မတ္တရာ မြို့နယ် အတွင်း ကျေးရွာများကို စုစည်းရွာလုပ်မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။

မန္တလေးတိုင်း မတ္တရာမြို့နယ်၏ အရှေ့ပိုင်းရွာများကို စုစည်းရွာများအဖြစ် ပြောင်းရွှေ့မည်ဆိုသည့် ခြိမ်းခြောက်စာများ စစ်ကောင်စီက ဓါတ်တိုင် များတွင် လာကပ်သွားသည်ဟု ဒေသခံက ပြောသည်။

မတ္တရာမြို့နယ်အတွင်း တံတားဖြူ၊ အုတ်ဖို၊ သန်းကုန်းနှင့် အနီးအနားရှိ ကျေးရွာအချို့တို့ကို PDF အကြမ်းဖက်များ ခိုအောင်းနေသောအိမ်များကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းယူမည်၊ PDF အကြမ်းဖက်များကို လက်ခံသည့် ကျေးရွာများကို စုစည်းရွာများအဖြစ် ရွှေ့ပြောင်းခြင်းပြုလုပ်မည်ဆိုသည့် စာသားပါ စာရွက်များကို နိုဝင်ဘာလ ၂၂ ရက်နေ့၊ နေ့လယ်ပိုင်း အချိန်တွင် စစ်ကောင်စီတပ်သား ၂၀ ခန့်က လာကပ်သွားခြင်း ဖြစ်သည်။

ခြိမ်းခြောက် စာရွက်တွေကို ဓာတ်တိုင်တွေများ ကပ်ပြီး ရွာလမ်းတွေပိတ် ဆိုင်ကယ်တွေ စစ်တော့တာပဲ အဓိ ကတော့ လူငယ် လူလတ်ပိုင်း အမျိုးသားတွေ ပိုစစ်တယ် ဟု အသက် ၅၀နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

စစ်ကောင်စီက လာကပ်သည့် စာရွက်များတွင် အစွန်းရောက် NLD ပါတီသည် မြေပေါ်တွင် ရပ်တည်ခွင့်မရှိ၊ NLD ပါတီ၏ လက်ပါးစေ PDF ကို အမြစ်ပြတ်ချေမှုန်းမည်၊ သူပုန်လုပ်ရန် ရည်ရွယ်ချက်မရှိသော လူငယ်များ အမြင် မှန်ရပြီး အလင်းဝင်ပါဆိုသည့် စာသားများလည်း ပါဝင်သည်ဟု ရွာသားများက ပြောသည်။

စုစည်းရွာဆိုသည်မှာ မြန်မာနိုင်ငံ၏ အရှေ့ခြမ်းရှိ ကရင်ပြည်နယ်၊ ကယားပြည်နယ် အတွင်းရှိ ရွာများကို အတင်း အဓမ္မ စုစည်းစေ၍ ခြံစည်းရိုးခတ်ပြီး တောင်ယာသွားလာခွင့်အပါအဝင် မိရိုးဖလာလုပ်ကိုင် စားသောက်ခွင့်များ ကန့်သတ်ကာထားသည့် ရွာများကိုခေါ်ဆိုခြင်းဖြစ်သည်။

စုစည်းရွာလုပ်ပြီး  တိုင်းရင်းလက်နက်ကိုင်အဖွဲ့များ ရိက္ခာ၊ ဘဏ္ဍာငွေ၊ လူ၊ သတင်းဖြတ်တောက်သည့် ဖြတ်လေး ဖြတ် စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ္တရာမြို့တွင် ကျေးရွာများအထိဆင်းကာ ဆိုင်ကယ်များ၊ ဖုန်းများကို စစ်ဆေးမူ များ ပြုလုပ်ပြီး ပြည်သူများထံမှလည်း အကြောင်းအမျိုးမျိုးပြကာ ငွေကြေး တောင်းယူနေခြင်း များ လည်း ရှိနေ သည်ဟု ဆိုကြသည်။

အလားတူ မကွေးတိုင်းဒေသအတွင်းရှိ မြို့နယ်အချို့တွင်လည်း ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့များက PDF များကို လက်ခံထား ပါက စုစည်းရွာများ လုပ်မည့်အကြောင်း စာများလိုက်လံကပ်နေသည်ဟု ဒေသခံများက ပြောသည်။