ကသာ အကျဉ်းထောင်မှ ၅၀၅ (က) ၁၂ ဦး ပြန်လွတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်။

ပုဒ်မ ၅၀၅ (က) ဖြင့် အရေးယူခံထားရသူ ၁၂ ဦး ကသာမြို့ အကျဉ်းထောင်မှ အောက်တိုဘာ ၁၈ ရက် ညနေ ၃ နာရီ အချိန်ခန့်တွင် လွတ်မြောက်လာသည်။

ပြီးခဲ့သည့် မေလက ကသာမြို့နယ် အတွင်းရှိ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံရသူများ အနက်မှ ထီးချိုင့်က ၇ ဦး၊ ဝန်းသိုက ၁ ဦး၊ ပင်လယ်ဘူးက ၄ ဦး စုစုပေါင်း ၁၂ဦး ကို ခံဝန်ဖြင့် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု ပြန်လွှတ်လာသူ တစ်ဦး က ပြောသည်။

ထီးချိုင့်မြို့က လွတ်လပ်လာသူတစ်ဦးက “ထောင်ပိုင်ကြီးက အမူပိတ်သိမ်းတယ်လို့ ပြောပေမယ့် ခံဝန်ချုပ်နဲ့ လွှတ်တာဆိုတော့ နောက်တခါထပ်ဖြစ် ပထမ အမှုနဲ့ ပေါင်းကျခံရမယ်ဆိုပြီးပြောထားတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ကသာခရိုင်အတွင်းရှိ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို နှင့် ကသာမြို့ပေါ်တို့က အကျဉ်းထောင်အတွင်း ကျန်နေသူများကို ထပ်မံလွတ်ပေးမည်ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ အာဏာသိမ်းခဲ့ပြီးနောက် ဖေဖော်ဝါရီလ ဒုတိယအပတ်ခန့်မှ စတင်၍ စစ်အာဏာသိမ်း ဆန့်ကျင် ဆန္ဒပြသူများကို နိုင်ငံတော် ပုန်ကန်မှုနှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆိုင်ရာပုဒ်မများဖြစ်သည့် ပုဒ်မ ၁၂၁၊ ပုဒ်မ ၅၀၅၊ ပုဒ် ၁၇ (၁) တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့သည်။

ထို့အပြင် ပုဒ်မ ၁၂၁၊ ပုဒ်မ ၅၀၅ ပါ ပုဒ်မခွဲတို့ကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းပြုလုပ်ခဲ့ရာ ယင်းပြင်ဆင်ချက်ထဲ တွင် အဓိက ပြင်ဆင် ဖြည့်စွက်လိုက်သည့် အချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် တပ်မတော်၊ တပ်ဖွဲ့ ဝင်များကို အကာကွယ်ပေးသည့် အချက်များ ဖြစ်သည်။

ပုဒ်မ ၅၀၅ သည် မည်သူမဆို တပ်မတော်၊ တပ်ဖွဲ့ဝင်များ၊ အစိုးရ ဝန်ထမ်းများကို လုပ်ငန်းစည်းကမ်းချက်၊ အလုပ်လုပ်ကိုင်လို စိတ်ပျက်စီးအောင် ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ ပျက်စီးအောင် လုပ်ဆောင်ခြင်းများ၊ စည်း ကမ်းများ မလိုက်နာစေရန်နှင့် အမုန်းစကားများ ဖြန့်ပါက တရားစွဲဆိုနိုင်သည့် ပုဒ်မအဖြစ် ပြင်ဆင်ခြင်း လိုက် ခြင်း ဖြစ်သည်။

*** ZAWGYI ***
ကသာ အက်ဥ္းေထာင္မွ ၅၀၅ (က) ၁၂ ဦး ျပန္လြတ္

သတင္းႏွင့္ မီဒီယာ ကြန္ရက္။
၂၀၂၁ ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ ရက္။

ပုဒ္မ ၅၀၅ (က) ျဖင့္ အေရးယူခံထားရသူ ၁၂ ဦး ကသာၿမိဳ႕ အက်ဥ္းေထာင္မွ ေအာက္တိုဘာ ၁၈ ရက္ ညေန ၃ နာရီ အခ်ိန္ခန႔္တြင္ လြတ္ေျမာက္လာသည္။

ၿပီးခဲ့သည့္ ေမလက ကသာၿမိဳ႕နယ္ အတြင္းရွိ ပုဒ္မ ၅၀၅ (က) ျဖင့္ တရားစြဲဆိုခံရသူမ်ား အနက္မွ ထီးခ်ိဳင့္က ၇ ဦး၊ ဝန္းသိုက ၁ ဦး၊ ပင္လယ္ဘူးက ၄ ဦး စုစုေပါင္း ၁၂ဦး ကို ခံဝန္ျဖင့္ လႊတ္ေပးလိုက္ျခင္း ျဖစ္သည္ဟု ျပန္လႊတ္လာသူ တစ္ဦး က ေျပာသည္။

ထီးခ်ိဳင့္ၿမိဳ႕က လြတ္လပ္လာသူတစ္ဦးက “ေထာင္ပိုင္ႀကီးက အမူပိတ္သိမ္းတယ္လို႔ ေျပာေပမယ့္ ခံဝန္ခ်ဳပ္နဲ႔ လႊတ္တာဆိုေတာ့ ေနာက္တခါထပ္ျဖစ္ ပထမ အမႈနဲ႔ ေပါင္းက်ခံရမယ္ဆိုၿပီးေျပာထားတယ္” ဟု ေျပာသည္။

ေအာက္တိုဘာလ ၁၉ ရက္ေန႔တြင္ ကသာခ႐ိုင္အတြင္းရွိ ဗန္းေမာက္၊ ေကာလင္း၊ ဝန္းသို ႏွင့္ ကသာၿမိဳ႕ေပၚတို႔က အက်ဥ္းေထာင္အတြင္း က်န္ေနသူမ်ားကို ထပ္မံလြတ္ေပးမည္ျဖစ္သည္ဟု သိရသည္။

စစ္ေကာင္စီ အာဏာသိမ္းခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီလ ဒုတိယအပတ္ခန႔္မွ စတင္၍ စစ္အာဏာသိမ္း ဆန႔္က်င္ ဆႏၵျပသူမ်ားကို ႏိုင္ငံေတာ္ ပုန္ကန္မႈႏွင့္ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ဆိုင္ရာပုဒ္မမ်ားျဖစ္သည့္ ပုဒ္မ ၁၂၁၊ ပုဒ္မ ၅၀၅၊ ပုဒ္ ၁၇ (၁) တို႔ျဖင့္ ဖမ္းဆီးတရားစြဲဆိုခဲ့သည္။

ထို႔အျပင္ ပုဒ္မ ၁၂၁၊ ပုဒ္မ ၅၀၅ ပါ ပုဒ္မခြဲတို႔ကို ျပင္ဆင္ျခင္း၊ ျဖည့္စြက္ျခင္းျပဳလုပ္ခဲ့ရာ ယင္းျပင္ဆင္ခ်က္ထဲ တြင္ အဓိက ျပင္ဆင္ ျဖည့္စြက္လိုက္သည့္ အခ်က္မွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ႏွင့္ တပ္မေတာ္၊ တပ္ဖြဲ႕ ဝင္မ်ားကို အကာကြယ္ေပးသည့္ အခ်က္မ်ား ျဖစ္သည္။

ပုဒ္မ ၅၀၅ သည္ မည္သူမဆို တပ္မေတာ္၊ တပ္ဖြဲ႕ဝင္မ်ား၊ အစိုးရ ဝန္ထမ္းမ်ားကို လုပ္ငန္းစည္းကမ္းခ်က္၊ အလုပ္လုပ္ကိုင္လို စိတ္ပ်က္စီးေအာင္ ပိတ္ပင္ျခင္း၊ တားဆီးျခင္း၊ ပ်က္စီးေအာင္ လုပ္ေဆာင္ျခင္းမ်ား၊ စည္း ကမ္းမ်ား မလိုက္နာေစရန္ႏွင့္ အမုန္းစကားမ်ား ျဖန႔္ပါက တရားစြဲဆိုႏိုင္သည့္ ပုဒ္မအျဖစ္ ျပင္ဆင္ျခင္း လိုက္ ျခင္း ျဖစ္သည္။