အရပ်သား သေဆုံးမှု တရားမျှတမှု ရရှိရေး ကျောက်မဲဒေသခံများ ဆန္ဒထုတ်ဖော်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။

RCSS/SSA နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တပ်မတော်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးသူများအတွက် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် ကျောက်မဲဒေသခံများက တောင်းဆိုလိုက်သည်။

ဇွန်လ ၂၅ ရက်နေ့ နှင့် ၂၉ ရက်နေ့အကြား RCSS နှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲ အ တွင်း တပ်မတော်မှ နှိမ့်စက်၍ သော်လည်းကောင်း လက်နက်ကြီး ပစ်ခတ်၍ သော်လည်းကောင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများအတွက် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် ဇူလိုင်လ ၁၀ ရက်နေ့ (ယနေ့) တွင် ကျောက်မဲဒေသခံများက ဆန္ဒထုတ်ဖော်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ဒေသခံများ အနေဖြင့် ယခုဆန္ဒထုတ်ဖော်ပွဲတွင် တပ်မတော်ကို အဓိကတောင်းဆိုထား သည် ဟု ပြောသည်။

“အဓိကကတော့ ဒီဟာကို ပြန်ပြီး တော့ ဖော်ထုတ်စစ်ဆေးဖို့ ပေါ့နော်။ တပ်မတော်အနေနဲ့ တာဝန်ရှိတဲ့ လူတွေ အနေနဲ့ ဒီပစ်ခတ်သွားတဲ့ ကိစ္စကို ပြန်လည်ဖော်ထုတ်ပေးဖို့ ဒါကို အဓိကတောင်းဆိုသွားတယ်။”

ကျောက်မဲမြို့ရှိ နမ့်ခုံး ပရဟိတ လူမှုကူညီရေးအသင်း စိုင်းကူးကလည်း “ဒီစစ်တပ်ကနေပြီးတော့ လမ်းမသိ လို့ လမ်းခေါ်သွားတာတို့ နောက်ပြီးတော့ တိုင်းရင်းသားတွေ အများစုက ဗမာစကားမတတ်တော့ မေးရင် မဖြေနိုင်တော့ မဖြေနိုင်ရင် သူတို့က ညှင်းပန်းနှိပ်စက်တယ်။ အဲလိုမျိုးတွေ ပေါ်ပေါက်လာလို့ သူတို့က ဒီဟာကြီးက စစ်တပ်ကို အဓိက ဦးတည်တာပေါ့” ဟု ပြောသည်။

ဇွန်လ ၂၅ ရက်နေ့ နှင့် ၂၉ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တပ်မ တော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျောက်မဲမြို့နယ် ဟဲကွီးကျေးရွာအုပ်စု ပန်ကျဉ်းရွာသား ဦးဆုမှာ လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ပြီး နန်းအေးဆိုင်ဆိုသူမှာလည်း တင်ပဆုံတွင် သေနတ်ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် အမျိုးသားတစ်ဦးအားလည်း တပ်မတော်က သတိမေ့သွားသည်အထိ ရိုက်နှက်ခဲ့သည်ဟု ဒေသ ခံများက ပြောသည်။ ထို့အပြင် ဒေသခံပြည်သူ ၆၀၀ နီးပါးလည်း နေရပ်စွန့်ခွာခဲ့ကြရသည်။

စိုင်းကူးက “အရင်တုန်းက ဖြစ်ခဲ့တာလည်း ဒီအတိုင်းပဲ ပြီးသွားတာ များတာပေါ့နော အခုဖြစ်တဲ့ ပုံစံက လည်း ဒီအတိုင်းပဲ ပြီးသွားမှာ ကြောက်လို့ပေါ့နော်။ နောက်ပြီးတော့ အခု စစ်တပ်ကနေ ဖြစ်သွားတဲ့ သေနတ်ဒဏ်ရာတို့ သေသွားတဲ့ လုံးဆုပေါ့နော်။ ဒဏ်ရာရတဲ့ လုံးအောင် နန်းဆိုင်တို့ ဒါတွေက သူတို့ရဲ့ တာဝန်ယူမှု တာဝန်ခံမှု တစ်ခုမှ မရှိဘူးပေါ့နော်။ မရှိတော့ ပြည်သူလူထုက နေပြီးတော့ နောက်ပိုင်းလည်း အဲလိုမျိုး ဖြစ်လာမှာ ကြောက်လို့ ဆိုတာနဲ့ လူထုအုံ့ကြွမှု ဖြစ်လာတာပါ” ဟု ပြောသည်။

ယနေ့ပြုလုပ်သည့် ဆန္ဒထုတ်ဖော်ပွဲကို ကျောက်မဲမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ ထောင်နှင့်ချီ လာရောက်ပါဝင်ကြသည်ဟု ကျောက်မဲဒေသခံများက ပြောသည်။

ကျောက်မဲမြို့နယ်အတွင်းတွင် ယခင်ကတည်းက တိုက်ပွဲများအတွင်း အရပ်သား ထိခိုက်သေဆုံးမှုများနှင့် ပတ်သက်၍ မည်သည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့်အတွက် ဖြစ် ပျက်လာသည့် ကိစ္စရပ်တိုင်းတွင် အမှုမှန်ပေါ်ပေါက်ခဲ့ခြင်း မရှိဟု ဆိုသည်။

သို့ရာတွင် ယခုဖြစ်စဉ်တွင် တပ်မတော်၏ လုပ်ရပ်ကို ဒေသခံများက ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့ရသည့် ဟု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဝင်းက ပြောသည်။

“ဒီတစ်ခေါက်က ဘာဖြစ်လို့လဲဆိုလို့ရှိရင် အောက်ခြေမှာ ကွက်ကွက်ကွင်းကွင်းကို မြင်ရတဲ့ အနေအထား မှာရှိတာကိုး။ သူက အခုသေဆုံးသွားတဲ့ သူရဲ့ အမျိုးသမီးရော နောက်ထပ်ပေါ်တာ အဆွဲခံရတဲ့ သူရော နောက်ထပ် အဲဒီသူတို့ဝင်ပုန်းတဲ့ နေရာ သူတို့ ၃ ယောက်ရှိတယ်။ အဲဒါတွေက သူတို့အကုန်မြင်တာကိုး။ မြင်တော့ သူတို့က ဒီဟာနဲ့ ပတ်သက်ပြီးတော့ တပ်မတော် အစိုးရကို တိုက်ရိုက်တောင်းဆိုနေတာပါ။”

ထို့အပြင် တိုက်ပွဲများအတွင်း အရပ်သားများ ထိခိုက်သေဆုံးမှု များကဲ့သို့ ကျောက်မဲမြို့နယ်အတွင်းက အခြားပစ်ခတ်မှုများနှင့် နွားကားများ အပစ်ခံရသည့် ဖြစ်စဉ်များတွင်လည်း အမှုမှန် တစ်စုံတစ်ရာ မပေါက်ခဲ့ သည့်အတွက် ပြစ်မှုကျူးလွန်သည့် မည့်သည့် အဖွဲ့အစည်း၊ မည်သည့်လက်နက်ကိုင်မဆို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိရန် စိုင်းထွန်းဝင်းက တောင်းဆိုသည်။

လက်ရှိကျောက်မဲဖြစ်စဉ်နှင့် ပတ်သက်၍ စိုင်းထွန်းဝင်း အပါအဝင် ကျောက်မဲရှိ လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက လူ့အခွင့်အရေး ကော်မရှင်ထံသို့ တိုင်ကြားထားသည်ဟု ဆိုသည်။

လူ့အခွင့်အရေးကော်မရှင်ဖက်က ၎င်းတို့၏ တိုင်ကြားချက်ကို အထက်သို့တင်ပြပြီး အမြန်ဆုံးစီစဉ် ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အကြောင်းပြန်လာသည်ဟု ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည် နယ် လွှတ်တော် ကိုယ်စားလှယ်က စိုင်းထွန်းဝင်းက ပြောသည်။

ထို့အပြင် အဆိုပါကျောက်မဲဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ဖက်ကလည်း စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ခုကို ဖွဲ့စည်းနေပြီဟု ကြားသိရကြောင်း ကျောက်မဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် က ပြောသည်။