ဆွဲခန့် ဆရာ/မ များ ခန့်ရန် ရက်တို သင်တန်းပေးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်။
ဧရာဝတီတိုင်းတွင် လူထု အာဏာ ဖီဆန်ရေး (CDM) ဆရာ/မ များနေရာတွင် အစားထိုးရန် ဆွဲခန့် ဆရာ/မ ၂၅၀ နီးပါးကို စစ်ကောင်စီက ရက်တိုသင်တန်းပေးနေသည် ဟု တိုင်း ပညာရေး ရုံးနှင့် နီးစပ်သူများက ပြောသည်။
အစားထိုးခန့်အပ်မည့် ဆွဲခန့် ဆရာ/ဆရာမ ၂၄၄ ဦးအား စစ်ကောင်စီက ဘိုကလေးမြို့ ဆရာအတတ်သင် ကျောင်း-TTC တွင် နိုဝင်ဘာ ဒုတိယအပတ်မှ စတင်၍ တစ်လအကြာ ရက်တို ဆရာဖြစ် သင်တန်းဖွင့်လှစ်သင် ကြားပေးနေခြင်းဖြစ်သည်ဟု ဧရာဝတီတိုင်း ပညာရေးမှူးရုံး နှင့် နီးစပ်သူများထံမှ သိရသည်။
“သင်တန်းက ရက်တော့တိုလွန်းတယ်။ CDM လုပ်သွားတဲ့ ဆရာ/ဆရာမတွေရဲ့ နေရာကို အစားထိုးခန့်တဲ့ သဘောပါပဲ” ဟု အာဏာဖီဆန်မှုတွင် မပါဝင်သော Non CDM လက်ထောက် ပညာရေးမှူးတစ်ဦး က ပြောသည်။
ဧရာဝတီတိုင်း အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် ကျောင်းဆရာ/ဆရာမ လိုအပ်ချက် များကို ဖြည့်တင်းရန် အတွက် သင်တန်းသားများကို နိုဝင်ဘာလဆန်းပိုင်းမှ စတင်ခန့်အပ်နေခြင်း ဖြစ်သည်ဟု ပညာရေးဌာန အသိုင်းအဝိုင်းက ပြောသည်။
ပုံမှန်အားဖြင့် ဆရာဖြစ်သင်တန်းကို ယခင်က ၂ နှစ် တက်ရောက်ကာ ပထမ ၁ နှစ်အတွင်း မူလတန်းပညာ သင်ပြနည်း၊ လက် တွေ့သင်ကြားခြင်း နှင့် တက္ကသိုလ် ပထမနှစ် ဘာသာများကို လေ့ကျင့်ရသည်ဟု သိရသည်။ ဒုတိယနှစ်တွင် အလယ်တန်း ပညာသင်ကြားနည်း၊ လက်တွေ့သင်ကြားခြင်းနှင့် တက္ကသိုလ် ဒုတိယနှစ် ဘာသာ များကို လေ့ကျင့်ရသည်။
ပြီးခဲ့သည့် မေလမှစတင်၍ စစ်ကောင်စီ၏ ပညာရေးဌာနက ဆွဲခန့် ဆရာ/ဆရာမ အသစ်များ ခေါ်ယူခဲ့ပြီး အဆို ပါ ရက်တိုသင်တန်းများပေး ပြီးပါက ယင်းဆွဲခန့် ဆရာ/ဆရာမအသစ်များကို သင်ကြားရေး တာဝန်များ ပေးအပ် သွားရန် စီစဉ်ထားသည်ဟု တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။