ရှမ်းမြောက်တွင် KIA နှင့် တပ်မတော် တိုက်ပွဲများ ဖြစ်ပွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၈ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တပ်မတော်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ကြား ယခု ရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဆိုသလို ပြန်လည်ဖြစ်ပွားလာနေသည်။
ကာလ အတော်အကြာ ရပ်တန့်နေသည့် တိုက်ပွဲများမှာ ဇွန်လ အစောပိုင်းမှ စတင်ကာ ပြန်လည်ဖြစ်ပွားလာ ခဲ့ပြီး ဇွန်လ ၇ ရက်နေ့တွင်လည်း ဆက်လက်ဖြစ်ပွား ခဲ့သည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တာဝန်ကျ နေသည့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
တပ်မတော်မှ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA စခန်းကုန်းများကို လာရောက် ပစ်ခတ်ခဲ့ခြင်းကြောင့် ဇွန်လ ၇ ရက်နေ့က ကွတ်ခိုင်မြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျနေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကွတ်ခိုင်မြို့နယ်ထဲမှာပါ။ တိုက်ပွဲဖြစ်တဲ့ နေရာနဲ့ ရွာ အရမ်းဝေးတယ်။ ပြည်သူတွေ ထိခိုက်တာတော့ မရှိပါဘူး။ လောလောဆယ် သေနတ်သံတွေ ရပ်သွားပြီ။ ကျနော်တို့ဆီကို ၁၀ ကြိမ်လောက်ပစ်တယ်။ မနက် ၆ နာရီလောက်မှာ စဖြစ်တာ။ သူတို့ဘက်ကပဲ ပစ် တယ်။ ကျနော်တို့ဘက်က ပြန်မပစ်ဘူး” ဟု ပြောသည်။
တိုက်ပွဲဖြစ်ရာနေရာသည် ကချင်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၆ လက်အောက်ခံ တပ်ရင်း ၉ အခြေချနေရာ ယူထားသည့် စခန်းကုန်းများဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် ဇွန်လ ၆ ရက်နေ့လည်း ကွတ်ခိုင်မြို့နယ်အတွင်းရှိ နမ့်ဖက်ကာ အနီးတစ်ဝိုက်တွင် တပ်မတော် နှင့် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မှု ရှိခဲ့သည်ဟု အဆိုပါ KIO အရာရှိက ပြောသည်။
တိုက်ပွဲများကြောင်း အရပ်သားများ စိုးရိမ် ထိတ်လန့်နေကြသည်ဟု နမ့်ဖက်ကာ မှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“ည ၉ နာရီလောက်ဆိုရင် ရွာလမ်းထဲမှာ မြန်မာ့တပ်မတော်က ရွာထဲကို အဖွဲ့လိုက်သွားနေတော့ ရွာသူ/သားတွေက အပြင်မသွားရဘူး။ ကြောက်နေကြတယ်။ မနေ့က ကားနဲ့ စစ်သား ၅၀ လောက် ကို ရွာထဲမှာ ချထားခဲ့တယ်။ အခု ကျနော်တို့ ရွာမှာ ညဆို စောစော ဆိုင်တွေ ပိတ်တယ်။ လျှောက်သွားရင်လည်း သူတို့ ပေါ်တာဆွဲမှာ ကြောက်ရတယ်။” ဟု ပြောသည်။
ဇွန်လ ၄ ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIA တပ်မဟာ ၁၀၊ တပ်ရင်း ၁၇ နှင့် တပ်မတော်တို့ ဘန်ကာကျည် ကျေးရွာအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည် သိရသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့မှ တာဝန်ရှိသူများကို ဆယ်သွယ်၍ မရသကဲ့သို့ တပ်မတော်မှ တိုက်ပွဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ် ပြန်ထားခြင်း မရှိပေ။
ယခုတိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများနှင့် အနီးတဝိုက်တွင် ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက တပ်မတော်နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့သေးသည် ဟု သိရသည်။ အဆိုပါ တိုက်ပွဲမှာ တပ်မတော်မှ ၎င်းတို့ လှုပ်ရှားရာ ဒေသအတွင်းသို့ တက်လာသည့်အ တွက် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ် သည်ဟု PSLF/ TNLA မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောဆိုထားသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသသည် တပ်မတော်မှ အပစ်ရပ်ကြေညာ ထားသလို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှလည်း အပစ်ရပ်ကြေညာထားသည့် ဒေသဖြစ်သည်။
COVID- 19 ကပ်ရောဂါ ဖြစ်ပွားနေသည့် တစ်ဖက်တွင် ယခုကဲ့သို့ ဒေသအတွင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာသည့်အတွက် ဒေသခံများ အနေဖြင့် စိုးရိမ်ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေသည်ဟု နမ့်ဖက်ကာ ဒေသခံတစ်ဦးက ပြောသည်။
နမ့်ဖက်ကာ ဒေသခံတစ်ဦးက “ဒီရက်ပိုင်း ကျနော်တို့နားမှာ တိုက် ပွဲက ဆက်တိုက်ပဲ။ တအာင်းနဲ့လည်း ဖြစ်တယ်။ ကချင်နဲ့လည်းဖြစ်တယ်။ အဓိက မဖြစ်ဖို့က အစိုးရတပ် ရော၊ တိုင်းရင်းသားတွေရောပေါ့ သူတို့ပြောတဲ့ ကတိအတိုင်း တည်မယ်နော်၊ သူတို့ပြောတဲ့အတိုင်း ကိုယ့် နေရာ ကိုယ်နေ ကြမယ်ဆိုရင် မဖြစ်လာပါဘူး။ အခုက အဲ့လိုမျိုးမဟုတ်ဘူး။ တိုက်ပွဲက ဆက်တိုက်ဖြစ် တယ်။ ရွာတွေထဲမှာ မဖြစ်ဘူးဆိုရင်လည်း ကျနော်တို့ ရွာသားတွေက ကြောက်တာပေါ့နော်။ လုံးဝ မဖြစ်စေချင်ဘူး။ တိုက်ပွဲကို လည်း ကြောက်ရတယ်။ အခုဖြစ်နေတဲ့ ဒီရောဂါကြီးကိုလည်း ကြောက်နေရတယ်” ဟု ပြောသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ထဲတွင် တစ်ဖွဲ့အပါအဝင်ဖြစ်ပြီး အစိုး ရ၊ တပ်မတော်တို့နှင့် ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေ သော်လည်း ယခုအချိန်အထိ ပြေလည်မှု မရရှိသေးပေ။
ပဏာမ အပစ်အခတ် ရပ်စဲရေးစာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းနေသည့် ကာလတွင် COVID-19 ကပ်ရောဂါဖြစ်ပွားလာသည့် အတွက် တေ့ွဆုံဆွေးနွေးမှုများမှာလည်း ရပ်တန့်သွားသည် မှာ ယနေ့အချိန်အထိဖြစ်သည်။
မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တွင် ကချင်လွတ်လပ်ရေးအဖွဲ့ KIO အပါအဝင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် ရက္ခိုင့်တပ်တော် AA၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် MNTJP/MNDAA တို့ ပါဝင်သည်။