တနင်္သာရီ မြို့နယ်အတွင်း ကျေးရွာ ရဲကင်းစခန်း မိုင်းခွဲ မီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာ ရဲကင်းစခန်းတစ်ခု မိုင်းခွဲ မီးရှို့ခြင်း ခံရသည်ဟု ရွာသားများက ပြောသည်။

မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာရှိ ရဲကင်းစခန်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များ လာရောက်တပ်စွဲခဲ့ပြီး ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေခဲ့သည်ဟု ဒေသခံများက ပြောသည်။

မိုင်းခွဲပြီး မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် စခန်းအတွင်းရှိ စာရွက်စာတမ်းများနှင့် ပရိဘောဂ ပစ္စည်းများနှင့် အဆောက်အဦ အတွင်းပိုင်း အနည်းငယ် မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။

မီးလောင်တဲ့အချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေက မနေ့ညကမီးလောင်တဲ့ ကော်တောရပ်ဘက် သွားနေကြတုန်း ဝင်ရှို့ ကြတာ ဟု အသက် ၄၀ အရွယ် ရွာသားတစ်ဦးက အတည်ပြုပြောသည်။

မီးရှို့ခံရသည့်အချိန်တွင် ရဲကင်းစခန်းအတွင်း ရဲတပ်သားတစ်ဦးမှ မရှိသည့်အတွက် လူသူထိခိုက်ဒဏ်ရာရရှိမှု  မရှိခဲ့ဟု တကူကျေးရွာက ဒေသခံများက ပြောသည်။

တကူရဲကင်းစခန်းကို နိုဝင်ဘာလ ၂၂ ရက် ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ဓူဝံတော်လှန်ရေးအဖွဲ့ က မိုင်းခွဲမီးရှို့ခဲ့ ခြင်း ဖြစ်သည်ဟု အဆိုပါ အဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ရဲကင်းစခန်းမှာ ဒေသခံ ပြည်သူများအား ဖမ်းဆီး အနိုင်ကျင့်နေခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖေါက်ခွဲဖျက်စီးခဲ့ရခြင်းဖြစ်သည်ဟု ဓူဝံတော်လှန်ရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ရေး သားထားသည်။

နိုဝင်ဘာလ ၂၁ ရက်နေ့၊ ညနေ ၄နာရီအချိန်ခန့်ကလည်း တကူကျေးရွာ၊ ကော်တောရပ်တွင်ရှိသည့်  စစ်တပ်ပိုင် ရော်ဘာခြံ မှိုင်းခံစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ သေးသည်။