မအူပင်တွင် ပရဟိတ ရုံးအပါအဝင် နေရာ ၃ ခုကို ချိပ်ပိတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်။

ဧရာဝတီတိုင်း မအူပင်မြို့ရှိ ပျိုးခင်းသစ်ဖောင်ဒေးရှင်း ပရဟိတရုံး အပါအဝင် နေရာ ၃ ခု ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

ပျိုးခင်းသစ် အရပ်ဖက် လူမှုအဖွဲ့အစည်းရုံး ဖွင့်လှစ်ထားသည့် ဦးသန်းထိုက်အောင်၏ နေအိမ်အပြင် ၎င်း၏ ဇနီးဖြစ်သူ ပိုင်ဆိုင်သည့် နေအိမ် တစ်လုံး၊ ခြံတစ်ခြံတို့ကို စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် ၅၀ ခန့်က လာရောက် နိုဝင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ချိပ်ပိတ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ချိပ်ပိတ်ခံရသူ ဦးသန်းထိုက်အောင် မိသားနှင့် နီးစပ်သူတစ်ဦး က “အိမ်ပိုင်ရှင်တွေက PDF တွေနဲ့ အဆက်အ သွယ်ရှိလို့ ချိတ်ပိတ်တာလို့တော့ ပြောသံကြားတယ်” ဟု ပြောသည်။

ဦးသန်းထိုက်အောင် နှင့် စီးပွားရေးဘက် ပရဟိတ တွဲလုပ်ကိုင်ခဲ့သည့် လုပ်ငန်းရှင်များ၏ နေအိမ်များကိုလည်း ချိပ်ပိတ်ရန် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်က ညွှန်ကြားထားသည်ဟု မအူပင် စစ်ကောင်စီရုံး အသိုင်းအဝိုင်းထံမှ သိရသည်။

ဦးသန်းထိုက်အောင်သည် မအူပင်မြို့ ဂရုဏာ လူမှုကူညီရေး အသင်းကို စတင်တည် ထောင်ခဲ့သူ ဖြစ်ပြီး ပျိုးခင်း သစ် ဖောင်ဒေးရှင်းတွင်လည်း ပါဝင်ဆောင်ရွက်နေသူ တစ်ဦး ဖြစ်သည်။

ဂရုဏာ လူမှုကူညီရေး အသင်းဝင်တစ်ဦးက “ကိုထိုက်ထိုက် (ဦးသန်းထိုက်အောင်)ကို ဖမ်းဝရမ်း ထုတ်ထား တယ်။ သူဇနီးနဲ့ မိသားစုက မြို့မှာမရှိတဲ့ အချိန်ချိတ်ပိတ်ခံရတာ” ဟု ပြောသည်။

စစ်ကောင်စီက ၎င်းတို့ကို ဆန့်ကျင်သူများအား NUG၊ CRPH၊ PDF စသည်တို့နှင့် ဆက်သွယ်ထောက်ပံ့သည်ဟု စွပ်စွဲခေါင်းစဉ်များ တပ်ကာ ဖမ်းဆီးခြင်း၊ နေအိမ်အဆောက်အဦး ချိတ်ပိတ်ခြင်းတို့ကို ခပ်စိပ်စိပ်ပြုလုပ်နေပြီး အချို့မိသားစုများက သားသမီးများကို အမွေပြတ်စွန့်လွတ်ကြောင်း ကြေငြာနေကြရသည်။

ဧရာဝတီတိုင်းထဲတွင် နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ပြီး ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၏ ကျုံပျော်မြို့က နေ အိမ်၊ ရေကြည်မြို့နယ်ထဲက နေအိမ် ၇ လုံး၊ ဖျာပုံမြို့တွင် နေအိမ် ၂ လုံး၊ ပုသိမ်မြို့တွင် ပညာဒါနကျောင်း ၁ ကျောင်း၊ ဆေးခန်း ၁ ခု၊ လက်ဖက်ရည်ဆိုင် ၂ ဆိုင် နှက် လူနေအိမ် ၂ လုံးတို့ကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး နောက် ယခု မအူပင်မြို့က ပရဟိတရုံးအပါအဝင် နေရာသုံးခုကို ထပ်မံချိပ်ပိတ်သိမ်းခြင်းလည်း ဖြစ် သည်။