမြေက လုံးဝပြန်ပြီး စွန့်လွှတ်ဖို့ဆိုတာက ဥပဒေအရ ပြီးတော့ သူတို့သတ်မှတ်ထားတဲ့ မူဝါဒအရ လုံးဝ ကိုက်ညီတယ်ပေါ့။ ဆိုတော့ အဲ့ဒီအတိုင်းကိုပဲ တစိုက်မတ်မတ် လုပ်သွားဖို့ပဲလိုတယ်။ အဲ့လိုဆိုရင် လူထုပြန်ပြီး တော့ စိုက်ပျိုးခွင့်ရမယ်လို့ မျှော်လင့်တယ်” ဟု ခွန်ဦးက ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်းက မြေယာပြဿနာနှင့်ပတ်သက်၍ တပ်မတော် တာဝန်ရှိသူများအား ဆက်သွယ် မေး မြန်းခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

ဒေသခံများ၏ ပြောပြချက်အရ မြေယာဧက တစ်ရာကျော်သာ တပ်မတော်က တရားဝင်သိမ်းထားခြင်းဖြစ်ပြီး ကျန် ဧက ၁၉၀၀ မှာ တရားဝင်သိမ်းဆည်းထားခြင်းမဟုတ်ဘူးဟု သိရသည်။

ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ နယ် အတွင်းက တောင်သူ ၁၀၀ ကျော်၏ မြေဧက ၂၀၄၈.၄ ဧက ကို ခမရ ၄၂၃/၄၂၄ တပ်ရင်းများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏ အမြောက်တပ် နှင့် ပြည်ထောင်စု မြန်မာ နိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်-ဦးပိုင် တို့ က သိမ်းယူထားခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။