အမ်းမြို့နယ် ကျေးရွာ ၄၀ ကျော် ဆန်ပြတ်၍ ငှက်ပျောသီး၊ ပိန္နဲသီးများ စားနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၃ ရက်။

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်း တပ်မတော်က ဆက်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့လိုက်သည့် အတွက် ဒေသခံများ စားနပ်ရိက္ခာများ လုံးဝပြတ်လပ်သွားပြီဟု ဒေသခံ လူ့အခွင့်အရေး အဖွဲ့က ပြောသည်။

အမ်းမြို့နယ်အတွင်းက ကျေးရွာပေါင်း (၄၂) ရွာ ဒေသခံပြည်သူ ၁၂၀၀၀ ကျော်အတွက် အရေးပေါ် စားနပ် ရိက္ခာများ လိုအပ်နေသည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ပြောသည်။

ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းလျန် က “ဒီအမ်းမြို့နယ် ရေလမ်းဖြစ်ဖြစ် ကုန်း လမ်းဖြစ်ဖြစ် သွားလို့မရတော့လို့ စားစရာ မရှိတော့ဘူးဆိုပြီး ဒေသခံတွေက ဒီသူတို့အခြေအနေကို ပြောပြ တယ်။ ကျေးရွာပေါင်း ၄၂ ရွာနဲ့ ဒီ ဒက်ချောင်းရွာအနီးအနားပေါ့နော် အဲ့နားမှာရှိတဲ့ ရွာသားတွေအကုန်လုံး ဆန် ပြတ်နေတဲ့အကြောင်း တွေ့ရှိရပါတယ်။ သူတို့ပြောတဲ့ပုံအရဆိုရင် ငှက်ပျောသီးနဲ့ ပိန္နဲသီးနဲ့ ဒီအသီးတွေကိုပဲ စားနေရတယ်လို့ ပြောတယ်” ဟု ပြောသည်။

ယခုနှစ်အစောပိုင်းကတည်းက သွားလာခွင့်များကို ကန့်သတ်မှုများရှိခဲ့သော်လည်း တပ်မတော်၏ ခွင့်ပြုချက်ရယူပြီး စားနပ်ရိက္ခာအချို့ကို သယ်ယူခွင့်ရခဲ့သည်။ သို့သော်လည်း ယခုလ လလယ်ပိုင်းမှစတင်၍ သွားလာခွင့်များ လုံးဝ ပိတ်လိုက်သည့်အတွက် ယခုကဲ့သို့ အခက်အခဲများ ကြုံနေရခြင်း ဖြစ်သည်ဟု ဆလိုင်းလျန် က ဆက် ပြော သည်။

“ဒီလိုပါ အသွားအလာပိတ်လိုက်တာက ဒီနှစ်အစောပိုင်း ဇန်နဝါရီကတည်းကနေ ဖြစ်ပြီ။ ဒါပေမယ့် တကယ် သူတို့ဖြတ်လိုက်တာက ဇွန်လ ၁၇ ရက်နေ့ နောက်ပိုင်း လုံးဝ တပ်မတော်က နယ်မြေရှင်းလင်းရေးပေါ့ လုပ်တဲ့ အတွက်ကြောင့် သွားလာခွင့်မရတော့ဘူးလို့ ရွာသားတွေက ပြောတာပေါ့။”

အမ်းမြို့နယ်အတွင်းရှိ ဒလက်ချောင်းကျေးရွာအုပ်စုအတွင်းမှ ကျေးရွာပေါင်း(၄၂)ရွာရဲ့ အဓိကဆက်သွယ်ရေး လမ်းကြောင်း ဖြစ်သည့် အမ်းမြို့ဖက်မှကုန်းလမ်းကြောင်းနှင့် မြေပုံမြို့နယ် ကံတောင်ကြီးဖက်မှ ရေလမ်း ကြောင်းများကို မြန်မာ့ တပ်မတော်က ပိတ်ဆို့လိုက်သည့်အတွက် ယခုကဲ့သို့ ဒေသခံရွာသားများ ရိက္ခာပြတ်လပ်နေရ ခြင်းဖြစ်သည်ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ က ဆိုသည်။

ဒေသခံတစ်ဦးက “အခုက လူဦးရေတစ်သောင်းကျော်အတွက် အရေးပေါ်ဆန်လိုအပ်နေတယ်၊ စစ်တပ်က အဲဒီ အနားတဝှိုက်က ရွာတွေကိုလည်း ရွာ(၂)ခု သို့မဟုတ် ရွာ(၃)ခုကိုပေါင်းပြီး တရွာမှာစုပြီးနေခိုင်းတယ်၊ စစ်တပ် ကနေ လမ်းကြောင်းတွေပိတ်တဲ့ အဓိကအကြောင်းရင်းကတော့ AA အဖွဲ့တွေဆီ ရိက္ခာဆန်ရောက်သွားမှာ ကို စိုးရိမ်နေကြတဲ့သဘောရှိတယ်၊ ဒီလိုတပ်က ဆက်သွယ်ရေးလမ်းကြောင်းကို အဝကနေပိတ်ဆို့တော့ အဲဒီအနီး နား တဝှိုက်က ကျေးရွာအားလုံးမှ ဆန်တွေပြတ်လပ် နေတဲ့အတွက် ရွာသားတွေ စားစရာ သောက်စရာတွေ မရှိတော့ဘူး၊ ငှက်ပျောသီး၊ သရက်သီးနှင့် ပိန်းကနဲသီးတွေကိုဘဲ စားနေရတယ်” ဟု ပြောသည်။

အမ်းမြို့နယ်သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေဆိုက်ရာမြို့ ဖြစ်ပြီး ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှ စတင်၍ ဇွန်လအထိ တိုက်ပွဲများ၊ ပစ်ခတ်မှုများ၊ တပ်မတော်၏ နယ်မြေရှင်းလင်းမှုများနှင့်အတွက် အင်တာနက် လိုင်းများပိတ်ထားသည့်မြို့ ဖြစ်သည်။ ထို့အပြင် တပ်မတော်မှ ဇွန်လ ၁၇ ရက်နေ့မှ စတင်၍ ဒေသခံများ အသုံးပြုနေသည့် ရေလမ်း၊ ကုန်းလမ်းများကို လုံးဝ ပိတ်လိုက်ခြင်းဖြစ်သည် ဟု ဒေသခံများက ပြောသည်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက “တစ်ခုဖြစ်နေတာက အမ်း မြို့နယ် ဒလက်ချောင်းပေါ့နော်၊ ဒလက်ချောင်းမှာရှိတဲ့ ကျေးရွာ ၄၀ ကျော်လောက်မှာလည်း တိုက်ပွဲတွေဖြစ် နေ တော့ တပ်မတော်က သွားလာမှု ပိတ်ဆို့ထားလို့ စားဝတ်နေရေး အခက်အခဲဖြစ်နေတယ်ဗျ။ စားနပ် ရိက္ခာ အရမ်းကို ပြတ်လပ်ခက်ခဲနေတယ်။ တိုက်ပွဲတွေလည်း ဖြစ်နေသေးတယ်လို့ပြောတယ်။ ပြီးတော့ မြို့နယ် အလိုက်မဟုတ်ပဲ ဒုက္ခသည်စခန်းအလိုက် ရိက္ခာပြတ်နေတာမျိုး အခက်အခဲဖြစ်နေတာမျိုး တွေရှိတယ်။ မြေပုံ တို့၊ ဘူးသီးတောင်တို့ပေါ့နော် မြို့ပေါ်စခန်းလောက်ပဲ ရိက္ခာရောက်တယ်။ တခြားနေရာတွေက မရဘူးဖြစ်နေ တယ်” ဟု ပြောသည်။

လက်ရှိ ဆန်ရိက္ခာများ ပြတ်သွားသည့် ဒလက်ချောင်းကျေးရွာ အုပ်စုအတွင်း ကျောင်းရွာပေါင်း ၄၂ ရွာအနက် ၃၇ ရွာမှာ ချင်းတိုင်းရင်းသားများနေထိုင်ပြီး ကျန် ၅ ရွာမှာ ရခိုင်တိုင်းရင်းသားများ နေထိုင်သည်ဟု သိရသည်။

အဆိုပါကျေးရွာများမှ ဒေသခံများသည် စားနပ်ရိက္ခာပြတ်လပ်သည့် အခက်အခဲအပြင် “အခု ဒီ ၄၂ ရွာမှာ ၃၇ ရွာက ချင်းရွာတွေဖြစ်နေတယ်။ ဆိုတော့ သူတို့တွေ ကြုံနေရတာကတော့ တပ်မတော်ပဲဖြစ်ဖြစ် AA ပဲ ဖြစ်ဖြစ် ခေါ်ပြီးတော့ ဖမ်းဆီးတာပေါ့၊ တပ်မတော်က သူတို့ကို AA နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲတယ်။ AA ကလည်း သူတို့ကို တပ်မတော်နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲတယ်။ အဲ့တော့ သူတို့က ကြားမှာ ညှပ်နေတဲ့ အခြေအနေ ရှိတယ်။ သူတိ့ုက နှစ်ဖက်လုံးကို ကြောက်နေရတယ်” ဟု ဆလိုင်းလျန် က ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက အမ်းမြို့နယ်အပါအဝင် မြေပုံ၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်များ အတွင်းရှိ စစ်ဘေးရှောင်စခန်းများနှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်ထဲက စစ်ဘေးရှောင် ပြည်သူများ လည်း စားနပ်ရိက္ခာအခက်အခဲများ ရှိနေသည်ဟု သိရသည်။