စစ်ကောင်စီ တပ်ဖွဲ့များက ဈေးသည်များထံမှ သေနတ်ပြ ငွေတောင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။
တနင်္သာရီမြို့နယ်အတွင်း ကျေးရွာဈေးတစ်ခုတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဈေးသည်များအား သေနတ်ဖြင့်ချိန်ကာ ငွေကြေးတောင်းခံခဲ့သည်ဟု ဈေးသည်များက ပြောသည်။
ဈေးဆိုင်ရောင်းချသူများအား စစ်ကောင်စီ တပ် ဖွဲ့ဝင်များက သေနတ်ဖြင့် ချိန်ကာခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံခဲ့သည်ဟု ဈေးရောင်းချသူများ က ပြော သည်။
တနင်္သာရီမြို့နယ် တကူကျေးရွာရှိ သံတိုက်ဈေးတွင် နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက်ပိုင်းက ဈေးရောင်းချနေချိန်တွင် တစ်ဆိုင်ကို ငါးထောင်ကျပ်နှုန်းဖြင့် ဆိုင်ပေါင်း နှစ်ဆယ်ကျော်မှ ငွေတောင်းယူသွားခြင်း ဖြစ်သည်ဟု စျေးသည်များက ပြောသည်။
သံတိုက်စျေးထဲတွင် ကုန်စိမ်းရောင်းသည့် အသက် ၃၀ ကျော်အရွယ် စျေးသည် တစ်ဦးက “ဈေးရောင်း မကောင်းရတဲ့ကြားထဲ မပေးချင်လည်း ပေးလိုက်ရတယ်။ မရိုက်မထုရင် တော်ပြီဆိုပြီး ကြောက်ကြောက်နဲ့ ပေးလိုက်ရတာ” ဟု ပြောသသည်။
တစ်နေ့လုပ်တစ်နေ့စား ဝမ်းစာရေးအတွက် ရောင်းချနေကြရ၍ အချို့ဆိုလျှင် ဈေးဦးပင်မပေါက်သေးဘဲ ပေးရန် ငွေမရှိသူများက ချေးငှားပြီး ပေးလိုက်ရသူများလည်းရှိသည်ဟု အဆိုပါ ကုန်စိမ်းရောင်းချသူ စျေးသည် အမျိုး သမီးက ပြောသည်။
ထို့အပြင် နေ့လည်ပိုင်းမှာလည်း တကူကျေးရွာ စာသင်ကျောင်းအရှေ့တွင် သွားလာနေသည့် ဆိုင်ကယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားဆီးစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ဆိုင်ကယ်တစ်စီးကို သိမ်းဆည်းကာ ဆိုင်ကယ်ပိုင် ရှင်ကိုလည်း ရိုက်နှက်ခဲ့သည်ဟု ဒေသခံရွာသားများက ပြောဆိုသည်။
တကူကျေးရွာသည် မြိတ်မြို့မှ အရှေ့ဘက် မိုင် ၅၀ ခန့်အကွာတွင် ရှိပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ကာ အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။
ရွာသားများသည် အသက်မွေးဝမ်းကျောင်းအဖြစ် ရော်ဘာနှင့်ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းတို့ကို အဓိက လုပ်ကိုင်နေထိုင်ကြသည်။
အလားတူ မြိုတ်မြို့ထဲက အခြားသော ကျေးရွာတစ်ရွာဖြစ်သည့် သာရဘွင်ကျေးရွာတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကျေးရွာအတွင်းရှိ လမ်းသွားလာများကို စစ်ဆေးနေပြီး ဥယျာဉ်ခြံ အသုံးပြုသည့် တောခုတ်ဓား များကိုလည်း သိမ်းဆည်းသွားသည်ဟု ဒေသခံရွာသားများက ပြောသည်။