ကျောက်မဲ ဆန္ဒပြသူများ တပ်မတော် တရားစွဲမည်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်က ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ခဲ့ကြသည့် ဒေသခံ ၃ ဦးကို တရားစွဲဆိုသွားမည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်သည်။
သို့သော်လည်း တပ်မတော်မှ တရားစွဲဆိုသည့် အကြောင်းကြားစာမှာ ဒေသခံများ ထံသို့ ရောက်လာခြင်း မရှိသေးဟု ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း က ပြောသည်။
“မီဒီယာတွေကနေတော့ တက်လာတာတော့ တွေ့တယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အခုအချိန် အထိ စာထုတ်တာတွေ စာထုတ်ပြီးတော့ အကြောင်းကြားတာတွေ မရှိသေးဘူးဗျာ။”
ကျောက်မဲဒေသခံများက ဇူလိုင်လ ၁၀ ရက်နေ့ (ယနေ့)တွင် RCSS/SSA နှင့် တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း တပ်မတော်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထိခိုက်ရာရ သေဆုံးသူနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် ကျူးလွန်သူများကို အရေးယူပေးရန် တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ထိုသို့ ဆန္ဒထုတ်ဖော်ပြီးနောက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထိုဆန္ဒပြပွဲကို ဦးဆောင်သည့် ဒေသခံများဖြစ်သည့် ဦးစိုင်းသန်းမောင်၊ ဦးဇောတိက၊ ဦးအာလိယျ တို့ ၃ ဦးကို တရားစွဲဆိုသွားမည်ဟု ဇူလိုင်လ ၁၀ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းက ထုတ်ပြန်ခဲ့သည်။
ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် က စိုင်းရွက်လွင် က “တပ်မတော်အနေနဲ့ တကယ်တော့ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့သူတွေအတွက် တာဝန်ယူပေးရမှာဖြစ်တယ်။ ဒီ တပ်မတော်က အဲ့လိုမလုပ်ပဲ အခုက သူတို့မှားလုပ်တဲ့ အပြစ်တွေကို မမြင်သေးဘူး။ ပြည်သူတွေကို ထပ်ပြီး အပြစ်ဖို့ဖို့ ကြံစည်နေတာ။ ပြောင် ပြောင်တင်းတင်းကို လုပ်နေတာ။ ပြည်သူကို ခြိမ်းခြောက်တာလို့ မြင်တယ်။ ပြောရမယ်ဆိုရင် ဒေသခံ ပြည်သူတွေက တပ်မတော်ကို ကြောက်အောင်ပေါ့။ သူတို့အနေနဲ့ တာဝန်ယူတာဝန်ခံမှု မရှိတဲ့အပြင် အခု လို တရားစွဲဖို့လုပ်တာက လူ့အခွင့်အရေးထပ်ပြီး ချိုးဖောက်ခံရတာပေါ့” ဟု ပြောသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်း ကတော့ အဆိုပါကိစ္စနှင့် ပတ်သက်၍ မှတ်ချက် တစ်စုံတစ်ရာ မပေးလိုသော်လည်း ပြည်သူကို မနစ်နာစေတဲ့ လုပ်ဆောင်ချက်ကိုသာ အားပေးမည်ဟု ဆိုသည်။
“ကျနော်တို့က မှတ်ချက်မပြုလိုပါဘူး။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် သူကလည်း တစ်ဖက်ကလည်း စာတင်တာ နောက်ကျတဲ့အတွက်ကြောင့်မို့လို့ ခွင့်ပြုချက်မရသေးပဲနဲ့လုပ်တာကိုး ထို့အတွက် ကြောင့်မို့လို့ ဘယ်လိုပဲ လုပ်လုပ် တကယ်လို့ အမှန်တကယ် တရားစွဲလာတော့မယ် ဆိုလို့ရှိရင်တော့ ကျနော်တို့ကတော့ ပြည်သူ လူထုကို မနစ်နာစေတဲ့ လုပ်ဆောင်ချက်ကိုပဲ ကျနော်တို့က အားပေးရမှာပဲ” ဟု စိုင်းထွန်းဝင်း က ပြော သည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဒေသခံများမှ ဇူလိုင်လ ၉ ရက် နေ့တွင် စုဝေးစီတန်းလှည့်လည်ခွင့်အား တင်ပြခဲ့သော်လည်း ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက် မရရှိကြောင်း၊ ခွင့်ပြုချက်မရရှိပဲ စုဝေး၊ စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ၃ ဦးကို ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉) နှင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ (၁၈) တို့ဖြင့် သက်ဆိုင်ရာ ဌာနများမှ အမှုဖွင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
စိုင်းထွန်းဝင်းက “အဓိကကတော့ ငြိမ်းစုစီ ဥပဒေ ပုဒ်မ နဲ့ပဲ သူက ငြိဖို့ရှိတယ်။ ကျန်တဲ့ ပုဒ်မတစ်ခုက ဘာနဲ့ ညှိမလဲ ကိုယ်လည်း မသိသေးဘူးပေါ့နော်။ ဒါပေမယ့် အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒါက ပြည်သူလူထုရဲ့ တကယ်တောင်းဆိုချက်အရ သူက နောက်တစ်ခုက ကျနော်တို့ ကြည့်ရတာက သူက ဆန္ဒဖော်ထုတ်ခွင့်ကို တောင်းတဲ့အချိန်မှာ စာကရောက်တာ နည်းနည်း နောက်ကျသွားတာ ဖြစ်နေတာ ခွင့်ပြုချက်မရှိသေးပဲနဲ့ သူက လုပ်သွားတာ အဲဒီတစ်ခုပဲ ရှိမယ်။ ကျန်းမာရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ အဲဒါ မေတ္တာရပ်ခံဖို့တော့ ရှိမှာပေါ့နော” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ နှင့် ၂၉ ရက်နေ့က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ကျောက်မဲမြို့နယ် ဟဲကွီးကျေးရွာအုပ်စု ပန်ကျဉ်း ရွာသား ဦးဆုမှာ လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ပြီး နန်းအေးဆိုင်ဆိုသူမှာလည်း တင်ပဆုံတွင် သေနတ် ထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ထို့အပြင် အမျိုးသားတစ်ဦးအားလည်း တပ်မတော်က သတိမေ့သွားသည်အထိ ရိုက်နှက်ခဲ့သည်ဟု ဒေသ ခံများက ပြောသည်။ ထို့အပြင် ဒေသခံပြည်သူ ၆၀၀ နီးပါးလည်း နေရပ်စွန့်ခွာခဲ့ကြရသည်။
ထိုကိစ္စရပ်များတွင် ကျူးလွန်သူများကို တပ်မတော်အနေဖြင့် ဖော်ထုတ်အရေးယူပေးရန် ဒေသခံများက ဆန္ဒထုတ်ဖော် တောင်းဆို ရာတွင် ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက်မရပဲ ဆန္ဒထုတ်ဖော်ခဲ့သည့်အတွက် ဦးဆောင်သူ ၃ ဦးကို တရားစွဲဆိုသွားရန် ရှိသည်ဟု တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။