နယ်မြေရှင်းလင်းရေးအတွင်း ရွာသားများနေထိုင်စားသောက်ရေးကို အစိုးရမှ တာဝန်ယူပေးသင့်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၆ ရက်။
တပ်မတော်၏ နယ်မြေရှင်းလင်းရေး စီမံချက်ကြောင့် ထွက်ပြေးတိမ်းရှောင်လာကြမည့် ရွာသားများ၏ နေထိုင်စား သောက်ရေးကို အစိုးရအနေဖြင့် တာဝန်ယူဆောင်ရွက်ပေးရန်လိုသည်ဟု ရခိုင်လွှတ်တော် ကိုယ်စားလှယ်နှင့် ရခိုင်လူမှု့အသင်းအဖွဲ့က ပြောသည်။
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်း တိုက်နယ်အတွင်းရှိ ကျောက်တန်းကျေးရွာအပါအဝင် အနီးအနားရှိ ရွာများကို တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်သည့်အတွက် ကျေးရွာ များမှ ခေတ္တ တိမ်းရှောင်ပေးရန် ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးက ကျေးရွာများသို့ အကြောင်းကြားစာ ပေးပို့ ထားသည့် အပေါ် ပြောဆိုလိုက် ခြင်းဖြစ်သည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “မြေဇာပင်ပြည်သူ တွေ ဖြစ်တဲ့အတွက် အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ကျမပြောချင်ပါတယ်။ အဲတော့ အစိုးရအနေနဲ့က လည်း ဒါကို ကူညီ ထောက်ပံ့ပေးဖို့လိုတယ်လို့ မြင်ပါတယ်။ ဘာလဲဆိုတော့ အရင်တုန်းက တိုက်ပွဲဖြစ်လို့ ထွက်ပြေးကြတယ်။ အခုတော့ အစိုးရ တပ်ဖက်က နယ်မြေရှင်းလင်းဖို့ဆိုတဲ့ စာထုတ်ထားတဲ့အတွက် ခေတ္တရှောင်ရမှာ ဖြစ်တဲ့အတွက်ကတော့ အစိုးရမှာလည်း တာဝန်ရှိတယ်လို့ ကျမတို့ အနေနဲ့က ခံစားမိပါ တယ်။” ဟု ပြောသည်။
ကျောက်တန်းတိုက်နယ်အတွင်းတွင် ကျေးရွာပေါင်း လေးဆယ်ကျော်ရှိပြီး တပ်မတော်က အဆိုပါ ဒေသကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ပါက ထွက်ပြေးတိမ်းရှောင်လာကြမည့် သောင်းနှင့်ချီသည့် ဒေသခံများ ၏ နေထိုင်စားသောက်ရေးကို အစိုးရ အနေဖြင့် ကူညီထောက်ပံ့ပေးရန် လိုသည်ဟု ဆိုသည်။
ဇွန်လ ၂၄ ရက်နေ့က ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေး မှူးများထံသို့ နယ်မြေရှင်းလင်းရေးနှင့် ပတ်သက်သည့် အကြောင်းကြားစာကို ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး က ပေးပို့ထားသည်ဟု ဒေါ်ခင်စောဝေ က ပြောသည်။
“ကျမတို့ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးဆီက ပို့တာပေါ့နော။ ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ် အုပ်ချုပ် ရေးမှူး ဆီကို အသိပေးတာပါ။ အဲတော့ အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် အဲဒီကျေးရွာမှာ ကျောက်တန်း တိုက်နယ်မှာ ရှိတဲ့ ကျေးရွာတွေကိုပေါ့နော။ သူ့အနေနဲ့ အသိပေးရတာပါ။ အဲတော့ ဒါကတော့ ဟုတ်ပါ တယ်။ ဘယ်နေ့ ဘယ်ရက်မှာ လုပ်မယ်ဆိုတာကိုတော့ သူတို့ဖော်ပြထား တာတော့ မရှိပါဘူး။”
ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ အစည်းအရုံး REC အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းကလည်း “အခုက တိုက်ပွဲဖြစ်တဲ့ ရွာတွေရော မဖြစ်တဲ့ ရွာတွေရော အကုန်လုံးပေါ့ အဲဒီရွာတစ်ဝိုက် အကုန်လုံးကို ရှင်းလင်း ရေး လုပ်မယ့် ပုံစံမျိုးနဲ့ သူတို့က ထွက်ခိုင်းတာ ဆိုတော့ လူဦးရေ သောင်းဂဏာန်းနဲ့ ချီပြီးတော့မှ နေရပ်ထွက် ခွာရမယ့် အခြေအနေဖြစ်နေတာပေါ့လေ။ နောက်တစ်ခုက ဒီအရပ်သားတွေကို ကာကွယ်ဖို့က တိုက်ပွဲကို ဖော်ဆောင်ပေးတဲ့သူတွေရော အစိုးရဖက်မှာရော တာဝန်ရှိတယ်။ အခုက တပ်မတော်ဖက်က လာတဲ့ ညွှန်ကြားချက်အပေါ်မှာ အစိုးရဖက်ကနေပြီး လိုက်ပါဆောင်ရွက်ပေးနေသလိုဖြစ်နေတယ်။ အဲတော့ အရပ်သားတွေက လုံးဝအကာအကွယ်မဲ့တဲ့ ပုံစံဖြစ်နေပြီပေါ့နော်” ဟု ပြောသည်။
အဆိုပါစာထဲတွင် ကျောက်တန်းကျေးရွာနှင့် အနီးတစ်ဝိုက်တွင်ရှိသည့် ကျေးရွာများတွင် ရက္ခိုင့်တပ်တော် AA အဖွဲ့များ ဖြန့်ကျက်လှုပ် ရှားနေသည့် သတင်းများ ရရှိထားကြောင်း၊ ထို့ကြောင့် AA နှင့် ပတ်သက်ဆက် နွယ်သူများကို လက်မခံထားရန် ပါရှိသည်။
ထို့အပြင် အဆိုပါဒေသကို တပ်မတော်မှ နယ်မြေရှင်းလင်းရေး လုပ်ဆောင်မည်ဖြစ်သည့်အတွက် ဒေသခံ များအနေဖြင့် ကျေးရွာများမှ ခေတ္တတိမ်းရှောင်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား ပေးပို့ထားသည့် ထိုအကြောင်းကြားစာထဲတွင် ဖော်ပြထားသည်။
လက်ရှိဖြစ်ပွားနေသည့် COVID- 19 ကပ်ရောဂါအပြင် ရခိုင်ပြည်နယ်အတွင်းက တိုက်ပွဲများများ ကြောင့် ရခိုင်ပြည်သူများ အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်နေရသည့် အချိန်တွင် ယခုကဲ့သို့ လုပ်ဆောင်မှုကြောင့် ပိုမိုခက်ခဲစေသည် ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။
“ပြည်သူတွေက ဘယ်မှာသွားနေကြမလဲ စစ်ဘေးရှောင်စခန်းတွေမှာလည်း နေရာက မရှိနေတော့ဘူး။ နောက်အဲလို တိမ်းရှောင်လို့ရှိရင် ဘယ်သူတွေက စားနပ်ရိက္ခာနှင့် တစ်ခြား လိုအပ်ချက်တွေကို ထောက် ပံ့ ပေးထားမှာလဲ ဒါတွေဘာမှ စီစဉ်မပေးပဲနဲ့ ခေတ္တတိမ်းရှောင်ပေးပါ ဆိုပြီးတော့မှ အတင်းပြော တာကြီးက တကယ်တမ်းကျတော့ တကယ်ကို အနိုင်ကျင့်တဲ့ ပုံစံဖြစ်နေပါတယ်။”
ထို့အပြင် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် ပလက်၀ မြို့နယ်အတွင်းရှိ ဒေသများတွင် လက်နက်ကိုင် အဖွဲ့ အစည်းများ၏ လမ်းပိတ်ဆို့မှုများကြောင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်ရန် ခက်ခဲသည့် အတွက် အဆိုပါ ဒေသများရှိ ပြည်သူများမှာ စားသောက်ရေးအတွက် အခက်အခဲများနှင့် ကြုံနေရသည်ဟု လူမှုအသင်း အဖွဲ့များက ပြောသည်။
ဇွန်လ ၈ ရက်နေ့အထိ ရခိုင်တိုင်း ရင်းသား မျိုးနွယ်စုများအစည်းအရုံး REC ၏ ထုတ်ပြန်ချက်အရ ရခိုင်ပြည် နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲ များကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်ဦးရေ ၁၅၆၄၅၆ ဦး ရှိသည်ဟု သိရသည်။