ရှမ်းမြောက်နှင့် ကချင် မန်ဝိန်း ဒုက္ခသည်များ အခြေခံ စားသောက်ကုန်များ ပံ့ပိုးရန် တောင်းဆို

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၃ ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မန်ဝိန်းကြီး ဒေသရှိ စစ်ရှောင်များက အခြေခံ စားသောက်ကုန်များ အတွက် အကူအညီများ တောင်းခံလိုက်သည်။

COVID-19 ကာလအတွင်း စစ်ဘေးရှောင်များအနေဖြင့် အပြင်သို့ ထွက်၍ အလုပ်လုပ်ကိုင်ခွင့် မရှိခြင်းနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးခြင်းတို့ကြောင့် ဝင်ငွေ မရှိသည့်အတွက် ပိုမိုခက်ခဲလာခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ဇွန်လ ၁၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မန်ဝိန်းကြီး ဒေသရှိ စစ်ဘေးရှောင်များမှ COVID- 19 ကာလအတွင်း ၎င်းတို့၏ စိုးရိမ်ချက်များနှင့် ပတ်သက်ပြီး ထုတ်ပြန် ချက်ထဲတွင် COVID- 19 ကာလကြာမြင့်လာသည့်နှင့်အမျှ စခန်းအတွင်းရှိ IDPs များသည် စခန်းပြင်ပသို့ အသက်မွေးကြောင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အခွင့်အလမ်းနည်းပါးခြင်း၊ ကန့်သတ်ချက်များ ရှိနေ ခြင်းကြောင့် IDPs များအား ရေရှည် စားဝတ်နေရေး စားနပ်ရိက္ခာ အခက်အခဲအားလုံး လုံလောက်စွာ ပံ့ပိုး ပေးရန် တောင်းဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မန်ဝိန်းကြီး ဒေသရှိ ဒုက္ခသည် ကော်မတီမှ ဦးနောင်လတ်က “အခုလို COVID ကာလမှာ စခန်းအတွင်း ရောဂါပိုး ဝင်လာမှာစိုးလို့ အပြင်မထွက်ခိုင်းဘူးဆိုတော့ အခြေခံ အစားအစာတွေနဲ့ မီးဖိုချောင် သေးသေးမွှားမွှားကအစ အကုန်ခက်ခဲလာတယ်” ဟု ပြောသည်။

ထို့အပြင် ကျန်းမာရေးအတွက် နှင့် ကျောင်းပြန်ဖွင့်ပါက ကလေးများ၏ ကျောင်းစရိတ်အတွက် အခက်အခဲများ ရှိနေသည်ဟု ဦးနောင်လတ် က ဆက်ပြောသည်။

“နောက်တစ်ခုက စခန်းအတွင်းမှာပဲ နေတယ်ဆိုတော့ အလုပ်လက်မဲ့တွေ ဖြစ်လာတယ်။ ကလေးတွေ အတွက် ကျောင်းစရိတ်၊ ကျန်းမာရေးအတွက် အသုံးစရိတ်ကအစ ဘယ်က ရှာရမှန်းမသိတော့ စိုးရိမ်နေရတယ်။”

ထို့အပြင် COVID- 19 ကပ်ရောဂါကာလအတွင်း ကျောင်းပြန်လည်ဖွင့်လှစ်လာသည်ဖြစ်စေ၊ ကျောင်းများ ဖွင့် လှစ်ရန် ခက်ခဲနေသည်ဖြစ်စေ IDPs စခန်းအတွင်းရှိ ကျောင်းသူ/ကျောင်းသားများအား အခြေခံအခွင့် အရေး တန်းတူရရှိရေး၊ အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ လမ်းညွှန်ချက်နှင့် အညီ ပညာသင်ကြား နိုင်ရန် လိုအပ်သည့် ကာကွယ်ရေး ပစ္စည်းများ သင်ထောက်ူပစ္စည်း၊ ဆရာ/ဆရာမများနှင့် စာသင်ဆောင်များအား လုံလောက်စွာ ပံ့ပိုးပေးရန် လိုအပ်နေသည်ဟု စစ်ရှောင်များက ဆိုသည်။

COVID- 19 ကပ်ရောဂါကာလ လူစုလူဝေး မပြုလုပ်ရန် ညွှန်ကြားထားသော်လည်း စစ်ဘေးရှောင် IDPs စခန်းများ၌ လူနေမှု သိပ်သည်းမှု များစွာဖြင့် စုပေါင်းနေထိုင်ရခြင်းသည် ရောဂါကာကွယ်တားဆီးရေး ဆိုင်ရာ လုပ်ငန်းဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေရန် ညွန်ကြားချက်များမှာ လက်တွေ့၌ IDPs များ အချင်းချင်းကြား ရောဂါကူးစက်ခံရမည်ကို လွန်စွာ စိုးရိမ်ပူပန်မှုများ ရှိနေသော ကြောင့် IDPs များအား ရောဂါစစ်ဆေးပေးခြင်း အခြေခံကျန်းမာရေးဝန်ဆောင်မှုများ အချိန်နှင့် တစ်ပြေးညီ တုန့်ပြန်ကူညီပေးရန်လည်း တောင်းဆိုထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မန်ဝိန်းကြီး ဒေသရှိ ဒုက္ခသည် ကော်မတီ မှ ဒေါ်ခေါန်ထွယ် က “COVID ကာလအချိန်မှာ လူစုလူဝေး မလုပ်ဖို့နဲ့ လူတစ်ယောက်နဲ့ တစ်ယောက် ၆ ပေ အကွာမှာ နေဖို့ အစိုးရ က ညွန်ကြားထားပေမယ့် ကျမတို့ စစ်ရှောင်စခန်းတွေမှာက လူထူထပ်ပြီး နေရာက ကျဉ်းလွန်းတဲ့ အတွက် စစ်ရှောင်ပြည်သူတွေ အချင်းချင်းကြား ရောဂါကူးစက်ခံရမှာကို အရမ်းစိုးရိမ်နေရပါတယ်” ဟု ပြောသည်။

ထို့အပြင် COVID- 19 ကပ်ရောဂါ အကြပ်အတည်း ကာလအတွင်း IDPs များသည် မိမိသဘောဆန္ဒအရ ပြောင်းရွေ့နေထိုင်နိုင်ရန် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ အတင်းအဓမ္မ တွန်းအားပေးမှုများ မပြုလုပ်ပဲ နိုင်ငံတကာ စံချိန်စံနှုန်းနှင့်အညီ ကူညီထောက်ပံ့ပေးရန်လည်း ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း တောင်းဆို ထားသည်။

ဒေါ်ခေါန်ထွယ် က “ဒါကို စိုးရိမ်တာကြောင့် နေရာပြောင်းရေ့ွှ့ တာတွေလုပ်ချင်ပါတယ်။ ဒါပေမယ့် ဒီရောဂါ ကြောင့် ဒီအလုပ်ကို မလုပ်နိုင်ခဲ့ဘူး။ တခြားအဖွဲ့အစည်းတွေရဲ့ အကူအညီလည်း လိုချင်ပါတယ်။ နေရာပြောင်း ရွှေ့ ဖို့ကို အမြန်ဆုံးလုပ်ချင်ပါတယ်။ ဒီရောဂါက ဘယ်ချိန်ထိ ရှိနေမှာလဲ ကျမတို့ မသိဘူး။ စစ်ရှောင်မှာက အခုလိုမျိုး အခန်းကျဉ်းကျဉ်းကြပ်ကြပ်မှာပဲ နေနေတာဆိုတော့ ဒီရောဂါကို ကာကွယ်တဲ့နေရာမှာ လိုအပ်ချက် တွေ အများကြီး ရှိလာမှာကို စိုးရိမ်တယ်။ ကလေးတွေဆိုရင် ကန့်သတ်ထားတဲ့အတိုင်း မလိုက်နာနိုင်တာတွေ လည်း ရှိနေတယ်” ဟု ဆက်ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဇွန်လ ၁၂ ရက်နေ့အထိ COVID- 19 ကူးစက်ခံရသူ ၂၆၁ ဦး၊ ကုသမှု ခံယူပြီး ရောဂါပိုး ကင်းစင်လာသူ ၁၆၅ ဦး နှင့် သေဆုံးသူ ၆ ဦးရှိသည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ချက်အရသိရသည်။

ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့က လူနာအမှတ် ၂၄၉ သည် COVID-19 ရောဂါပိုးတွေ့လူနာဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာပြီးနောက် စစ်ရှောင်များက COVID- 19 ကပ်ရောဂါ အကြပ်အတည်း ကာလအတွင်း IDPs များ၏ အခက်အခဲများနှင့် စိုးရိမ်ချက်များကို ထုတ်ပြန် တောင်းဆိုလိုက် ခြင်း ဖြစ်သည်။

၂၀၁၁ခုနှစ် ဇွန်လ (၉)ရက်မှ စတင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်၌ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသတွင် စစ်ဘေးရှောင် လူဦးရေစုစုပေါင်း ၁၄၀၀၀ ကျော်က နေရပ်ကိုစွန့်ကာ စစ် ရှောင်စခန်း ပေါင်း ၃၉ ခု တွင် လူမှုဒုက္ခများစွာဖြင့် ခိုလှုံနေကြရခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် က ချင်ပြည်နယ် မန်ဝိန်းကြီးဒေသရှိ ဒုက္ခသည် ကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။