နှစ်လအတွင်း KNU နှင့် တပ်မတော် ထိတွေ့မှု အကြိမ် ၉၀ နီးပါးဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၄ ရက်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ ၅ နှင့် တပ်မတော်တို့ ၂ လအတွင်း ထိတွေ့ပစ်ခတ်မှု ၈၈ ကြိမ်ဖြစ်ပွားခဲ့သည်ဟု KNU က ပြောသည်။

ဧပြီလ ၁ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ၂ လအ တွင်း ကရင်ပြည်နယ် ဖာပွန် (မူတြော်ခရိုင်) KNU တပ်မဟာ ၅ နယ်မြေအတွင်း တပ်မတော်၏ စစ်ရေး လှုရှားမှု အခြေအနေများနှင့်ပတ်သက်သည့် ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

တပ်မတော်က သတ်မှတ်နယ်မြေ ကျော်လွန်သွားလာခြင်းနှင့် တပ်စခန်းများ လာရောက်ချထားခြင်းတို့ ကြောင့် ပစ်ခတ်မှု ဖြစ်ပွားရခြင်းဖြစ်သည်ဟု KNU က ပြောသည်။

“၂၀၂၀ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဇွန်လ ၃ ရက်နေ့အထိ ၂ လတာအ တွင်း မြန်မာတပ်မတော် နှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် (တပ်မဟာ ၅) အကြား ပစ်ခတ်မှု (၈၈) ကြိမ် ဖြစ်ပွားခဲ့ပါသည်။ ပစ်ခတ်မှုဖြစ်ပွားရသည့် အကြောင်းအရင်းမှာ မြန်မာတပ်မတော်သည် သတ်မှတ်နယ်မြေ များကို ကျော်လွန်၍ လှုပ်ရှားသွားလာခြင်း နှင့် တပ်စခန်းများ လာရောက်ချထား ခြင်းကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် (တပ်မဟာ ၅) ၏ နယ်မြေကာကွယ် စောင့်ရှောက်ရေးတပ် များ နှင့် ထိတွေ့ကာ ပစ်ခတ်မှုများ ဖြစ်ခဲ့ရခြင်းဖြစ်ပါသည်” ဟုထုတ်ပြန်ချက်က ဆိုသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ် ရတခ လက်အောက်ခံ တပ်ရင်းများနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂ လ တာ ပစ်ခတ်မှုအတွင်း တပ်မတော်ဖက်မှ အယောက် ၃၀ ကျဆုံးပြီး ၃ ယောက်ဒဏ်ရာ ရခဲ့သည်ဟု KNU က ဆိုသည်။

နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုအတွင်း တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အဆိုပါဒေသရှိ ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ထို့အပြင် ကျေးရွာ ၄ ရွာ၊ အိမ်ခြေ ၁၀၃ အိမ် မှ ဒေသခံ ရွာသား ၅၇၂ ဦးထွက်ပြေးတိမ်း ရှောင်နေရသည်ဟု KNU က ပြောသည်။

ထို့အပြင် ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် ယာခင်းနှင့် နှစ်ရှည်ပင်ခြံများကို တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သည်ဟု KNU က ထုတ်ပြန်ချက်ထဲတွင် စွပ်စွဲထားသည်။

“မြန်မာတပ်မတော်၏ လိုက်လံ၍ မီးရှို့မှုကြောင့်လဲ ပြည်သူလူထုများ၏ တောင်ယာခင်း ၆၆ ခင်း၊ ဖာလာခြံ ၈ ခြံ နှင့် ဒညင်းခြံ ၁ ခြံ မီးလောင်ပျက်စီးခဲ့ပါသည်” ဟုပြောသည်။

“ထို့ပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသစ်တော ၂ ခုဖြစ်သော ဖလခို သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး သစ်တော နှင့် လက်ခီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့မှ ဧက ၄၉၄၃.၃၂ ခန့်လဲ မီးလောင်ပျက်စီးခဲ့ရပါသည်” ဟု KNU ၏ ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

တပ်မတော်မှ KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်(မူတြော်ခရိုင်) အတွင်းသို့ တပ်အင်အား တိုးချဲ့လှုပ်ရှား မှုများရှိနေပြီး အဆိုပါဒေသတွင် တပ်မတော်၏ တပ်ရင်းပေါင်း ၂၀၊ တပ်စခန်း ၈၂ ခုနှင့် နယ်ခြားစောင့် တပ်ရင်း ၃ ခု ရှိသည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တစ်စုံတစ်ရာ ထုတ်ပြန်ထား ခြင်းမရှိသေးပေ။

KNU တပ်မဟာ ၅ ဒေသအတွင်းတွင် တပ်မတော်မှ ဒေသဖွံ့ဖြိုးရေးဟု ဆိုကာ လမ်းဖောက်လုပ်မှုများ လုပ်ဆောင်နေပြီး အဆိုပါ လမ်းဖောက်လုပ်မှုများကို KNU မှ ဒေသဖွံ့ဖြိုးရေးထက် စစ်ရေးရည်မှန်းချက်ဖြင့် လုပ်ဆောင်မည်ကို စိုးရိမ်သည့်အတွက် သဘောမတူရာမှ နှစ်ဖက် စစ်ရေးတင်းမာမှုများ စတင်ဖြစ်ပွား လာ ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် KNU နှင့် ကရင်ပြည်နယ် ဖာပွန် (မူတြော် ခရိုင်)တွင် ပစ်ခတ်မှုများ ဖြစ်ပွားနေသကဲ့သို့ အခြား NCA လက်မှတ်ရေးထိုးထားသည့် RCSS/ SSA သည်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားကြသည့် အဖွဲ့များမှာ ကရင် အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသား တပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုကရေစီအကျိုးပြုတပ် မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူ ဒီမိုကရက်တစ်အစည်းအရုံး LDU အဖွဲ့တို့ဖြစ်သည်။