ရခိုင် စစ်ရှောင်များ ရေဘေး ကြုံနေရ၊ အရေးပေါ် ထောက်ပံ့မှု လိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၂ ရက်။

ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့ နယ် ၅ မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း ၁၄ ခုတွင် ရေဘေးဒုက္ခကြောင့် အခက်အခဲများ နှင့် ကြုံနေရသည်ဟု စစ်ရှောင်များနှင့် ၎င်းတို့အား အကူအညီပေးနေသည့် အရပ်ဘက်အဖွဲ့ အစည်း များ က ပြောသည်။

မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မြောက်ဦးမြို့နယ်များအတွင်း မိုးအဆက်မပြတ် ရွာသွန်းနေခဲ့ခြင်းကြောင့် စစ်ရှောင် စခန်းများအတွင်း ရေကြီးလာကာ နေအိမ်အမိုးအကာများပါ ပျက်စီးကုန်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC) က ပြောသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “ရေကြီးခဲ့တာက အကုန်လုံး စခန်း ၁၄ ခုလောက်မှာပေါ့နော် မြို့နယ် ၄-၅ မြို့နယ်က စခန်း ၁၄ ခုထဲရေကြီးခဲ့တာပါ၊ အဓိက ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ နောက် မြောက်ဦးပေါ့နော်။ အဲ့မှာတွေ ရေကြီးခဲ့တာဖြစ်တယ်။ ရေတော့ ကျနေပြီ စပြီးတော့။ ရေတက်နေတဲ့အချိန်မှာ ရေတွေ စခန်းတွေထဲအထိရောက်တော့ တချို့တွေက ချောင်းရေကြောင့် ပြောရမလား။ အမိုးတွေ အကာတွေ ပွင့်ထွက်ကုန်တယ်။ ပျက်ဆီးကုန်တာတွေ ရှိတယ်” ဟု ပြောသည်။

ရေဘေးကြုံနေရသော စစ်ရှောင်များအတွက် အကူအညီများလိုအပ်နေကြောင်း သူက ဆက်ပြောသည်။

“ပျက်စီးသွားတဲ့ ပမာဏတော့ အတိအကျပြောလို့ မရသေးဘူး။ ဘာလို့လည်းဆိုတော့ အဲ့ဒီနေရာတွေက သွားလာဖို့ ခက်တယ်။ ဆက်သွယ်ရေးလည်း အဆင်မပြေဘူး။ ဖုန်းလိုင်းတွေက မကောင်းဘူး မိုးတွေရွာရင်။ စာရင်းတော့ ကောက်နေတယ်။ ကျနော်တို့ကို အခုအကူအညီတောင်းထားတာတော့ တာလပတ်စတို့၊ မိုးကာ စတို့ တောင်းထားတာတွေလည်း ရှိတယ်။ စားနပ်ရိက္ခာလည်း အခက်အခဲရှိတယ်လို့ ပြောလာတာရှိတယ်။ ဒုက္ခရောက်တာက အနည်းအများတော့ကွာတယ်။ လုံးဝ ဒုက္ခ ရောက်တာက လူဦးရေ ၇၀၀၀ ကျော် လောက် ရှိမယ်။”

စစ်ရှောင်စခန်းများအတွင် ရေကြီးနေခြင်းကြောင့် ရေဘေးလွတ်ရာနေရာ များတွင် ခေတ္တနေ နေကြရသည် ဟု မြေပုံမြို့နယ် ရက်ချောင်း စစ်ရှောင်စခန်းက စစ်ရှောင်တစ်ဦးက ပြောသည်။

“အခုထိတော့ မပြန်ရသေးဘူး။ ရေတော့ နည်းနည်းတော့ကျပြီ။ ကျနော်တို့က လယ်ကွင်းထဲမှ ဆောက်ထား ပေးတဲ့ တဲပေါ့ အဲ့မှာနေတာပါ။ ပြောရမယ်ဆိုရင် ၁၇ ရက်နေ့က ရေတွေတအားကြီးလာတော့ နေလို့မရတော့ လို့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေကို လေးတောင်ရွာ ဘုန်ကြီးကျောင်းမှာ ပို့ထားရတာ” ဟု ပြောသည်။

“ကျနော်တို့ဆီမှာ စားနပ်ရိက္ခာအခက်အခဲရှိတယ်။ ပြီးခဲ့တဲ့လကတည်းက စားနပ်ရိက္ခာမရောက်တော့ဘူး။ ဆန်ပဲ နည်းနည်းရှိတယ်။ ကျန်တာဘာမှ မရှိဘူး။ အရမ်းဒုက္ခရောက်တယ်။ စားဖို့မရှိဘူး အခုနေဖို့ အခက်အခဲ ထပ်ဖြစ်တယ်။”

ရခိုင် မြောက်ပိုင်းက မြို့နယ် ၅ မြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးနေသည်မှာ ရက်သတ္တပတ်ကျော်ခန့် ကြာပြီဖြစ်ပြီး ယမန်နေ့က စ၍ အချို့နေရာများတွင် ရေအနည်းငယ်ကျလာပြီဟုလည်း ဦးဇော်ဇော်ထွန်း က ပြော သည်။

ရေဘေးဒုက္ခသည်နှင့် ကြုံနေရသည့် စစ်ရှောင်များအတွက် အစိုးရအနေဖြင့် ကူညီပံံ့ပိုးပေးစေချင်သည်ဟု ဦးဇော်ဇော်ထွန်း က ဆက်ပြောသည်။

“ကျနော်တို့တောင်းဆိုချင်တာက သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့ အရေးပေါ် ကော်မတီ ရှိတယ်ပေါ့ နော်။ သူတို့မှာလည်း အရေးပေါ်ဘတ်ဂျက်တွေရှိတယ်။ တခြား အစီအစဉ်တွေ ရှိတယ်လို့ သိရတယ်။ သူတို့ တွေအနေနဲ့ မြန်မြန်ဆန်ဆန်ကူညီပေးစေချင်တယ်။ ကူညီဖို့ သွားလာတဲ့ အခါမှာလည်း အတားအဆီးတွေ ကန့်သတ်ချက်တွေ မလုပ်စေချင်ဘူး။ ဘာလို့လည်းဆိုတော့ ကျနော်တို့က ဒီသဘာဝဘေးတစ်ခုတည်း ကြုံနေရတာမဟုတ်ဘူး။ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေလည်း ရှိလာ နိုင်တယ်။ စားနပ်ရိက္ခာ ပြတ်လပ်မှုလည်း ရှိလာနိုင်တယ်။ ဒီအခြေအနေကို ဆိုးကျိုးတွေ ဒီထက်မများလာအောင် မြန်မြန်ဆန်ဆန် ကူညီပေးလို့အောင် အစိုးရတာဝန်ရှိသူတွေ ဘက်နေပြီး ကူညီပေးချင်တယ်။ အခုလောလောဆယ် အချိန်ထိ တော့ အစိုးရက ကူညီတာ မရှိသေးပါဘူး။”

ရေဘေးဒုက္ခနှင့် ကြုံနေရသည့် ရခိုင် စစ်ရှောင်ပြည်သူများအနေဖြင့် ယခုခါ စစ်ဘေးလွတ်ရာ နေများဖြစ်သည့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများတွင် ခေတ္တနေနေကြရပြီး ၎င်းတို့၏ စားဝတ်နေရေးအတွက် နီးစပ် ရာကျေးရွာများက ပြည်သူများနှင့် ဒေသအတွင်းရှိ အကူအညီပေးရေးအဖွဲ့ များက ကူညီပေးနေရ သည်ဟု သိရသည်။

ဇွန်လ ဒုတိယ အပတ်တွင်း ဖြစ်ပွားခဲ့သည့် ရေကြီးခြင်းကြောင့် စစ်ရှောင် အများအပြား ရေဘေးလွတ်ရာ နေရာ အသီးသီးတွင် ခေတ္တပြောင်းရွှေ့ နေထိုင်ခဲ့ကြရပြီး ယမန်နေ့က စ၍ ရေကျလာသည့် စခန်းများရှိရာ အချို့မှာ စခန်းတွင်းသို့ ပြန်ရန် ပြင်ဆင်နေသူများလည်း ရှိသည်ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။ သို့သော်လည်း မိုးများ ရွာသွန်းနေသေးသည့်အတွက် အများစုမှ စခန်းအတွင်း ပြန်နေထိုင်ရန် အခက်အခဲများ ရှိနေသေး သည် ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် စစ်ရေး ပဋိပက္ခများကြောင့် ဒေသခံပြည်သူ တစ်သိန်းခွဲကျော်သည့် စစ်ဘေးဒုက္ခသည်အနေဖြင့် မူလနေရပ်ရင်း ကျေးရွာများကို စွန့်ခွာထွက်ပြေးနေကြရသည်။