ကျောင်းများ ပြန်ဖွင့်မည်ဆို၍ ပူတာအိုမှ မိဘများ စိုးရိမ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်။

ကချင်ပြည်နယ် ပူတာအိုမြို ့နယ် အတွင်းရှိ အခြေခံပညာသင်ကျောင်းများကို COVID-19 ကာလအတွင်း ပြန်ဖွင့်တော့မည်ဖြစ်သည့်အတွက် ကျောင်းသားမိဘများက စိုးရိမ်နေကြသည်ဟု ပြောသည်။

COVID-19 ကူးစက်မှုများလည်း နိုင်ငံအတွင်း ဆက်ဖြစ်ပွားနေသေးသည့်အတွက် ရောဂါကူးစက်မှု အခြေ အနေများ အပေါ် မူတည်၍ ကျောင်းကို ဖွင့်သင့်သည်ဟု ပူတာအိုမြို့ ရှိ ကျောင်းသားမိဘများက ပြောသည်။

ပူတာအို ဒေသခံ ဦးဂျာတူးက “ကျနော်တို့ တောင်ပေါ်ဒေသ ကချင်ပြည်နယ်မှာ အချိန်နည်းနည်း စောင့်ပြီးမှ ဖွင့်ရင် ကောင်းမယ်လို့ ထင်တယ်။ အချိန်ကို စောင့်ရမှာက ပိုအရေးကြီးတယ်။ ဒါက အသက်နဲ့ဆိုင်တဲ့ အတွက်ဖြစ်တယ်။ ကလေးတွေ ပညာသင်တာကတော့ ဘယ်အချိန်မှာဖြစ်ဖြစ် သင်လို့ရတယ်။ ကျောင်းတက် တယ်ဆိုပြီး သွားခိုင်းရင် သွားခိုင်းတာ ခဏပဲ။ ရောဂါဖြစ်လာရင်မလွယ်ဘူး အသက်ဆုံးရှုံးသွားရင် နောက်ကျ သွားမယ်” ဟု ပြောသည်။

ပူတာအိုမြိုနယ်အတွင်း လာမည့် ဇူလိုင်လ ၁၃ ရက်နေ့ မှစတင်၍ ၁၈ ရက်နေ့အထိ နဝမတန်းနှင့် ဒဿမတန်း တို့အား နာမည်စာရင်းများ စတင် ကောက်ယူသွားမည်ဖြစ်ပြီး ၂၁ ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်သွား မည်ဟု မြို့နယ် ပညာရေးဌာနထံမှ သိရပြီးနောက် ယခုကဲ့သို့ စိုးရိမ်နေရခြင်း ဖြစ်သည်ဟု ပြောသည်။

ပူတာအိုဒေသခံ ဒေါ်ဂျာရော် က “စိုးရိမ်မှုတော့ ကျမတို့မှာရှိတယ်။ ကျောင်းဖွင့်ရင်ဘယ်လိုမျိုး ဖြစ်လာမလဲ၊ ကျောင်းမဖွင့်ရင်လည်း ကလေးတွေအတွက် ကြည့်မယ်ဆိုရင် အသက်ရွယ်ကကြီးလာမှာ ဖြစ်တယ်။ ဒါပေမယ့် တစ်နှစ် နှစ်နှစ်ကြီးသွားတာကတော့ အသက်ဆုံးရှုံးမှာထက်စာရင် ဘာမှမဖြစ်ဘူးလေနော်။ အခုလောလော ဆယ် မဖွင့်သေးရင် ပိုကောင်းမယ်လို့ ထင်တယ်” ဟု ပြောသည်။

မိဘများအနေဖြင့် ကလေးများအား ကျောင်းတက်စေချင်သော်လည်း ကျောင်းတက်ချိန် ကျောင်းသား အချင်းချင်းစီမှ ရောဂါ ကူးစက်လာနိုင်ခြင်း၊ မိမိကိုယ်ကို မကာကွယ်တတ်ခြင်းတို့ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်ဟု ပြောသည်။

ထို့ကြောင့် ကျောင်းဖွင့်ရန်ကိစ္စအား ရောဂါကူးစက်မှု အခြေအနေများအား ပြန်လည်သုံးသပ်ပြီး ရွှေ့ဆိုင်းထား သင့်သည်ဟု ဆိုကြသည်။

ပူတာအိုမြို့နယ်အတွင်းရှိ အခြေခံပညာသင်ကျောင်းများကို COVID-19 ကာလ အတွင်း ပညာသင်ကြားရေး စနစ်များကို ပြောင်းလဲသင်ကြားရန် စီစဉ်ထားကြောင်း၊ စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသူ/သား အယောက် ၂၀ ခန့်သာ ထားရှိပြီးသင်ကြားပို့ချသွားမည်ဟု ပူတာအိုမြို့ ရှိ၊ ကောင့်ကထောင်ရပ်ကွက်ရှိ အထက်တန်း ကျောင်းအုပ် ဆရာကြီး ဦးဆိုင်းခွန်က ပြောသည်။

ထို့အပြင် ဇူလိုင်လ ၁၈ ရက်နေ့မှစတင်၍ အထက်တန်းများအား ကျောင်းလာအပ်ကြမည့် ကျောင်းသား မိဘ များ အနေဖြင့်လည်း သတ်မှတ်ထားသည့် မျဉ်းအတွင်း (၃) ပေအကွာတွင် ရပ်ပြီး ကျောင်းအပ်ရမည်ဖြစ်ပြီး၊ ကျောင်းသူ/သား တစ်ယောက်အား ၃ မိနစ်စီ အချိန်ယူကာ ကျောင်းသုံးစာအုပ်များကို ထုတ်ပေးသွားမည်ဟု ဆိုသည်။

ကျောင်းသားသစ်များအား တစ်ရက်ခြား ကျောင်းအပ် လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းသားဟောင်း များကို နေ့စဉ် လက်ခံပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ စီစဉ်ရခြင်းမှာ လူစုလူဝေးမဖြစ်စေရန် အတွက်ဖြစ်သည်ဟု ကျောင်းအုပ်ကြီးက ပြောသည်။