ကချင်တွင် မဲဆန္ဒရှင်အသစ် ၂ သိန်းကျော် တိုး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်။

ကချင်ပြည်နယ်အတွင်း ယခုနှစ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်း နှစ်သောင်း ခန့် တိုးလာသည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးခွဲ (ကချင်ပြည်နယ်) တာဝန်ရှိသူ က ပြောသည်။

ယခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ တစ်ပြည်နယ်လုံးတွင် ၁၀ သိန်း ၉ သောင်း ခန့်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးခွဲ၊ ပြည်နယ်ရွေးကောက်ပွဲ အရာရှိ/ဒု-ညွန်ကြားရေးမှူး ဦးထွန်းအောင်ခိုင် က ပြောသည်။

“မဲပေးခွင့်ရှိတာက တစ်ပြည်နယ်လုံး အနေနဲ့ လက်ရှိအခု ကျနော်တို့ ဆယ်သိန်းနဲ့ ကိုးသောင်းပတ်ဝန်း ကျင် လောက် ကျနော်တို့ရှိပါတယ်။ ၂၀၁၅ ကတော့ ရှစ်သိန်း ခုနှစ်သောင်းလောက်ရှိတာပေါ့။ နှစ်သိန်း နှစ်သောင်း ပတ်ဝန်းကျင်လောက်တော့ တိုးလာတဲ့ အနေအထား အနေအထားရှိတာပေါ့။”

ပြည်နယ်အတွင်း မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်း နှင့် ပူတာအို စသည့် ခရိုင်လေးခုရှိသည့်အနက် မြစ်ကြီးနား ခရိုင်၊ ဗန်းမော်ခရိုင် နှင့် ပူတာအိုခရိုင်တို့အတွင်းရှိ မြို့နယ်အချို့ တိ့ုတွင် မဲဆန္ဒရှင်စာရင်းများ ကောက်ခံနိုင် ခြင်း မရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ရုံးခွဲ (ကချင်ပြည်နယ်) တာဝန်ရှိသူ ပြောသည်။

“မြို့နယ်အားဖြင့်ဆိုရင်တော့ ကျနော်တို့ မိုးမောက်မြို့နယ်ထဲမှာ ရှိတယ်။ မိုးမောက်မြို့နယ်ထဲမှာ ပါတာရှိတယ်။ ရွှေဂူမြို့နယ်ထဲမှာလည်း ကျနော်တို့ ကချင်ပြည်နယ်ကတော့ သိတဲ့အတိုင်းပဲ နေရာတိုင်းမှာ ဒီလိုမျိုးတွေ ရှိတာ ပေါ့နော်။ အဲတော့ အဓိကကတော့ မိုးမောက်မြို့နယ်ထဲမှာ ရှိတယ်။ ပြီးရင် ကျနော်တို့ ချီဖွေ ဆော့လော်တို့ ပြီး ရင် ဒီဖက်တွေမှာရှိတယ်။ ပြီးရင် မံစီရှိတယ်။ ရွှေဂူဖက်မှာ အနည်းအကျဉ်းရှိမယ်။ ကျနော်တို့ ပူတာအို မချမ်း ဘောတို့ ဘာတို့ဖက်မှာပေါ့နော အဲလိုမျိုးလေးတွေရှိတယ်။ ချီဖွေ ဆော့လော်ပေါ့နော် လဂျန်းယန် ဒါမျိုးတွေ ရှိပါတယ်” ဟု ဦးထွန်းအောင်ခိုင် က ဆက်ပြောသည်။

လက်နက်ကိုင် အဖွဲ့အစည်း ရှိတဲ့ နယ်မြေတွေမှာ မဲဆန္ဒရှင်ကောက်ခံခြင်းမရှိကြောင်း ကော်မရှင်က ပြောသည်။

“လက်ရှိအနေအထားအရ ကျနော်တို့ လူဦးရေ စာရင်း စတင်ကောက်ယူပြုစုတဲ့ အချိန်ကတည်းကိုက ကျနော်တို့ ပြုစုလို့ မရတဲ့ နေရာ တွေက ကျနော်တို့ ကချင်ပြည်နယ်မှာရှိတယ်။ အဲဒါတွေက ဘာတွေပါလဲ ဆိုတော့ တစ်ချို့ ကျေးရွာ အုပ်စု တွေက ပြည်ထဲရေးဝန်ကြီး ဌာနကနေပြီးတော့ အုပ်စုပျက်တွေကို မပယ်ဖျတ်ရသေးတဲ့ အုပ်စုပျက်တွေ ပါ တယ်။ ဒါတော့ ကျနော်တို့ မကောက်ဘူး။ နောက်တစ်ခါကျနော်တို့ လက်နက်ကိုင် အဖွဲ့အစည်းရှိတဲ့ နယ်မြေ တွေရှိတယ်။ ဒါတွေဆိုလည်း အုပ်စု ၆၀ ကျော် ၇၀ နီးပါးရှိတယ်။ ကျနော်တို့ ဒါတွေဆိုရင် ကျနော်တို့ သွားပြီး တော့ မကောက်နိုင်ဘူးပေါ့နော်။ မကောက်နိုင်တော့ ဒါတွေမကောက်ဘူး။ နောက်တစ်ခါ ကျနော်တို့ တိုက်ပွဲ တွေကြောင့် တိမ်းရှောင်သွားတဲ့ အုပ်စုတွေက ၂၀ လောက်ရှိတယ်” ဟု ဦးထွန်းအောင်ခိုင် က ဆက် ပြော သည်။

မြစ်ကြီးနားခရိုင်အတွင်းရှိ ချီဖွေ၊ ဆော့လော်၊ ဗန်းမော်ခရိုင်အတွင်းက မိုးမောက်၊ ရွှေကူ၊ မံစီ နှင့် ပူတာအို ခရိုင်အတွင်းက ပူတာအို၊ မချမ်းဘော့ မြို့နယ်များရှိ ကျေးရွာအချို့တို့သည် ဒေသအတွင်း ငြိမ်းချမ်းရေးနှင့် နယ်မြေ လုံခြုံရေးအအခက်အခဲများကြောင့် မဲဆန္ဒရှင် အမည်စာရင်းများ သွားရောက် ကောက်ယူ နိုင်ခြင်း မရှိဟု ဦးထွန်းအောင်ခိုင် က ဆက်ပြောသည်။

“နောက်တစ်ခါ လုံခြုံရေး ကန့်သတ်ချက် လူတွေကတော့ နေနေတယ်။ ဒါပေမယ့် လုံခြုံရေးကန့်သတ်ချက်အရ ကျနော်တို့ သွားလို့လာလို့ မရဘူးပေါ့နော အဆင်မပြေဘူး လုံခြုံရေးအရ အာမခံချက် သိပ်မရှိတဲ့အတွက် လုံခြုံရေးကန့်သတ်ချက်ရှိနေတဲ့ ကျေးရွာ အုပ်စုက ၂၀ လောက် ကျနော်တို့ပါနေတယ်။ အဲတော့ အဲဒီနေရာ မှာတော့ ကျနော်တို့ တွေက လူဦးရေစာရင်းမကောက်ဘူး မကောက်ဘူးအတွက် ကျနော်တို့ မဲစာရင်း လည်း ပြုစုထားတာ မရှိဘူး။”

၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်နယ်အတွင်း မဲဆန္̔ဒရှင်စာရင်း ကောက်ခံ၍ မရသော ကျေးရွာပေါင်း ၁၉၀ ကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးခွဲထံ မှ သိရသည်။

နယ်မြေလုံခြုံရေးအရ စာရင်းကောက်ယူရန် အခက်အခဲဖြစ်နေရသည်ဟု ကော်မရှင်အဖွဲ့ ရုံးခွဲ တာဝန်ရှိသူ က ပြောသည်။

“အခုလက်ရှိ အနေအထားမှာ ကျနော်တို့ ကျန်တာ ၁၉၄ လောက်ပဲ ကျန်တယ်။ အဲဒီနယ်မြေလေးတွေက သူက လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားတဲ့ နေရာတွေနဲ့ အနီးစပ်ဆုံးနေရာလေးတွေ ဒါပေမယ့် လက်ရှိအနေအထား လက်ရှိ အခြေအနေအရ အေးချမ်းမှု ရှိတဲ့အတွက်ကြောင့် ကျနော်တို့တွေက ထည့်ထားတာ အဲတော့ နိုင်ငံရေး စစ်ရေး အခြေအနေ ဆိုတာက ကျနော်တို့က ပြောလို့ရတဲ့ အနေအထားမဟုတ်ဘူး။ ဒီဟာတွေရဲ့ အပေါ်မှာ လည်း ကျနော်တို့ ရွေးကောက်ပွဲ လုပ်နိုင်ခြင်း မလုပ်နိုင်ခြင်းဆိုတာ စကားပြောတဲ့အတွက် တကယ်လို့များ အဲလိုမျိုး အခြေအနေမျိုးတွေ ပြောင်းလဲမှုတွေ ဖြစ်လာရင်တော့ အဲဒီနေရာလေးတွေက ပြန်ပြီးမှ စိတ်မချဘူး ဒီလောက်ပဲ ကျနော်ပြောလို့ရမယ်” ဟု ဦးထွန်းအောင်ခိုင် က ပြောသည်။

လက်နက်ကိုင်အဖွဲ့အစည်းများနှင့် နီးစပ်နေသည့် ကျေးရွာများ၊ တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများကြောင့် နယ် မြေ တည်ငြိမ်အေးချမ်းမှု မရှိသေးသည့် ကျေးရွာများတွင် စာရင်းကောက်ယူရန် အခက်အခဲဖြစ်နေပြီး ငြိမ်းချမ်း ရေးအပေါ် မူတည်၍ အပြောင်းအလဲရှိနိုင်သည်ဟုလည်း ဦးထွန်းအောင်ခိုင် က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတုန်းက ကျေးရွာပေါင်း ၂၁၂ ရွာ ရှိခဲ့သည်ဟု ပြည်နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ ရုံးခွဲ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။