ငါးလောင်းပြိုင် လူသတ်မှု KIO တရားရုံးတွင် စစ်ဆေးမည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ၏ ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုနှင့် ပတ် သက်၍ KIO ဗဟိုတရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်တော့မည်ဟု KIO က ပြောသည်။

ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းက ဂိုင်ဒေါ်ကျေးရွာမှ မိသားစု တစ်စု ဇူလိုင်လဆန်းပိုင်းတွင် နေအိမ်အတွင်း အသတ်ခံခဲ့ရခြင်းဖြစ်ပြီး တရားခံဟု ယူဆရသူ အမျိုးသား ၃ ဦးအား ဖမ်းဆီးရမိထားပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“အခုလောလောဆယ်ကတော့ တရားခံသုံးဦးကိုတော့ ဖမ်းဆီးပြီးမှ အဲ့ဒီအမှုနဲ့ပတ်သက်တာကို စစ်ဆေးနေပြီ။ ကျနော်တို့ တိုင်းဒေသတရားရုံးကိုတင်လိုက်ပြီ။ အခုက စစ်ဆေးနေတဲ့ အချိန်ဖြစ်ပါတယ်။ ဘာမှဆုံးဖြတ်ချက် ချတဲ့ အနေအထားတော့ မရှိသေးပါဘူး။ ကျနော်တို့ ဗန်းမော်ခရိုင်ကနေပြီးမှ စစ်ဆေးတာ၊ ဖမ်းဆီးတာ၊ အမှု တည်ဆောက်တာ၊ အခုက ကျနော်တို့ တိုင်းဒေသတရားရုံးဆီကို အပ်ပြီးမှ သူတို့လည်း ပြန်စစ်နေတာပေါ့။ တရားစီရင်တဲ့ အဆင့်ကတော့ မရောက်သေးဘူးပေါ့။ မနက်ဖြန် သဘက်ခါတော့ ရောက်မှာပါ။”

ဂိုင်ဒေါ်ကျေးရွာအတွင်းက မိသားစုဝင်များဖြစ်ကြသည့် ဦးလန်းဇိန်းတန်ဂွန်း၊ ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ဆွမ်လွတ် ထုနန်၊ သားများဖြစ်ကြသည့် မောင်လန်းဇိန်းဆန်လီနော်၊ မောင်လန်းဇိန်းဒွဲဆန်အောင်နှင့် မိသားစုဝင် တစ်ဦး ဖြစ်သည့် ဒေါ်ယန်ထု၊ စုစုပေါင်း မိသားစုဝင် ၅ ဦးတို့သည် ၎င်းတို့နေအိမ်တွင် ဇူလိုင်လ ၂ ရက်နေ့က အသတ်ခံ ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

KIO ခရိုင်အဆင့် အုပ်ချုပ်ရေးပိုင်း၏ စစ်ဆေးချက်များအရ အဆိုပါလူသတ်မှုမှာ ဘိုးဘွားပိုင် လယ်ယာမြေ ကိစ္စ ကြောင့်ဖြစ်သည်ဟု ဆိုသည်။

“အခုထက်ထိတော့ သိပ်ပြီးကြီးတဲ့အမှုကိစ္စမဟုတ်ဘူး သူတို့ရဲ့ လယ်ယာမြေကိစ္စနဲ့ပတ်သက်တဲ့ကိစ္စလို့ပဲ ကျနော်တို့ စစ်ဆေးလို့ရတယ်။ သူတို့ရဲ့ ဘိုးဘွားစဉ်ဆက် လုပ်စားနေတဲ့ လယ်ယာကိစ္စ အငြင်းပွားတာပေါ့။ သူပိုင်ကိုယ်ပိုင် ကိစ္စနဲ့ အခုလိုမျိုး လူသတ်တဲ့အထိ ဖြစ်သွားတဲ့ အနေအထား ဖြစ်ပါတယ်။ အဲ့လို့ပဲ ကျနော်တို့ စစ်ဆေးချက်အရ ထွက်ဆိုကြပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူ က ဆက်ပြောသည်။

ဗဟိုတရားရုံးသို့ အမှုရောက်ရှိလာပြီးမှ KIO ဗဟိုတရားရုံးမှ ထပ်မံစစ်ဆေးမှုများပြုလုပ်မည် ဖြစ်သည်ဟု KIO က ပြောသည်။ ထို့နောက်မှ စီရင်ချက် ချသည့် အဆင့်သို့ ရောက်ရှိမည်ဟု ပြောသည်။

တရားခံဟု ယူဆရသူ ၃ ဦးအား ဖမ်းဆီးရမိပြီးနောက် ခရိုင်အဆင့် စစ်ဆေးမှုများကို ဇူလိုင်လ ၄ ရက်နေ့က စတင်ပြီး စစ်ဆေးခဲ့သည်ဟု သိရသည်။

KIO ၏ တရားစီရင်မှုတွင် လူသတ်မှုဆိုပါက သေဒဏ်အထိ ချမှတ်သည့် စည်းမျဉ်းစည်းကမ်းများ ရှိသည်ဟု လည်း ဗိုလ်မှူးကြီးနော်ဘူ က ပြောသည်။

“ကျနော်တို့ KIO ရဲ့ တရားစီရင်တဲ့ လုပ်ထုံးလုပ်နည်းပေါ့နော် ကျူးလွန်တဲ့ ပြစ်မှုကို မူတည်ပြီးမှ ဆုံးဖြတ်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ တရားရုံးရဲ့ စီရင်ရဲ့ စီရင်ချက်နဲ့ ဆုံးဖြတ်တာလည်း ရှိပါတယ်။ ကျနော်တို့ ရိုးရာယဉ်ကျေးမှုနဲ့ ဆုံးဖြတ်တာတွေလည်း ရှိပါတယ်။ ဆုံးဖြတ်တဲ့နေရာမှာ စီရင်ချက်ချတဲ့နေရာမှာကတော့ အမြင့်ဆုံး ဒီဂရီပေါ့နော် လူသေမှုဆိုရင် သေဒဏ်ပေးတဲ့အထိ ချမှတ်တဲ့ အစဉ်အလာတွေ ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းတွေလည်း ကျနော်တို့ သတ်မှတ်ထားတာတွေရှိပါတယ်။”

အသတ်ခံခဲ့ရသည့် အဆိုပါ မိသားစုထဲမှ သားဖြစ်သူ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ကတော့ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ယခုခါ KIO တာဝန်ရှိသူများက ခေါ်ယူစောင့်ရှောက်ပေးထားသည်ဟု သိရသည်။