အရပ်သား ယာဉ် ပစ်ခံရ၊ ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၀ ခုနှစ်၊ သြဂုတ် ၈ ရက်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ် တစ်စီး အပစ်ခံရ၍ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည် ဟု အပစ်ခံရသူ ယာဉ်မောင်းက ပြောပြသည်။

သြဂုတ် ၆ ရက် ည ၇ နာရီကျော် အချိန်ခန့်တွင် ခရီးသည်တင်ယာဉ်တစ်စီး ပစ်ခတ်ခံခဲ့ရ၍ အဆိုပါယာဉ်မှ ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်အကူတစ်ဦး ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။

ဒဏ်ရာရရှိခဲ့သူ နှစ်ဦးထဲမှ တစ်ဦးကဖြစ်သည့် ကိုအောင်မျိုးသန်းက “ကျနော်တို့ကို ဘယ်ကပစ်တာလဲတော့ မသိဘူး။ အပြန်ပေါ့ ကျနော်တို့ ပြန်လာတဲ့အခါမှာ ပစ်ခံရတာပါ။ ကျနော်နဲ့အတူ ယာဉ်အကူပေါ့ သူလည်း ဒဏ်ရာရတယ်။ ကျနော်က ညာဘက်ပေါင်မာ ကျည်ဆံထိမှတ်သွားတာ။ မောင်သန်းဝင်းကတော့ ကားအရှေ့ က မှန်ကွဲသွားပြီး မှန်စတွေ ထိတာ။ ခြေသလုံးမှာပေါ့” ဟု ပြောသည်။

မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာဘက်သို့ ခရီးသည်များ သွားရောက်ပို့ဆောင်ပြီး အပြန်လမ်းတွင် အပစ်ခံခဲ့ ရခြင်းဖြစ်သည်ဟု ကိုအောင်မျိုးသန်း က ပြောသည်။

အသက် (၃၀) အရွယ်ရှိ ယာဉ်မောင်း ကိုအောင်မျိုးသန်းနှင့် အသက် (၃၆) နှစ်အရွယ်ရှိ ယာဉ်အကူ မောင် သန်းဝင်းတို့ နှစ်ဦးမောင်းနှင်လာသည့်ကားအား အင်းဒင်ကျေးရွာမှအပြန် မြောချောင်းရပ်ကွက်အရောက်တွင် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူ နှစ်ဦးအနက် ယာဉ်မောင်း ကိုအောင်မျိုးသန်းမှာ လက်ရှိ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျှက်ရှိပြီး ယာဉ်အကူ မောင်သန်းဝင်း မှာ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည်။

မောင်တောမြို့နယ်အတွင်း ယခုရက်ပိုင်း တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေပြီး ဒေသခံများ အတွက်လည်း လုံခြုံရေးစိုးရိမ်နေရသည်။

သြဂုတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ် အစပ်ရှိ အင်းဒင်-စေတီပြင်အနီး တပ်မတော်နှင့် ရက္ခိုင့်တပ်တော် ULA/AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ထို့အပြင် သြဂုတ်လ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည့် မောင်တောမြို့နယ်၊ ကျောက်ပန်းဒူကျေးရွာအနီး တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲအတွင်း တပ်မတော်သားများနှင့် နယ်ခြားစောင့်ရဲ တပ်ဖွဲ့ဝင် ၆ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု ULA/AA က သြဂုတ်လ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။

*** ZAWGYI ***
အရပ္သား ယာဥ္ ပစ္ခံရ၊ ၂ ဦး ဒဏ္ရာရ

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၀ ခုႏွစ္၊ ၾသဂုတ္ ၈ ရက္။

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္တြင္ ခရီးသည္တင္ယာဥ္ တစ္စီး အပစ္ခံရ၍ ႏွစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့သည္ ဟုု အပစ္ခံရသူ ယာဥ္ေမာင္းက ေျပာျပသည္။

ၾသဂုတ္ ၆ ရက္ ည ၇ နာရီေက်ာ္ အခ်ိန္ခန္႔တြင္ ခရီးသည္တင္ယာဥ္တစ္စီး ပစ္ခတ္ခံခဲ့ရ၍ အဆုိပါယာဥ္မွ ယာဥ္ေမာင္းတစ္ဦးႏွင့္ ယာဥ္အကူတစ္ဦး ဒဏ္ရာရ႐ွိသြားခဲ့ျခင္း ျဖစ္သည္။

ဒဏ္ရာရရွိခဲ့သူ ႏွစ္ဦးထဲမွ တစ္ဦးကျဖစ္သည့္ ကိုေအာင္မ်ိဳးသန္းက “က်ေနာ္တုိ႔ကို ဘယ္ကပစ္တာလဲေတာ့ မသိဘူး။ အျပန္ေပါ့ က်ေနာ္တုိ႔ ျပန္လာတဲ့အခါမွာ ပစ္ခံရတာပါ။ က်ေနာ္နဲ႔အတူ ယာဥ္အကူေပါ့ သူလည္း ဒဏ္ရာရတယ္။ က်ေနာ္က ညာဘက္ေပါင္မာ က်ည္ဆံထိမွတ္သြားတာ။ ေမာင္သန္းဝင္းကေတာ့ ကားအေရွ႕ က မွန္ကြဲသြားၿပီး မွန္စေတြ ထိတာ။ ေျခသလံုးမွာေပါ့” ဟု ေျပာသည္။

ေမာင္ေတာၿမိဳ႕နယ္၊ အင္းဒင္ေက်းရြာဘက္သို႔ ခရီးသည္မ်ား သြားေရာက္ပို႔ေဆာင္ၿပီး အျပန္လမ္းတြင္ အပစ္ခံခဲ့ ရျခင္းျဖစ္သည္ဟု ကိုေအာင္မ်ိဳးသန္း က ေျပာသည္။

အသက္ (၃၀) အရြယ္ရွိ ယာဥ္ေမာင္း ကိုေအာင္မ်ိဳးသန္းႏွင့္ အသက္ (၃၆) ႏွစ္အရြယ္ရွိ ယာဥ္အကူ ေမာင္ သန္းဝင္းတို႔ ႏွစ္ဦးေမာင္းႏွင္လာသည့္ကားအား အင္းဒင္ေက်းရြာမွအျပန္ ေျမာေခ်ာင္းရပ္ကြက္အေရာက္တြင္ ပစ္ခတ္ခံခဲ့ရျခင္းျဖစ္သည္။

ဒဏ္ရာရရွိသူ ႏွစ္ဦးအနက္ ယာဥ္ေမာင္း ကိုေအာင္မ်ိဳးသန္းမွာ လက္ရွိ စစ္ေတြေဆးရံုႀကီးတြင္ ေဆးကုသမႈ ခံယူလ်ွက္ရွိၿပီး ယာဥ္အကူ ေမာင္သန္းဝင္း မွာ ေမာင္ေတာၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးကုသမႈ ခံယူေနသည္။

ေမာင္ေတာၿမိဳ႕နယ္အတြင္း ယခုရက္ပိုင္း တုိက္ပြဲမ်ား၊ ပစ္ခတ္မႈမ်ား ဆက္တုိက္ျဖစ္ပြားေနၿပီး ေဒသခံမ်ား အတြက္လည္း လံုၿခံဳေရးစိုးရိမ္ေနရသည္။

ၾသဂုတ္လ ၂ ရက္ေန႔ႏွင့္ ၃ ရက္ေန႔ကလည္း ရေသ့ေတာင္ၿမိဳ႕နယ္ႏွင့္ ေမာင္ေတာၿမိဳ႕နယ္ အစပ္ရွိ အင္းဒင္-ေစတီျပင္အနီး တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ ULA/AA တို႔အၾကား တုိက္ပြဲမ်ား ျပင္းထန္စြာျဖစ္ပြားခဲ့သည္။

ထို႔အျပင္ ၾသဂုတ္လ ၃ ရက္ေန႔က ျဖစ္ပြားခဲ့သည့္ ေမာင္ေတာၿမိဳ႕နယ္၊ ေက်ာက္ပန္းဒူေက်းရြာအနီး တပ္မေတာ္ႏွင့္ AA တို႔အၾကား တိုက္ပြဲအတြင္း တပ္မေတာ္သားမ်ားႏွင့္ နယ္ျခားေစာင့္ရဲ တပ္ဖြဲ႕ဝင္ ၆ ဦးကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဖမ္းဆီးရမိခဲ့သည္ဟု ULA/AA က ၾသဂုတ္လ ၄ ရက္ေန႔က ထုတ္ျပန္ထားသည္။