မြိတ်-ရန်ကုန် ကားလမ်း ဂိတ်များတိုး၊ ငွေပေးနေရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။

မြိတ်-ရန်ကုန် ကားလမ်းတစ်လျောက် လုံခြုံရေး အမည်ခံ ဂိတ်များဖွင့်ကာ ငွေကြေးကောက်ခံမှုများ ရှိနေသည်ဟု ခရီးသည်များနှင့် ယာဉ်မောင်းများက ပြောသည်။

မြိတ်-ရန်ကုန် ပုံမှန် ပြေးနေသည့် အသက် ၄၅ နှစ်ခန့် အရွယ် ကားလေးယာဉ်မောင်းတစ်ဦးက “အစစ်ဆေး အကြမ်းဆုံးက မလွှဲတောင်ပါပဲ။ ဂိတ်စောင့်တွေက ခရီးသည်နဲ့ ကားအနေအထားပေါ်မူတည်ပြီး ငွေသောင်းချီ တောင်းနေတယ်“ ဟု ပြောသည်။

ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းနှင့် စစ်အာဏာသိမ်း ဂယက်များနှင့်အတူ မိုင်ငါးရာကျော်ရှိ အဆိုပါ လမ်းခရီးတွင် စစ်ဆေးရေးဂိတ် ၂၀ ခန့်ရှိနေပြီး ခရီးစဉ်တလျှောက် အစစ်အဆေး အလွန်များပြားသည်ဟု ခရီးသည်များ က ပြောသည်။

ခရီးသွားလာရာတွင် မလွှဲတောင်ဂိတ်တွင် လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ စစ်သားများမှ စစ်ဆေးနေပြီး ကိုဗစ်-၁၉ ကင်းရှင်းကြောင်း ဆေးမှတ်တမ်း စစ်ဆေးသူများကို ကားတစ်စီးလျှင် အနည်းဆုံး ငါးထောင်ကျပ်မှ ကျပ်တစ် သောင်းကြား လမ်းကြောင်း မြန်ဆန်အောင်ပေးရသည်ဟု အဆိုပါ ယာဉ်မောင်းက ပြောသည်။

ထားဝယ်မြို့မှ အထွက် ကလိန်အောင်၊ မလွှဲတောင်၊ ရေး၊ စစ်တောင်းနှင့် ဇီးရိုးမိုင်ဂိတ်များတွင် အစစ်အဆေး များပြီး ဖုန်းများကို စစ်ခြင်း၊ အိတ်များကို ဖွင့်ဖောက်စစ်ခြင်းများ ရှိနေသည့်အတွက် စစ်ဆေးရေးဂိတ်များတွင် အချိန်မကြာအောင်၊ ခရီးသည်များ စိတ်မညိုငြင်ရအောင် ငွေပေးပြီး ဖြတ်ရသည်ဟု ယာဉ်မောင်းများ က ပြော သည်။

ငါးလကျော်ကြာ ကူးသန်းသွားလာခွင့် ပိတ်ထားခဲ့ရာ ကိုဗစ်-၁၉ ကာလ အတောအတွင်း အရေးပေါ်ကိစ္စကြောင့် ဖြစ်စေ၊ ကျန်းမာရေးကိစ္စရပ်များကြောင့်ဖြစ်စေ ခရီးသွားလာသူများသည် အိမ်စီးကားနှင့် စင်းလုံး အငှားယာဉ် များကိုသာ အားထားသွားလာခဲ့ကြရသည်။

မြိတ် – ရန်ကုန်ခရီး လမ်းကြောင်းတစ်လျှောက် ဂိတ်များကို ယာဉ်တစ်စီးလျှင် ကျပ်ငါး သောင်းခန့် ပေးဆောင်နေရသည်ဟု ယာဉ်မောင်းများက ပြောသည်။

မွန်ပြည်နယ်ထဲတွင်လည်း စစ်တောင်းတံတားအနီး ဂိတ်သုံးဂိတ်နှင့် အခြားဂိတ်များစွာဖြတ်သန်းရကာ တစ်ဂိတ် လျှင် ငွေကျပ် နှစ်ထောင်မှ ကျပ်သုံးထောင်ပေးနေရသည်ဟု ယာဉ်မောင်းများက ပြောသည်။

ရန်ကုန်မြို့နှင့် တနင်္သာရီတိုင်းအတွင်းရှိ မြို့ကြီးများ အကွာအဝေးမှာ ထားဝယ်မြို့သို့ ၃၉၇မိုင်၊ မြိတ်မြို့သို့ ၅၅၀ မိုင်၊ ကော့သောင်းမြို့သို့ ၇၄၅ မိုင် ကွာဝေးသည်။