တအောင်းဒေသတွင် အမျိုးသမီးစွမ်းရည်မြှင့်သင်တန်း ဖွင့်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၅ ရက်။

တအောင်းဒေသအတွင်းရှိ အမျိုးသမီးငယ်များကို နိုင်ငံရေး နယ်ပယ်တွင်သာမက လူမှု့အသိုင်းအဝန်းများ ကြားတွင် ဝင်ဆန့်လာစေရန် အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး သင်တန်း တစ်ခုကို ပြု လုပ်သွားမည်ဟု တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO ကပြောသည်။

တအာင်းအမျိုးသမီး အဖွဲ့အစည်း TWO မှ သင်တန်းတာဝန်ခံ လွေးခမ်းကူက တရားမျှတမှုနှင့် ကျား-မ တန်းတူရေးကို အဓိက ထား သင်ကြားပေးမည်ဟု ပြောသည်။

“ပြည်တွင်းမှာ စစ်ပွဲတွေက အမြဲ လိုဖြစ် နေတာလေ အဲတော့ သူတို့က နိုင်ငံရေးလို့ပြောလိုက်တာနဲ့ ဘာဖြစ်လာမလဲဆိုပြီး ကြောက်နေ ကြတာ တစ်ခုခု ပြောဖို့တောင် အရမ်းဝန်လေးနေကြတာလေ အဲတော့ ကျေးရွာတွေမှာပဲဖြစ်ဖြစ် မြို့နယ်တွေမှာပဲဖြစ်ဖြစ် ကိုယ့်မိသားစုတွေမှာပဲဖြစ်ဖြစ် မှန်မှန်ကန်ကန် ပြောဆိုနှိုင်ဖို့နဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်ဖို့ အတွက်လည်း ပါသလို ငြိမ်းချမ်းရေးတို့ တရားမျှတမှုတို့နဲ့ ကျားမ တန်းတူရေးတွေကို အဓိက ထားသွားမယ်” ဟု ပြောသည်။

သြဂုတ်လ မှ အောက်တိုဘာလ အထိ ၃ လ ကြာ ပြုလုပ်သွားမည့် သင်တန်းတွင် အခြေခံလူ့အခွင့်အရေးများ၊ ကျား/မ တန်းတူရေး နှင့် ဥပဒေ ဆိုင်ရာ ဗဟုသုတများကို သင် ကြားပေးသွားမည်ဟု လွေးခမ်းကူ က ပြောသည်။

“အဓိက ကတော့ လူ့အခွင့်အရေးတွေ အမျိုးသမီး အခွင့်အရေးတွေပါမယ်။ နောက် ဥပဒေပိုင်းတွေ ဖက်ဒ ရယ် အကြောင်းတွေပါမယ်။ ပြီးရင် ခေါင်းဆောင်တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေပါမယ်။ တခြား အထွေထွဗဟုသုတတွေကိုလည်း သင်ကြားပေးသွားမယ်။”

ထို့အပြင် စဉ်းစားတွေးခေါ်မှုနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာစေရန်လည်း ရည်ရွယ်သည်ဟု ဆက်ပြော သည်။

“ပညာရေးဘက်ကိုကြည့်မလား အထွေထွေဗဟုသုတဘက်ကိုကြည့်မလား အရမ်းကို နိမ့်ကျနေတဲ့ အနေ အထားမှာရှိတယ်။ အဲတော့ သူတို့က ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ မရှိကြတော့ဘူး။ အဲတာကြောင့် ကိုယ့် ကိုကိုယ် ယုံကြည်မှုတွေရှိလာအောင် အတွေးအခေါ်တွေကိုလည်း မြင့်မားလာစေချင်တယ်။”

ယခင်က ဖွင့်လှစ်ခဲ့သည့် အဆိုပါ အမျိုးသမီးစွမ်းရည်မြှင့်တင်ရေး သင်တန်းတက်ခဲ့ဖူးသူ လွေးမိုစံ က “ဘာကောင်းကျိုးရလဲဆိုရင် အများနဲ့လုပ်ဆောင်တတ် လာတယ်။ အရင်ကဆိုရင် လူအများကြားထဲမှာ စကားပြောဖို့ မဝံ့မရဖြစ်တယ်၊ ကြောက်တယ်၊ ကိုယ့်ကို ကိုယ်ယုံကြည်မှု မရှိခဲ့ဘူး။ သင်တန်းတက်ပြီးနောက် ပြောရဲဆိုရဲရှိလာတယ်။ အရင်ကဆိုရင် ကိုယ်မှန် နေရင်တောင် ပြောဖို့ကြောက်ခဲ့တယ်” ဟု ပြောသည်။

တအာင်းအမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းကို ယခင်က တစ်လခွဲသာ ပြုလုပ် ခဲ့သည် ဟု သိရသည်။ သို့သော် အမျိုးသမီးများ ဗဟုသုတနှင့် အသိပညာ ပိုမိုရရှိရန် ရည်ရွယ်ပြီး ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင် သင်တန်းကို ၃ လအထိ တိုး၍ လုပ်ဆောင်ခဲ့သည်ဟု TWO ၏ သင်တန်း တာဝန်ခံ က ဆိုသည်။

တအာင်းဒေသရှိ အမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ရေးသင်တန်းကို စုစုပေါင်း ၁၀ ကြိမ်အထိ ပြုလုပ် ထားနိုင်ခဲ့ပြီး တလခွဲကြာ သင်တန်းကို ခုနှစ်ကြိမ်နှင့် သုံးလကြာ သင်တန်းကို ၃ ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ် သည်ဟု TWO ဆိုသည်။