KIO ထိန်းချုပ်နယ်မြေ တွင် COVID-19 ကာကွယ်မှု လုပ်ငန်း တိုးမြှင့်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၂ ရက်။

တရုတ်နယ်စပ် လွယ်ဂျယ်တွင် COVID-19 ရောဂါ ကူးစက်သူ တစ်ဦးတွေ့ရှိပြီးနောက် ကချင် လွတ်လပ်ရေး အဖွဲ့ KIO ထိန်းချုပ် နယ်မြေအတွင်း ရောဂါကာကွယ်တားဆီးရေး လုပ်ငန်များကို တိုးမြှင့် လုပ်ဆောင်မည်ဟု KIO COVID-19 ကာကွယ်နှိမ်နှင်းရေး ကော်မတီက ပြောသည်။

မြန်မာ-တရုတ် နယ်စပ်၊ ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့ရှိ နယ်စပ်ဂိတ်တွင် တာဝန်ထမ်းဆောင်နေသော အသက် ၂၄ နှစ်ရွယ် ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိပြီးနောက် ကာကွယ်ရေး လုပ်ငန်းများကို အသစ်ပြင်ဆင်မှုများနှင့် တိုးမြှင့် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ကော်မတီ တာဝန်ရှိသူက ပြောသည်။

မိုင်ဂျာယန်မြို့ ရှိ KIO COVID-19 ကာကွယ်နှိမ်နှင်းရေး ကော်မတီ တာဝန်ရှိသူ ဦးနော်မိုင် က “ဒီမနက် ကျနော် တို့ ဒေသအနီးနားမှာပဲ ပိုးတွေ့လူနာတွေ့ရှိနေပြီ ဖြစ်တဲ့အတွက် ကျနော်တို့ဘက်မှာ ရှိတဲ့ စစ်ဆေးရေး ဂိတ်တွေ အားလုံး နဲ့ တရုတ်ဘက်မှာ ရှိတဲ့ စစ်ဆေးရေးဂိတ်တွေမှာ အသွားအလာလုပ်ခွင့် ပိတ်ပင်တားမြစ်တဲ့ ထုတ်ပြန် ကြေညာချက်တွေကို ပြင်ဆင်နေတာ ပြီးသလောက်ဖြစ်နေပြီ ဖြစ်တယ်။ ကုန်စည်တွေကိုတော့ သတ်မှတ်ထား တဲ့ နေရာကနေ စည်းကမ်းချက်တွေနဲ့ ရောင်းချသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

မိုင်ဂျာယန်မြို့သည် KIO ထိန်းချုပ်နယ်မြေဖြစ်ပြီး လွယ်ဂျယ်မြို့ နှင့် ၁၅ မိုင်ခန့် တွင် ရှိသည်။ ထို့ကြောင့် ယခုခါ KIO ၏ စစ်ဆေးရေးဂိတ်များကိုလည်း ပိတ်သွားရန်ရှိသည်ဟု ဦးနော်မိုင် က ဆက်ပြောသည်။

“မိုင်ဂျာယန်အတွက်တော့ အဓိကက ဒီစစ်ဆေးရေးဂိတ်တွေကို ရက်ကန့်သတ်ထားပြီး ပိတ်သွားဖို့ ရှိတယ်။ ပြီး တော့ ပြည်သူတွေ အပြင်သွားလာတဲ့အခါ လုပ်ဆောင်ရမယ့် စည်းကမ်းချက်တွေကိုလည်း ပြည်သူများ လိုက် နာနိုင်ရန် ထုတ်ပြန်ချက်ထုတ်ပေးသွားမှာ ဖြစ်သလို ဒီရက်ပိုင်းအတွင်းမှာပဲ လွယ်ဂျယ်ကို ရက်ကြာရှည် ဆေး ထုတ်စားတဲ့ သူတွေလည်းရှိနေတယ်။ အခုက ဂိတ်တိုင်းက ပိတ်ထားပြီဖြစ်တဲ့အတွက် သူတို့ အတွက်ကျတော့ Home Quarantine နည်းပုံစံနဲ့ လုပ်ဆောင်ပေးနိုင်ဖို့လည်း စီစဉ်နေပါတယ်။”

လူနာအမှတ် ၂၄၉ သည် ကချင်ပြည်နယ်မှ ဒုတိယမြောက် COVID-19 ပိုးတွေ့လူနာဖြစ်သည်။

၎င်းမှာ ပြည်ပခရီးသွားရာဇဝင်မရှိသလို COVID-19 ရောဂါအတည်ပြုလူနာများနှင့်လည်း အနီးကပ် ထိတွေ့ဆက်ဆံမှု မရှိဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ လူနာအမှတ် ၂၄၉ သည် နေမကောင်း ဖြစ်လာသည့်အတွက် မိုးမောက်ဆေးရုံတွင် ဆေးစစ်ကြည့်ရာမှ ရောဂါပိုးတွေ့ ရှိရခြင်းဖြစ်သည်ဟု သိရသည်။

လူနာအမှတ် ၂၄၉ အား ယခုခါ ဗန်းမော်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေသည်ဟု မိုးမောက် မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဝင်း က ပြောသည်။

ယခုကဲ့သို့ ခရီးသွားရာဇဝင်မရှိ၊ COVID-19 ရောဂါအတည်ပြုလူနာများနှင့် ထိတွေ့မှု မရှိပဲ ရောဂါကူးစက်မှုများ ရှိနေသည့်အပေါ် စိုးရိမ်သည်ဟု မိုင်ဂျာယန်ဒေသခံ ဦးကြောင်ဖာ့ဂွန်း က ပြောသည်။

“အိုး ဒါက အရမ်းကြောက်ဖို့ ကောင်းတယ်နော်။ အခုကျနော်တို့ မိုင်ဂျာယန်အတွင်းမှာတောင်မှ ဒီမနက်က ဒီနားလေးမှာပဲ ပိုးတွေ့တယ်ဆိုလို့ အရင်ကထက် ပိုကြောက်ပြီး ပိုလန့်နေကြပြီ။ ဒါကြောင့် ကျန်းမာရေးဌာနက ညွန်ကြားချက်အတိုင်း အားလုံး လိုက်နာပြီး ကာကွယ် ကြရအောင်။”

မိုင်ဂျာယန်မြို့၊ လိုင်ဇာမြို့များသို့ လွယ်ဂျယ်မြို့မှ သွားလာနေကြသော ပြည်သူအများအပြားရှိနေပြီး KIO ထိန်းချုပ်နယ်မြေအတွင်းက ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။ KIO ထိန်းချုပ်နယ်မြေများဖြစ်သည့် မိုင်ဂျာယန်မြို့ နှင့် လိုင်ဇာမြို့တို့ အနီးတွင် စစ်ဘေးရှောင်စခန်းများ ရှိသည်။

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံမှာ ပြန်လာသူများကို ဧပြီလ ၁၆ ရက်နေ့မှ စတင်ကာ ပြန်လည်လက်ခံ နေပြီး ဇွန်လ ၁၁ရက်နေ့ ထိ ပြန်လည်ဝင်ရောက်လာသူ စုစုပေါင်း တစ်သောင်းကျော်ရှိပြီဟု သိရသည်။