မော်လမြိုင် ဘိလပ်မြေစက်ရုံ ရပ်ဆိုင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်။
ထိုင်းနိုင်ငံ Siam Cement Group (SCG) အုပ်စု ရှယ်ယာ အများဆုံး ပါဝင်သည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ Mawlamyine Cemant Ltd. (MCL)ကို ကုန်ကြမ်း ပြတ်သွားသဖြင့် ပိတ်လိုက်ရသောကြောင့် အလုပ်သမား ၁၀၀၀ ခန့်အလုပ်လက်မဲ့ ဖြစ်သွားမည်ဟု အလုပ်သမားများက ပြောသည်။
MCL ဘိလပ်မြေစက်ရုံတွင် ဘိလပ်မြေထုတ်လုပ်ရာမှာ အဓိကကျသည့် ကုန်ကြမ်းဖြစ်သော ထုံးကျောက် ကုန် ကြမ်း ပြတ်လပ်မှုကြောင့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်းများကို ဇူလိုင်လ ၁၅ ရက်နေ့မှစကာ ရပ်တန့်မည် ဖြစ် ကြောင်း SCG Brand ၏ လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် ကြေညာထားသည်။
“MCL က ထုံးကျောက်ကုန်ကြမ်း မရှိလို့ ဇူလိုင်လ ၁၅ ရက်နေ့ ကနေစပြီး စက်ရုံကို ပိတ်သိမ်းတဲ့ အကြောင်း ကို ပြည်ထောင်စုကို တင်တဲ့စာပေါ့ ပြည်နယ်အစိုးရကို တင်တာတော့မဟုတ်ဘူး။ ပြည်နယ်အစိုးရကို မိတ္တူပေးပို့ ထားတယ်” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း က ပြောသည်။
အငြင်းပွားမှုရှိနေသည့် ကျောက်မီးသွေးလောင်စာသုံး စက်ရုံပိတ်သိမ်းရကြောင်းကို စက်ရုံကလည်း ထုတ်ပြန်ချက် ထုတ်ထားသည်။
စက်ရုံ ပိတ်လိုက်သည့်အတွက် စက်ရုံရှိ အလုပ်သမား ၁၀၀၀ ခန့် အလုပ် လက်မဲ့ ဖြစ်သွားမည် ဟု သိရသည်။
“၈ လပိုင်းကျရင် စက်ရုံပိတ်မယ်လို့တော့ ပြောတယ်၊ အလုပ်သမားတွေအတွက် နစ်နာကြေးပေးမယ် လို့တော့ ပြောနေပေမယ့် လောလောဆယ်တော့ ဘာမှ မသိရသေးဘူး။ ၈ လပိုင်းကြမှ သေသေချာချာသိမယ်” ဟု MCL ဘိလပ်မြေစက်ရုံတွင် အလုပ်လုပ်နေသည့် ကိုမင်းဇော်က ပြောသည်။
MCL ဘိလပ်မြေစက်ရုံမှာ ပိတ်သွားခြင်းမဟုတ်ပဲ ကုန်ကြမ်းမရှိသည့်အတွက် ကုန်ထုတ်မှုကို ရပ်တန့်ထားခြင်း ဖြစ်ကြောင်း၊ သို့သော်လည်း အသေးစိတ်ကိုတော့ မသိရသေးဘူးဟု အလုပ်သမားများက ပြောသည်။
စက်ရုံ ကုန်ထုတ်လုပ်မှု ရပ်တန့်မည့်ကိစ္စ၊ အလုပ်သမားကိစ္စတို့ကို အသေးစိတ်သိရှိနိုင်ရန် MCL ဘိလပ်မြေ စက်ရုံ ရုံးသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
MCL ဘိလပ်မြေစက်ရုံ ကုန်ထုတ်လုပ်ခြင်း ရပ်ထားသည့်အပေါ် ဒေသခံ နိုင်မစ် က “အခုက ပိတ်လိုက်တာ တော့ မဟုတ်ဘူးနော်။ ရပ်လိုက်တယ်လို့ပဲ ပြောတာပေါ့နော်။ ကျနော်တို့က ပိတ်ဖို့တောင်းဆိုခဲ့တာ မဟုတ် ဘူး။ သဘာဝပတ်ဝန်းကျင်ထိခိုက်လာတာတွေရှိလို့ ကျောက်မီးသွေးသုံးပြီး မထုတ်ဖို့တောင်းဆိုခဲ့တာပေါ့နော်။ ဘာပဲပြောပြော အခုလို ရပ်ထားတယ်ဆိုတော့ ကြားတော့ ပျော်တာမျိုးမဟုတ်ပေမယ့် ကျောက်မီးသွေးတို့ ကုန်ကြမ်းတို့ မရှိဘူးဆိုတော့ ဒါက ကျနော်တို့ ဖြစ်စေချင်တဲ့ ဟာပဲလေနော်” ဟု ပြောသည်။
သြဂုတ်လကုန်ပိုင်းတွင် SCG အမှတ်တံဆိပ်ဘိလပ်မြေများ ဈေးကွက်အတွင်း ပြတ်လပ်မှု ကြုံတွေ့ နိုင်ပါ ကြောင်းကိုလည်း MCL ဘိလပ်မြေစက်ရုံက ပြည်သူတို့အား အသိပေး ထုတ်ပြန်ထားသည်။
MCL လပ်မြေစက်ရုံသည် မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကအကျိုးတူ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ရင်းနှီးမြှုပ်နှံထားသည်။
MCL ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးသုံးလောင်စာဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စီးပွားဖြစ် စတင်လည်ပတ်ခဲ့ပြီး တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀၀၀ ထုတ်လုပ်သည်။
MCL ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်သည့်အတွက် ဒေသခံပြည်သူလူထု နှင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတို့၏ ဆန့်ကျင်ကန့်ကွက်မှုနှင့်လည်း ရင်ဆိုင်နေရသည်။