MUP က အနည်းဆုံး မဲဆန္ဒနယ် ၅၅ နေရာ ယှဉ်ပြိုင်မည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၈ ရက်။

မွန်ညီညွတ်ရေးပါတီ (Mon Unity Party) သည် လာမည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် အနည်းဆုံး မဲဆန္ဒနယ် ၅၅ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု မွန်ညီညွတ်ရေးပါတီ က ပြောသည်။

လက်ရှိတွင် မဲဆန္ဒနယ်နှင့် ဝင်ပြိုင်မည် ကိုယ်စားလှယ်လောင်းအရေအတွက် တိတိကျကျ မသတ်မှတ်နိုင်သေးသော်လည်း အကြမ်းဖျင်းအားဖြင့် မွန်ပြည်နယ်တွင် ၃၂ နေရာ၊ ကရင်ပြည်နယ်တွင် ၁၃ နေရာ၊ တနင်္သာ ရီ တိုင်းဒေသကြီးတွင် ၇ နေရာ၊ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း နေရာအချို့ ဝင်ရောက် ယှဉ်ပြိုင် သွား ရန် စီစဉ်ထားသည်ဟု မွန်ညီညွတ်ရေး ပါတီ၏ တွဲဖက်အတွင်းရေးမှူး (၂) က ပြောသည်။

မွန်ညီညွတ်ရေး ပါတီ၏ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင် က “ဝင်ပြိုင်မယ့် မဲဆန္ဒနယ်ကတော့ ခန့်မှန်း ထား တာပေါ့နော်။ အတိအကျတော့မဟုတ်သေးဘူး။ မွန်ပြည်နယ်မှာ ၃၂ နေရာ၊ တနင်္သာရီတိုင်းမှာ ၇ နေရာ လောက်၊ ကရင်ပြည်နယ်မှာ တိုင်းရင်းသားရေးရာ ၁ နေရာနဲ့ပါဆို ၁၃ နေရာလောက် နောက် ရန်ကုန်နဲ့ ပဲခူး ကတော့ ၃ နေရာလောက်ပေါ့ ဝင်ပြိုင်ဖို့ရှိတယ်” ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။

ကိုယ်စားလှယ်လောင်းများကို ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံး သက်ဆိုင်ရာ မြို့နယ်သို့ လျှောက်ရမည်ဖြစ်သည်။

လျှောက်ထားလာမှုများအပေါ် မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့တို့က စိစစ်ကာ ကိုယ်စား လှယ်လောင်း အမည်စာရင်းများ ဗဟိုအဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့တို့က ရွေးချယ်အတည်ပြုသွားမည်ဖြစ်သည်။

ကိုယ်စားလှယ်လောင်းများကို ဗဟိုကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့မှ အရည်အချင်းသတ်မှတ်ချက် ၁၉ ချက်နှင့် အညီ ဇူလိုင်လ ၂၀ ရက်နေ့တွင် အပြီးသတ် ရွေးချယ်သွားမည်ဟု သိရသည်။

ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် ပါတီမူဝါဒအရ အရည်အချင်းတူညီပါက အမျိုး သမီးနှင့် လူငယ်ကိုယ်စားလှယ်များကို ဦးစားပေး ရွေးချယ်သွားမည် ဟု ပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်လရီတမ က ပြောသည်။

ပါတီတွင်း၌လည်း အမျိုးသမီးနှင့် လူငယ်အင်အား အလွန်နည်းပါးနေသည့်အနေအထားကြောင့် အမျိုးသမီးနှင့် လူငယ်များ ပါတီတွင် ဝင်ရောက်တာဝန်ထမ်းဆောင်ကြရန်လည်း မွန်ညီညွတ်ရေးပါတီက ဖိတ်ခေါ်ထားသည်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် မွန်အင်အားစုတို့ ပူး ပေါင်း ဖွဲ့စည်းထားသည့်ပါတီဖြစ်ပြီး ၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပါတီတည်ထောင်ဖွဲ့စည်းခွင့်ပြုခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် နိုင်ငံရေးပါတီ အဖြစ် ရွေးကောက်ပွဲကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့ ရက်စွဲ မွန်ညီညွတ်ရေးပါတီကို မှတ်ပုံတင်ခွင့် ပြုခဲ့သည်။

လက်ရှိတွင် မွန်ညီညွတ်ရေးပါတီတွင် ပါတီဝင်အင်အား နှစ်သောင်းကျော်ရှိသည်ဟု ပါတီခေါင်းဆောင် များ၏ ပြောပြချက်အရ သိရသည်။