စစ်ဆေးရေး ဂိတ်များ ဖျက်ဆီးခြင်းသည် ရောဂါ ထိန်းချုပ်ရေးကို ထိခိုက်စေနိုင်ကြောင်း RCSS ပြော
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၄ ရက်။
တိုင်းရင်းသား အဖွဲ့များ၏ ကျန်းမာရေး စစ်ဆေးရေး ဂိတ်များကို ဖျက်ဆီးခြင်းသည် ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ထိခိုက်စေသည်ဟု ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS က ပြောလိုက်သည်။
အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအကြား COVID-19 ကာကွယ်တားဆီးရေး လုပ် ငန်းများကို ပူးပေါင်းဆောင်ရွက်ရန် အကောင်အထည်ဖော်မှုများ ရှိနေသော်လည်း တပ်မတော်မှ RCSS ၏ COVID-19 စစ်ဆေးရေးဂိတ် တစ်ခု ဇွန်လ ၂၁ ရက်နေ့က ဖျက်ဆီးခဲ့ခြင်းနှင့် ပတ်သက်၍ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီးအုမ်ခေး က ထောက်ပြခဲ့ခြင်း ဖြစ်သည်။
“အခုကတော့ အစိုးရကနေဖြစ်ဖြစ် တပ်မတော်ကနေဖြစ်ဖြစ် နေရာတိုင်းအနှံ့ ကို ကာကွယ်တားဆီးနိုင်ဖို့က မရ နိုင်ဘူးလေနော်။ အဲ့ဒီတော့ RCSS အနေနဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အလိုက်သိစွာနဲ့ ပြည်သူလူထုကို အဓိက ထားပြီးတော့ ပြည်သူလူထုကို ဒီရောဂါ မပြန့်ပွားအောင် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက် ပေးနေတဲ့ ဟာကြီးကို ဒီလိုမျိုး လာတားဆီးတယ်၊ လာပိတ်ပင်တယ်၊ လာဖျက်ဆီးတယ်ဆိုတော့ တော်တော်နားလည် ရခက်တယ်ဗျ။ တော်တော် မလုပ်သင့်မလုပ်ထိုက်တဲ့ကိစ္စကြီး လုပ်သွားတဲ့ပုံစံပေါ့နော်။”
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်အတွင်းက ကျန်းမာရေးစစ်ဆေးရေး ဂိတ်အား ဇွန်လ ၂၁ ရက်နေ့ က ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ဒု-ဗိုလ်မှူးကြီးအုမ်ခေး က ယခုကဲ့သို့ ပြောသည်။
“ဟို နမ့်ဆန်နဲ့ မိုးနဲသွားတဲ့လမ်းကနေပြီးတော့ နားခန်းဆိုတဲ့ ရွာနားကနေပြီး လမ်းခွဲတာပေါ့ အဲ့ကနေမှ ကျိုင်း တောင်းကို သွားတဲ့လမ်းပေါ့ အဲ့ပေါ်မှာ ကျနော်တို့ RCSS ကျန်းမာရေးအဖွဲ့နေပြီး ဂိတ်ဖွင့်ပြီး COVID-19 ရောဂါစစ်ဆေးဆောင်ရွက်နေတာပေါ့နော်။ ၁၈ ရက်နေ့က ရဲနဲ့ ရွာသူကြီးလာပြီးတော့ ဒီနေရာမှာ မစောင့်ပါနဲ့၊ စစ်ဆေးရေးဂိတ်မထားပါနဲ့လို့ လာပြောသွားပြီးပြီ။ အဲ့ခါကြတော့ RCSS ကျန်းမာရေးအဖွဲ့က နေပြီးတော့ ပြန်ပြီးတော့ နောက်ဆုတ်သွားပြီးပြီ။ ဒါပေမယ့် အဲ့မှာတဲတွေဘာတွေတော့ ရှိနေသေးတာပေါ့။ အဲ့ခါကြတော့ ဒီ ခမရ ၅၇၅ မိုးနဲတပ်ကပေါ့လေ အဲ့တဲကို လာပြီးတော့ ဖျက်ဆီးလိုက်တာပေါ့လေ။ ၂၁ ရက်နေ့မှာ။”
အဆိုပါ စစ်ဆေးရေးဂိတ်နေရာမှာ RCSS/SSA ၏ NCA စာချုပ် လက်မှတ်မရေးထိုးခင်ကတည်းက သွားလာ လှုပ်ရှားနေသည့် နေရာတစ်ခုဖြစ်သည်ဟု ဒု-ဗိုလ်မှူးကြီးအုမ်ခေး က ပြောသည်။
RCSS/SSA ၏ ထိုကျန်းမာရေးစစ်ဆေးရေးဂိတ်အား ရဲ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဂိတ်အားမထားရန် လာရောက်ပြောဆိုပြီးနောက် တပ်မတော်က ဇွန်လ ၂၁ ရက်နေ့အတွင် လာရောက်ဖျက်ဆီးခဲ့ခြင်း ဖြစ်သည် ဟု ပြောသည်။
“စစ်ဆေးရေးဂိတ်အား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ)၏ တိုင်းမှုးအမိန့်ဖြင့် လာရောက်ဖျက်ဆီးခဲ့ ကြောင်း သတင်းရရှိသည်” ဟု Tai Freedom ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
ထို့အပြင် ကချင်ပြည်နယ် လွယ်ဂျယ်မြို့နယ်အတွင်းရှိ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ COVID-19 ရောဂါ စစ် ဆေးရေးဂိတ်အားလည်း တပ်မတော်ဘက် တောင်းဆိုချက်ကြောင့် နေရာရွှေ့ပေးခဲ့ရသည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“အခု လ ၂၁ ရက်နေ့က လာပြောတာ၊ ဒီနေရာမှာ ဂိတ်ထားတာ အဆင်မပြေဘူး၊ နေရာရွှေ့ပါပေါ့နော်။ အဲ့ဒါနဲ့ ကျနော်တို့က အဲ့ဒီညနေမှာပဲ ပစ္စည်းတွေရွှေ့လိုက်တယ်။ KIA ရဲ့ နေရာတော့ဟုတ်တယ်။ ပြောင်းပေးပါ ပြော တော့လည်း ပြောင်းလိုက်ရတာမျိုးပေါ့။ လာဖျက်ဆီးတာမျိုးတော့မရှိဘူး။ လာပြောတဲ့ရက်မှာပဲ ဂိတ်မှာရှိတဲ့ လူတွေကို အကုန်ပြန်ခိုင်းလိုက်တယ်။ ပြောမယ်ဆို ဝန်ထမ်းတွေပေါ့ အားလုံး ပြန်လာကြတယ်။ နောက်ရက် မှာတော့ ကျနော်တို့ဟာ ကျနော်တို့ ရွာသားတွေနဲ့ ပြောင်းလိုက်တာပါ” ဟု KIO ၏ COVID-19 ကာကွယ် တားဆီးရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေသေးသည့်အတွက် အစိုးရလက်လှမ်းမမှီသည့်နေရာများတွင် ၎င်းတို့ တတ်နိုင် သည့်ဘက်မှ ရောဂါကာကွယ်နိုင်ရေးအတွက် စစ်ရေးဂိတ်များ ထားပြီး လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု RCSS က ပြောသည်။
ဒု-ဗိုလ်မှူးကြီး အုမ်ခေး က “အကောင်းဆုံးကတော့ သူ့နေရာနဲ့သူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထိန်း ချုပ်တဲ့နေရာမှာ ဒီ ရှမ်းပြည် နယ်တင်မကပဲနဲ့ ဒီ RCSS အဖွဲ့လည်းမကပဲ တစ်နိုင်ငံလုံး သူ့နေရာနဲ့သူ၊ သူ့ဒေသ နဲ့သူ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေဒေသတွေအားလုံး အစိုးရနဲ့ပဲဖြစ်ဖြစ်၊ တပ်မတော်နဲ့ ပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတိုင်း အားလုံး လူမှုအဖွဲ့အစည်းအားလုံးကပါ လက်တွဲပြီးဆောင်ရွက် ကာကွယ်ထိန်းချုပ် ရမယ့် လုပ်ငန်းမျိုးပဲ အမြင်နဲ့ ဆက်ပြီးဆောင်ရွက်သွားဖို့ တောင်းဆိုချင်တယ်။ ဝိုင်းဝန်းဆောင်ရွက်ရမယ့် အရာ ကို အခုလို တဖက်သတ်လုပ်တာကလည်း NCA စာချုပ်မှာ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတဲ့ဟာကို ချိုးဖောက်ရာရောက်တာပေါ့နော်” ဟု ဆက်ပြောသည်။
RCSS အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့၏ COVID-19 ရောဂါ စစ်ဆေးရေးဂိတ်များ ကို တပ် မတော်ဘက်က တားဆီးပိတ်ပင်မှုများ ရှိနေသော်လည်း တဖက်တွင် အစိုးရ၊ တပ်မတော်တို့က တိုင်းရင်းသား အဖွဲ့များအား လိုအပ်သည့် ကာကွယ်ထိန်းသိမ်းရေး ဆေးဝါးပစ္စည်းများကို ထောက်ပံ့ပေးနေခြင်းများလည်း ရှိသည်။
“အဲဒါက နည်းနည်းတွေးရခက်နေတယ်နော်။ ဥပမာ အစိုးရဘက်ကနေပဲဖြစ်ဖြစ်၊ တပ်မတော်ဘက်ကနေ ပဲ ဖြစ်ဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အစ RCSS အဖွဲ့ကို COVID-19 ရောဂါ ကာကွယ်တားဆီးရေး ပစ္စည်းတွေ ထောက်ပံ့ကူညီပေးတာလေနော်။ ပြီးတော့ ဒီရောဂါနဲ့ ပတ်သက်တဲ့ကိစ္စကလည်း မြု့ိနယ်အလိုက် ကျေးရွာ အလိုက်ပဲ ဆိုင်တာမဟုတ်ပဲ နိုင်ငံအလိုက် ကမ္ဘာအလိုက်ဆိုင်တဲ့ ရောဂါမျိုးဆိုတော့ ကြောက်စရာ ကောင်းတဲ့ ရောဂါမျိုးကို အမှန်က ဝိုင်းဝန်းပြီးတော့ အားပေးဆောင်ရွက် တားဆီးနှိမ်နှင်းရမယ့် ကိစ္စပဲလေနော်။ မဟုတ်ရင် တားဆီးနှိမ်နှင်းနိုင်မှာမဟုတ်ဘူး” ဟု ဒု-ဗိုလ်မှူးကြီးအုမ်ခေး က ဆက်ပြောသည်။
မေလအတွင်းကလည်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မိုင်းပန်ဒေသဘက်တွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများ လုပ်ဆောင်နေခြင်းကို တပ်မတော်က ပိတ်ပင်တားဆီးမှုများ ပြုလုပ်ခဲ့ခြင်းများလည်း ရှိခဲ့သည်။
ထို့အပြင် ဇွန်လ ၂ ရက်နေ့ကလည်း ညောင်လေးပင်ခရိုင်၊ ရွှေကျင် မြို့နယ် ခလိန်-ချောင်းဝ လမ်းဆုံ ရှိ KNU-ကရင်အမျိုးသားအစည်းအရုံး၏ COVID-19 ကာကွယ်ရေးဂိတ်တစ်ခုကို တပ်မတော်ဘက်က ဖျက်စီးခဲ့ပြီး မေလတုန်းကလည်း KNU သထုံခရိုင် အတွင်းဖွင့် လှစ်ထားသည့် COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရေး KNU ကျန်းမာရေးစစ်ဆေးရေးဂိတ် သုံး ၃ ဂိတ်အား တပ်မတော်ဘက်က ဖိအားပေးခဲ့မှုကြောင့် ဖျက်သိမ်းခဲ့ရသည်ဟု KNU က ပြောသည်။