စာပေနှင့် သတင်းသမားများ စစ်ရှောင်များကို ကူညီမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၂ ရက်။
ရခိုင်အခြေစိုက် စာပေသမားများနှင့် သတင်းသမားများ က မိုးရာသီတွင် အခက်အခဲကြုံနေရသော စစ်ဘေး ရှောင်များအား ပထမဆုံးကြိမ်ကူညီထောက်ပံ့ရန် ရံပုံငွေများ ကောက်ခံလျက်ရှိသည်။
မိုးရာသီတွင် အခက်အခဲများကြုံနေရသည့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများကို တတ်နိုင် သလောက် ကူညီထောက်ပံ့ပေးသွားမည်ဟု ရခိုင်အခြေစိုက် စာပေသမားများနှင့် သတင်းသမားများက ပြော သည်။
“စစ်ရှောင်တွေကိုကူညီတာက ခုအစီစဉ်က ပထမဆုံးအကြိမ်ပါ။ ကျနော်တို့မှာက စစ်ဘေး ဒုက္ခသည်တွေလည်း တနေ့တခြားပိုပိုများလာတယ်။ ဒုက္ခသည်တွေများလာတော့ အခက်အခဲတွေလည်း များလာတယ်။ ဒါကြောင့်ကျနော်တို့ ဒီစာပေနဲ့မီဒီယာသမားတွေက စေတနာသဒ္ဒါသလောက် လှူမယ်ဆိုတဲ့ သဘောနဲ့ပါ” ဟု ရခိုင်အခြေစိုက် စာပေနှင့်သတင်းသမားများအဖွဲ့ဝင် ဦးလေးဝတီထွန်းစောခိုင်က ပြောသည်။
လက်ရှိချိန်တွင် အလှူငွေများကောက်ခံနေပြီး ကူညီထောက်ပံ့ပေးရန်အလှူငွေများ လုံလောက်ပါက ရခိုင်ပြည်နယ်အတွင်း စားဝတ်နေရေး အဓိကခက်ခဲနေသော စစ်ဘေးရှောင်ပြည်သူများကို ကူညီထောက်ပံံ့ ပေးသွားမည်ဟု ဦးလေးဝတီထွန်းစောခိုင် ကဆိုသည်။
“အဓိကတော့ ကျနော်တို့က အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းတွေလှူဖို့ပါ။ ဆန်လိုနေသလား၊ ဆီလိုနေသလား၊ ပဲလိုသလား၊ ငါးပိငါးခြောက်လိုနေသလား ဒါမှမဟုတ် အဝတ်အထည်လိုနေသလား၊ ထီးလိုနေသလား၊ အမိုးအကာလိုနေသလား ဒီလိုအခြေမနေတွေကို ကူညီဖို့ပါ။”
ရခိုင် မြောက်ပိုင်းက မြို့နယ် ၅ မြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ကာ စစ်ဘေးရှောင်စခန်း ၁၄ခု မှာရေဘေးဒုက္ခကြုံနေရကြောင်းသိရသည်။
ရခိုင်ပြည်နယ်မှာ စစ်ဘေးရှောင်ပြည်သူများစုစုပေါင်း တစ်သိန်းကျော်ရှိနေပြီး ၎င်းတို့အနက်မှ သုံးပုံတစ်ပုံခန့် သည် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများနှင့် စစ်ဘေးဝေးသော မြို့ပေါ်က အဆောက်အအုံများ၌ ဖွင့်လှစ် ထားသည့် စစ်ဘေးရှောင်စခန်းများမှာ နေထိုင်နေကြကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC မှထုတ်ပြန်ထားသော စာရင်းများအရ သိရသည်။