စစ်ကောင်စီ သတင်းပေး ဆိုသူ၏ ကုန်စုံဆိုင် ဖောက်ခွဲခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်။

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်အတွင်း စစ်ကောင်စီ သတင်းပေးဟုနာမည်ကြီးသူ တစ်ဦး၏ ကုန်ဆုံဆိုင် ဗုံးခွဲတိုက် ခိုက်ခံရ သည်။

ဒေသအတွင်း၌ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေစဉ် ကျူတန်း အုပ်စုကျေးရွာရှိ သတင်းပေးဟု နာမည်ကြီးနေသူ ဦးသန်းစိုး ဆိုသူ၏ နေအိမ်နှင့် တစ်ဆက်တည်း ရှိသည့် ကုန်ဆုံ ဆိုင်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ကံကောင်းလို့ လူထိခိုက်မှုတော့ မရှိဘူး။ လွတ်သွားတယ်။ ဆိုင်တစ်ဆိုင်လုံးတော့ ရစရာမရှိအောင် ပျက်စီး သွားတယ်” ဟု ကန်ကြီးထောင့်မြို့ခံ ကိုအောင်ကြီးက ပြောသည်။

နိုဝင်ဘာ ၂၁ ရက်နေ့ ည ၆နာရီကျော် အချိန်ခန့်က ဗုံးခွဲခံရခြင်းဖြစ်ပြီး ဆိုင်တစ်ဆိုင်လုံးပျက်စီးသွားသည်ဟု ရွာ သားအချို့က ဆိုသည်။

ထိုနေ့က စစ်ကောင်စီ၏ တပ်ဖွဲ့ဝင် အင်အား ၄၀ ကျော် သည် ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ နနွင်းဂရက် ကျေး ရွာနှင့် ရွေးကုန်း ကျေးရွာများဘက်တွင် စစ်ကြောင်း ထိုးနေချိန်တွင် ကျူတန်းကျေးရွာရှိ စစ်ကောင်စီသတင်းပေး ဒလန်ဟု နာမည်ထွက်နေသူ၏ ကုန်ဆုံဆိုင် ဗုံးခွဲခံလိုက်ရခြင်း ဖြစ်သည်ဟု ကိုအောင်ကြီး က ဆက်ပြောသည်။

ဒေသခံ ဧရာမောင် ပြောက်ကျား တပ်ဖွဲ့က ဦးသန်းစိုးသည် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များကို မမှန် သတင်းပေး သဖြင့် အပြစ်မဲ့ ပြည်သူများ ဖမ်းဆီးခံနေရသည့်အတွက် ၎င်း၏ ကုန်ဆုံဆိုင်ကို ဗုံးခွဲတိုက်ခိုက်ရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ပြောဆိုထားသည်။

ပေါက်ကွဲမှုအပြီးတွင် စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ကျူတန်းကျေးရွာကို ပိတ်ဆို့စစ်ဆေးကာ ဒေသခံကျေးရွာသား ၆ ဦးကို ဖမ်းဆီးသွားသည်။

“ဖမ်းတာကတော့ ဟုတ်လည်း ဖမ်း၊ မဟုတ်လည်းဖမ်းနေတာပဲ။ ကန်ကြီးထောင့်သားတွေကတော့ အလျော့ပေး မှာမဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ဒေသခံ ပြောက်ကျားတပ်ဖွဲ့များက စက်တင်ဘာလမှ စတင်ကာ စစ်ကောင်စီ သတင်း ပေး ဒလန် သုတ်သင်ခြင်း၊ Mytel ဖုန်းတာဝါတိုင် ဗုံးဖောက်ခွဲခြင်း၊ စစ်ကောင်စီယာဉ်တန်းအချို့အား ဗုံးဖြင့်ပစ် ခတ် တိုက်ခိုက်ခြင်း တို့ကို လုပ်ဆောင်နိုင်ခဲ့သည်ဟု သိရသည်။