မတ္တရာရှိ Mytel တာဝါတိုင် မိုင်းခွဲ ဖျက်ဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ Mytel ဖုန်းတာဝါတိုင် တစ်တိုင် မိုင်းခွဲဖျက်ဆီးခံလိုက်ရပြီး ဒေသခံအချို့ ဖမ်းဆီးခံရမှုလည်း ရှိနေသည်ဟု ဒေသခံရွာသားများက ပြောသည်း
အောက်တောင်ကိုင်းကျေးရွာရှိ Mytel တာဝါတိုင်တစ်တိုင် နိုဝင်ဘာလ ၂၁ ရက်နေ့၊ ည ၁၀ နာရီ မိနစ် ၂၀ အချိန် ခန့်က မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။
“တိုင်ကတော့ လဲမသွားဘူး။ အောက်ခြေစက်ပုံး ပျက်စီးသွားတယ်” ဟု အသက် ၄၀ အရွယ် အောက်တောင် ကိုင်းရွာသား တစ်ဦးက ပြောသည်။
ဖုန်းတာဝါတိုင် ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက်တစ်ရက် နိုဝင်ဘာလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီအချိန်ခန့်တွင် စစ်သား ၂၀ ကျော်က အောက်တောင်ကိုင်းကျေးရွာထိပ် လမ်းကိုပိတ်ပြီး ဆိုင်ကယ်များ၊ ကားများ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
ထိုသို့ စစ်ဆေးစဉ် ကျေးရွာအတွင်းက ဒေါ်မာမာဝင်း (၅၀)နှစ် နှင့် အခြားအမျိုးသမီးတစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။
သို့သော် မည်သည့် အကြောင်းအရင်းကြောင်း ဖမ်းဆီးသွားသည်ကို မသိရသေးသလို အဆိုပါ ဖမ်းဆီးမှုနှင့် ပတ်သက်၍လည်း သတင်းနှင့်မီဒီယာကွန်ယက် သတင်းဌာနအဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။
မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းကျေးရွာတွင် ဗုံးပေါက်သံများ ညတိုင်းကြားရပြီး အခြားကျေးရွာများတွင် ရှိသည့် Mytel ဖုန်းတာဝါတိုင်များလည်း ဗုံးခွဲခံရမှုများရှိနေသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် အောက်တိုဘာလ ပထမအပတ်တုန်းကလည်း မတ္တရာမြို့နယ်၊ သဖန်းကိုင်းကျေးရွာ နေအိမ်ဆယ်လုံး ကို စစ်ကောင်စီတပ်က ကျေးရွာအတွင်း PDF အဖွဲ့ဝင်များ ရှိနေသည်ဆိုသည့် သံသယဖြင့် ဝင်ရောက် မီးရှို့ဖျက် ဆီးခဲ့သည်။