ကျိုက်နဲ ရေလယ်ဘုရားဖူး စက်လှေမြုပ်၊ အနည်းဆုံး ၁၄ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ကျိုက်နဲ ရေလယ်ဘုရားဖူးသည့် စက်လှေနစ်မြုပ်ပြီး လူ ၁၄ ဦး ထက် မနည်း သေဆုံးသွားသည်ဟု သံဖြူဇရပ်လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များထံမှ သိရသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့ (ယနေ့) နံနက်အစောပိုင်းက သံဖြူဇရပ်မြို့နယ် ဝဲကလောင်ကျေးရွာနှင့် အံခဲကျေးရွာ အကြား ပင်လယ်ပြင်ရှိ ကျိုက်နဲဘုရားသို့ ဘုရားသွားဖူးပြီး အပြန်တွင် စက်လှေနစ်မြုပ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

သံဖြူဇရပ် ပိုင်ရှင်မဲ့လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူတစ်ဦးက “ကျနော်တို့ဆီကို သတင်းရောက်တာ မနက် ၆ နာရီလောက်ပေါ့။ ဖြစ်တာကတော့ ကျနော် စိတ်ထင် မနက် ၃ နာရီခွဲ ၄ နာရီလောက်မှာ ဖြစ်တာ ထင် တယ်။ ဘာလို့လဲ ဆိုတော့ ရေပြည့်လေ။ ရေပြည့်ပြီးဆိုရင် ဘုရားသွား ဖူးတဲ့လမ်းက ရေမြုပ်သွားပြီးဆိုရင် လမ်းလျှောက်ပြန်လို့မရတော့ဘူး။ မရတော့ လှေနဲ့ပြန်ဖို့အတွက်ကို အလုအယက်တက်ရင်းနဲ့ လူများတော့ လှေမြုပ်သွားတာ အပြန်မှာပေါ့ လှေမြုပ်သွားတာ” ဟု ပြောသည်။

လှေနစ်မြုပ်မှုဖြစ်ပွားပြီး နံနက် ၆ နာရီဝန်းကျင်ခန့်မှစတင်ကာ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ရှာဖွေ ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ပြီး နေ့လည် ၁၂ နာရီဝန်းကျင်အထိ အလောင်း ၁၄ လောင်း ရှာဖွေတွေ့ ရှိထားသည်ဟု သိရသည်။

ဆယ်ယူရရှိထားသည့် အလောင်း ၁၄ လောင်းတွင် ဦးဇင်းတစ်ပါး၊ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် အမျိုး သမီး ၁၂ ဦး ပါဝင်သည်ဟုလည်း သံဖြူဇရပ် ပိုင်ရှင်မဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်းတာဝန်ရှိသူ က ပြော သည်။

နစ်မြုပ်စက်လှေပေါ် လူအရေအတွက် မည်မျှပါသည်ကို အတိအကျ မသိရှိကြောင်း လက်ရှိအချိန်ထိလည်း ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု သံဖြူဇရပ် ပိုင်ရှင်မဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်း တာဝန်ရှိသူက ပြောသည်။

သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများသည် မည်သည့်ဒေသက မည်သူမည်ဝါဆိုသည်ကိုလည်း မသိသေးဘူးဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့်အကွာ ပင်လယ်ပြင်တွင် တည်ရှိနေသည့် ကျိုက်နဲဘုရားပွဲကို တန်ဆောင်မုန်း လပြည့်ကျော် ၂ ရက်နေ့ညမှ စတင်ကာ ၃ ရက်နေ့ နံနက်ပိုင်းအထိ စည်ကားစွာ ကျင်းပလေ့ရှိသည်။

ကျိုက်နဲဘုရားသို့ မွန်ပြည်နယ်မှသာမက အနယ်နယ်အရပ်ရပ်က ဘုရားဖူးများလည်း လာရောက်လေ့ရှိပြီး ယခုနှစ်တွင် ဘုရားဖူးသောင်းနှင့်ချီလာရောက်ဖူးမျှော်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။