ကွတ်ခိုင်ဒေသ ရွာသား ၅ ဦးအား စစ်တပ်မှ ခေါ်ဆောင်ကာ ပစ္စည်းထမ်းခိုင်း၊ ၄ ဦးပြန်လွတ်လာ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၃ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းက ဒေသခံပြည်သူ ၅ ဦးကို တပ်မတော်က ယနေ့နံနက် ပိုင်း တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး နေ့လည်တွင် ၄ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၁ ဦးမှာ ဖမ်းဆီး ခံရဆဲဖြစ်သည်ဟု သိရသည်။
ကွတ်ခိုင်မြို့နယ်၊ နားချမ်ဒေသ၊ နမ့်ဟူးကျေးရွာအုပ်စုထဲမှ တုံခမ်းကျေးရွာ ဒေသခံ ၅ ဦးကို ဇွန်လ ၂၃ ရက်နေ့ ယနေ့ နံနက်ပိုင်းက ဖမ်းဆီးသွားခဲ့ပြီး နေ့လည် ၁၁နာရီခွဲခန့်တွင် ၄ ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများ က ပြောသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဇွန်လ ၂၂ ရက်နေ့ ကတည်းက ဗမာ့တပ်မတော် တပ်မ ၈၈ နဲ့ တပ်မ ၉၉ တွေ ရွာမှာ ဝင်ရောက်နေတယ်။ သူတို့က နမ့်ဟူးကျေးရွာ တိုက်ပွဲက ထိခိုက်ဒဏ်ရာရ လူနာတွေနဲ့ ဝင်ရောက်လာတာ ဖြစ်တယ်။ မနေ့ညက တုံးခမ်းရွာမှာပဲ အိပ်လိုက်တယ်။ ဒီမနက် တပ်မ ၈၈ တွေက တုံးခမ်းရွာကနေ အနောက်ဘက်မှာရှိတဲ့ နောင်ဖန်းရွာကို သွားလိုက်တဲ့ အချိန်မှာ ရွာသား ဒေသခံ ၅ ယောက်ကိုလည်း ပေါ်တာအဖြစ် ခေါ်သွားကြတယ်။ တစ်ယောက်က တုံးခမ်းရွာမှာပဲ ကျန်နေခဲ့တဲ့ တပ်မ ၉၉ တွေနဲ့ ရှိနေသေးတယ်” ဟု ပြောသည်။
တပ်မ ၈၈ က ရွာသားလေးဦးကို ပေါ်တာအဖြစ်ခေါ်သွားပြီး တပ်မ ၉၉ က ရွာသားတစ်ဦးကို ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု သိရသည်။
၎င်းတို့အနက် ၄ ဦးကို နောင်ဖမ်းရွာအရောက်တွင် ပြန်လွှတ်ပေးခဲ့ပြီး ကျန်တစ်ဦးမှာ ယခုအချိန်ထိ ဆက်လက်ဖမ်းဆီး ခံထားရဆဲဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စစ်အင်အား ၇၀ ခန့်ရှိသည် တပ်မတော်စစ်ကြောင်း က အဆိုပါရွာသားများအား ပေါ်တာထမ်းရန် ခေါ်ဆောင် သွားခြင်းဖြစ်သည်ဟု ဒေသခံများ က ပြောသည်။
ဖမ်းဆီးခံရသူများထဲမှ မိသားစုဝင်တစ်ဦးက “ဒီနေ့မနက် ၁၁း၃၀ ကျော်ကျော်လောက်မှာ ပြန်လွှတ်လာတာ။ ပစ္စည်းတွေ ထမ်းခိုင်းတာမျိုးဟုတ်တယ်။ ခြင်းကြားလား၊ ပလိုင်းလား အဲ့ဒါတွေကို လွယ်ခိုင်းတာ။ ဘာထည့် ထားလဲတော့မသိဘူးတဲ့။ အရမ်းလေးတယ်တဲ့။ ဒီရွာကနေ နှစ်နာရီလောက် ဝေးတဲ့နေရာပေါ့၊ တောထဲကို ခေါ်သွားတာ။ နောင်ဖမ်းရွာအထိပေါ့၊ ထမ်းခိုင်းတာမျိုးပေါ့” ဟု ပြောသည်။
“လမ်းမှာတော့ ရိုက်တာတွေတော့မရှိပါဘူး။ တိုက်ပွဲတွေ မဖြစ်လို့လားတော့မသိဘူး။ ဒီရွာတွေ လမ်းတွေကို KIA တွေလာတာရှိလား အဲ့လိုမျိုးတွေလည်း မေးတယ်တဲ့။ အဓိကတော့ ကူလီပေါ့ ထမ်းဖို့ခေါ်သွားတာပါ။ သူတို့ သွားချင်တဲ့ နေရာကို ရောက်လို့ ပြန်လွှတ်လိုက်တာ ဖြစ်မယ်။”
တပ်မတော်စစ်ကြောင်းက ပြန်လွှတ်ပေးလိုက်သူများမှာ အသက် ၂၄ နှစ်အရွယ်ရှိ ဦးမာဒိမ်၊ အသက် ၃၅ နှစ် အရွယ်ရှိ ဦးလဘန်တူး၊ အသက် ၃၀ နှစ် အရွယ် ဦးဘရန်အောင် နှင့် အသက် ၄၀ နှစ် အရွယ် ဦးလရှမ်းတူး တို့ ဖြစ်သည်။ အသက် ၄၀ အရွယ် ဦးဂမ်ဆိုင်းမှာ တပ် ၉၉ စစ်ကြောင်းနှင့်အတူ ရှိနေစဲဖြစ်သည်ဟု သိရသည်။
နားချမ်ဒေသအတွင်း တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA အကြား တိုက်ပွဲများ ဖြစ်ပွား နေ သည်မှာ တစ်ပတ်ကျော်လာပြီး ဖြစ်ပြီး ကျေးရွာအချို့တွင် တပ်မတော်၏ ခြိမ်းခြောက်မှုများ၊ ဝင်ရောက် စစ်ဆေး ခြင်းများနှင့် ရွာသားများ၏ ပစ္စည်းများအား ယူသွားခြင်းများရှိသည်ဟု အမည်မဖော်လိုသူ ဒေသခံက ဆက် ပြောသည်။
“ကျေးရွာက ပြည်သူတွေက သူတို့ မဝင်လာကတည်းက တိုက်ပွဲဖြစ်တော့ ကြောက်နေကြတာ။ ဒါကြောင့် ရွာ သားတွေက သူတို့ ရောက်လာပြီဆိုရင် အိပ်လို့လည်း မပျော်တော့ဘူး။ အမြဲတမ်း စိုးရိမ်နေရတယ်။ ဘယ်ချိန် ဘာဖြစ်လာမယ်မသိ၊ အရမ်းကြောက်နေရတာ။ တချို့ ရွာတွေဆို သူတို့ဝင်တာနဲ့ ခြိမ်းခြောက်တယ်။ အိမ်က ပစ္စည်းတွေ၊ ကြက်တွေ၊ ဝက်တွေ၊ အိမ်ဆိုင်ဖွင့်ထားတဲ့လူတွေရဲ့ ပစ္စည်းတွေ အကုန်ယူစားနေကြတယ်။ အခု ဖမ်းသွားတဲ့ ၅ ယောက်အပြင် ဒီတလော တိုက်ပွဲအတွင်း ရွာတိုင်းက လူ နှစ်ယောက်လောက်ကို လမ်းပြဖို့ဆိုပြီး ခေါ်သွားတာတွေရှိတယ်။ ပစ္စည်းတွေလည်း ထမ်းခိုင်းတာပေါ့နော်” ဟု ပြောသည်။
အဆိုပါဒေသများတွင် ကျေးရွာအုပ်ချုပ်ရေးပိုင်းမှလည်း ဖမ်းဆီးခေါ်ဆောင်ခံရသူများအတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးနိုင်ခြင်းမျိုးမရှိဟု ရွာသားများက ပြောသည်။
ယခုရက်ပိုင်းတိုက်ပွဲဖြစ်ပွားနေသည့် နေရာများအတွင်း တပ်မတော်၏ လမ်းပြအဖြစ် ခေါ်ဆောင်ခြင်း၊ ပေါ်တာ ထမ်းရန် ခေါ်ဆောင်ခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေသည့်အတွက် ကျေးရွာများအတွင်းရှိ အမျိုးသားအများစုမှ ၎င်းတို့၏ နေအိမ်များတွင် မနေရဲပဲ ဖြစ်နေကြသည်ဟုလည်း ပြောသည်။
ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ မူဆယ် မြို့နယ်တို့အတွင်း တပ်မတော်က COVID-19 ကာကွယ်တားဆီးလုပ်ငန်းများ ထိရောက်စွာ လုပ်ကိုင်နိုင်ရေး အပစ်ရပ်ထားသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း တိုက်ပွဲများ ဆက်တိုက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။ ထို့အပြင် ဇွန်လ ပထမအပတ်မှစတင်၍ တပ်မတော်မှာ စစ်ရေးလှုပ်ရှားမှုများလည်း ပိုများလာသည်ဟု ဆိုသည်။