မွန်အမျိုးသားကျောင်းများ ဖွင့်လှစ် သင်ကြားလျက်ရှိ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

COVID-19 ကူးစက်ရောဂါ လူနာသစ်များ မတွေ့ရှိသည့် အတွက် မွန်ပြည်သစ်ပါတီ အုပ်ချုပ်မှုအောက်ရှိ မွန်အမျိုးသား အခြေခံပညာသင်ကျောင်း ၃၀ ကျော်ကို ဖွင့်လှစ် ထားပြီဟု မွန်အမျိုးသား ပညာ ရေး ကော်မတီ MNEC က ပြောသည်။

ဇွန်လ လယ်မှ စတင်၍ ဇူလိုင်လ ဒုတိယအပတ်အထိ ဖွင့်လှစ်လိုက်သည့် အထက်တန်း၊ အလယ်တန်း၊ မူလ တန်းကျောင်းပေါင်း ၃၀ ကျော် ရှိသည်ဟု သိရသည်။

ရေးချောင်းဖျား၊ ရေဖြူမြို့ နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ မွန်ပြည်သစ်ပါတီ အုပ်ချုပ်သည့်ဒေသများတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု မွန်အမျိုးသားပညာရေး ကော်မတီတာဝန်ခံ တစ်ဦးဖြစ်သည့် ဆရာမင်းအောင်ဇေ က ပြောသည်။

“မွန်ပြည်သစ်ပါတီအုပ်ချုပ်နေတဲ့ဒေသတွေ ဥပမာ ကြာအင်းဆိပ်ကြီးတို့ ရေးချောင်းဖျားတို့ ရေဖြူ ၃ နေရာက မွန်ပြည်သစ်ပါတီ အုပ်ချုပ်တဲ့နေရာက ကျောင်းတွေ အထက်တန်းကနေစဖွင့်တယ် ဇွန် ၁၅ လောက် ကတည်း ကဖွင့်နေတာ အခုဆိုရင် မူလတန်း အလယ်တန်းတွေလည်း ဖွင့်ပြီ” ဟု ဆရာမင်းအောင်ဇေ က ပြောသည်။

အစိုးရအုပ်ချုပ်ဒေသရှိ မွန်အမျိုးသားကျောင်းများနှင့် အစိုးရကျောင်းနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် မွန်အမျိုး သားကျောင်းများကိုတော့ အစိုးရကျောင်းနှင့်အတူ ဖွင့်လှစ်သွားမည်ဟုလည်း ဆရာမင်းအောင်ဇေ က ဆက် ပြောသည်။

မွန်အမျိုးသားကျောင်းများအတွက် အလှူရှင်အဖွဲ့အစည်းတစ်ခုမှ ကူးစက်ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ် သည့် လက်ဆေးဘေစင်၊ မျက်နှာကာ၊ လက်သန့်ဆေးရည် တို့ကို ထောက်ပံ့ပေးထားမှုရှိသော်လည်း mask နှင့် အပူချိန်တိုင်းကိရိယာများ လိုအပ်နေသည်ဟု ဆရာမင်းအောင်ဇေက ပြောသည်။

မွန်အမျိုးသားပညာရေးကော်မတီအနေဖြင့် မွန်အမျိုးသားကျောင်းများကို ဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ထုတ်ပြန်ထားသည့် COVID-19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းများနှင့် အညီ ဆောင်ရွက်ထားသည်ဟု ပြောသည်။

“အခု ဖွင့်တဲ့နေရာတွေက လုံခြုံတယ်လို့ ပြောရမယ် ခံယူထားတယ်။ ပြည်နယ်အစိုးရရဲ့ ကျောင်းတွေထက် စာ ရင် ဒီမှာ ရောဂါကူးစက်မှုက ပိုပြီး လုံခြုံတယ်လို့ မြင်တယ်။ မွန်ပြည်သစ်ပါတီကလည်း ရောဂါကာကွယ်ရေးကို ကောင်းကောင်းလုပ်တယ်။ ကျောင်းကလည်းဒီမှာက ဆရာ ဆရာမ တွေရယ်၊ မိဘတွေရယ်၊ ကျောင်းသား တွေရယ် တွေ့ ပြီး ကျောင်းမဖွင့်ခင်ကတည်းက တွေ့ဆုံပြီး စီစဉ်တာတွေရှိတယ်။ ဆွေးနွေးတာတွေရှိတယ်။ အားလုံးချိတ်ဆက်ပြီး လုပ်ထားတာရှိတယ်။ မွန်ပြည်သစ်ပါတီက လုပ်တာတွေကိုလည်း ယုံကြည်တာ ပေါ့ နော်။ နောက်ပြီး မွန်ပြည်သစ်က ဖွင့်တဲ့ကျောင်းတွေဆိုရင် မူးယစ်ဆေးဝါးအတွက်လည်း စိတ်မပူရဘူး” ကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဒေါ်ခင်ကြည် က ပြောသည်။

လတ်တလောအနေဖြင့် အတန်းခွဲပြီး အသုတ်လိုက် တစ်နေ့လျှင် စာသင်ချိန် ၂/၃ နာရီ သင်ကြားမှုပုံစံဖြင့် သင်ကြားနေသည်ဟု မွန်အမျိုးသားပညာရေးကော်မတီက ပြောသည်။

“စာတော့ နည်းနည်းသင်နေတာပေါ့လေ။ ဒီနှစ်က ကျောင်းသားတွေလည်း တိုးလာတာရှိတယ်၊ တစ်ယောက်နဲ့ တစ်ယောက် social distancing လုပ်ရတော့ နေရာအခက်အခဲတော့ရှိတယ်” ဟု ညီစား မွန်အမျိုးသား အထက်တန်းကျောင်း ကျောင်းအုပ်က ပြောသည်။

မွန်အမျိုးသားပညာရေးကျောင်းများသည် အလှူရှင်တို့၏ ကူညီထောက်ပံ့မှုဖြင့် ရပ်တည်နေရသည့်အတွက် နှစ်စဉ်နှစ်တိုင်း ရန်ပုံငွေအခက်အခဲရှိကြောင်း ယခုနှစ်ဆိုလျှင် COVID-19 ကူးစက်ရောဂါကြောင့် ပို၍ အခက် အခဲဖြစ်သည်ဟု ကော်မတီက ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းသား ၁၀၀၀၀ ကျော်နှင့် အစိုးရကျောင်းနှင့် တွဲဖက် သင်ကြားသည့် မွန်စာပေသင်ကျောင်း ၉၂ ကျောင်းရှိကာ ကျောင်းသားဦးရေ ၁၄၀၀၀ ကျော်ရှိပြီး ကျောင်းဆရာ၊ ဆရာမ ၇၈၀ ခန့်တို့ဖြင့် ပညာသင်ကြားလျက်ရှိသည်ဟု မွန်အမျိုးသား ပညာရေးကော်မတီမှ မိကရက်နွန်က ပြောသည်။

မွန်ပြည်သစ်ပါတီ မွန်အမျိုးသား ပညာရေးဌာန ကွပ်ကဲမှုအောက်တွင်ရှိသည့် ပါတီ တပ်တည်ဧရိယာနှင့် နီးစပ် သည့် မွန်ပြည်နယ် ရေးမြို့ နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ နယ်၊ တနင်္သာရီတိုင်း ရေဖြူမြို့ နယ်ဒေသ များအပြင် သံဖြူဇရပ်၊ မုဒုံ၊ ကျိုက်မရော၊ ဘားအံ၊ ကော့ဂရိတ်မြို့ နယ်တို့တွင် မွန်စာကို မွန်အမျိုးသားကျောင်း များနှင့် အစိုးရကျောင်းနှင့် တွဲဖက်သည့် ကျောင်းများတွင် သင်ကြားလျက်ရှိသည်။