ဇူလိုင်လကုန်တွင် ကိုယ်စားလှယ်လောင်းများ အပြီးသတ်ရွေးချယ်မည်ဟု MUP ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၈ ရက်။
မွန်ညီညွတ်ရေးပါတီအနေဖြင့် ယခုနှစ်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းများကို လာမည့် ဇူလိုင်လ အကုန်တွင် အပြီးသတ်ရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။
မွန်ညီညွတ်ရေးပါတီ ၏ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က “ကိုယ်စားလှယ်လောင်းရွေးချယ်ရေးနဲ့ ပတ် သက်ပြီးတော့ အဆင့် နှစ်ဆင့်လုပ်ထားပါတယ်၊ မြို့ နယ်အဆင့်ကနေ ရွေးချယ်မယ်။ မြို့ နယ်က ရွေးချယ် လာတာကို ဗဟိုအဆင့်မှာ အပြီးသတ်ရွေးချယ်မယ်၊ ဗဟိုက အပြီးသတ်ရွေးချယ် ပြီးရင်တော့ ကိုယ်စား လှယ်လောင်း စာရင်းထွက်လာမယ်” ဟု ပြောသည်။
ကိုယ်စားလှယ်လောင်းများကို မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေး အဖွဲ့များက ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ရွေးချယ်မည်ဖြစ်သည်။
ထို့နောက် မြို့နယ်မှ အဆိုပြု ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုအဆင့် ကိုယ်စားလှယ် ရွေးချယ်ရေးအဖွဲ့က ဇူလိုင်လ ၃၁ ရက်နေ့ တွင် အပြီးသတ် ရွေးချယ်သွားမည်ဖြစ်သည်ဟု နိုင်စံတင် က ပြောသည်။
ကိုယ်စားလှယ်လောင်း အဆိုပြုသူများသည် (၁) ပါတီဝင်ဖြစ်ရမည်၊ (၂) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိရမည်၊ (၃) ကိုယ်တိုင် စိတ်အားထက်သန်ပြီး ဆန္ဒပြုသူ ဖြစ်ရမည်၊ (၄) ကိုယ်ကျင့်သိက္ခာ အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်၊ (၅) ပါတီ၏ မူဝါဒ သဘောထားကို နားလည် လက်ခံ ယုံကြည်နိုင်သူဖြစ်ရမည် စသဖြင့် အရည်အချင်းများ သတ်မှတ်ချက် (၁၉) ချက်နှင့် ကိုက်ညီ သူဖြစ်ရမည် ဖြစ်သည်။
ပါတီအနေနှင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်လာနိုင်ရေး ကို လည်း အဓိက ဦးစားပေးအချက်တစ်ချက်အနေဖြင့် ရွေးချယ်သွားမည်ဟုလည်း ပါတီခေါင်းဆောင်များ က ပြောသည်။
“ကိုယ်စားလှယ်လောင်းတွေကို မြို့ နယ်ကနေ ရွေးချယ်လာမှာဖြစ်တဲ့အတွက် အမျိုးသမီးနဲ့ လူငယ် ကိုယ်စား လှယ်လောင်းတွေ ပါလာအောင် စည်းရုံးပေးဖို့နဲ့ တကယ်လို့ အရည်အချင်းတူ ရွေးချယ်ရမယ်ဆိုရင် အမျိုး သမီးနဲ့ လူငယ်ကို ဦးစားပေးရမယ်ဆိုတဲ့ဟာကို မြို့ နယ်ကိုလည်း ပြောထားပါတယ်” ဟု နိုင်စံတင်က ဆက် ပြောသည်။
ပါတီတွင်း၌လည်း အမျိုးသမီးနှင့် လူငယ်အင်အား အလွန်နည်းပါးနေသည့် အနေအထားကြောင့် အမျိုးသမီးနှင့် လူငယ်များ ပါတီတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ကြရန်လည်း မွန်ညီညွတ်ရေးပါတီက ဖိတ်ခေါ်ထားသည်။
မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုပါတီ တို့ ပူးပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး၊ ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့ က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မ ရှင် မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီ အဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ မွန်ညီညွတ်ရေးပါတီကို မှတ်ပုံ တင်ခွင့်ပြု ခဲ့သည်။
လက်ရှိတွင် မွန်ညီညွတ်ရေးပါတီတွင် ပါတီဝင်အင်အား နှစ်သောင်းကျော်ရှိသည် ဟု ပါတီခေါင်းဆောင်များ က ပြောသည်။