NLD ကိုယ်စားလှယ် နေအိမ်များ ချိပ်ပိတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ် ထွေးနှင့် ဦးမြင့်စန်းတို့နှစ်ဦး၏ နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ချိပ်ပိတ်လိုက်သည်ဟု ဒေသခံများက ပြော သည်။
ကျောက်ဆင်ကျေးရွာရှိ အမှတ် ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေး နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့က နိုဝင် ဘာလ ၂၂ ရက်နေ့၊ ည ၁၀ နာရီဝန်းကျင် အချိန်ခန့်တွင်လာရောက်ချိပ်ပိတ်လိုက်ခြင်းဖြစ်သည်။
“ဘာလို့လဲတော့ မသိဘူး။ ချိပ်ပိတ်ကြောင်း ဗွီနိုင်းပြားကို ခြံတံခါးဝမှာ ကပ်သွားတာပဲ သိတယ်” ဟု မျက်မြင် တွေ့ရှိသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ဦးဗိုလ်ထွေးသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီ CWC အဖွဲ့ဝင်၊ မြို့နယ် အလုပ်အမှု ဆောင်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး ၎င်းနှင့် မိသားစုမှာ မတ်လဆန်းပိုင်းကတည်းက အဆိုပါနေအိမ်တွင် နေထိုင်ခြင်း မရှိ တော့ဟု ရွာသားများက ပြောသည်။
အလားတူ မင်းရပ်ကျေးရွာရှိ NLD မြို့နယ် အတွင်းရေးမှူးလည်းဖြစ်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးလည်း ဖြစ်သည့် ဦးမြင့်စန်း၏ နေအိမ်ကိုလည်း စစ်ကောင်စီ တပ်ဖွဲ့ က တချိန်တည်း ချိပ်ပိတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ဦးမြင့်စန်းနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ”သူက ဖေဖော်ဝါရီလ အာဏာသိမ်းပြီးထဲက ဒီအိမ်မှာ မနေတော့ ဘူး။ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာလည်း ပါဝင်ခဲ့တာမရှိပါဘူး” ဟု ပြောသည်။
သို့သော် ချိပ်ပိတ်ခဲ့သည့် နေအိမ်များအတွင်း တစုံတရာရှာဖွေခြင်းနှင့် သိမ်းဆည်းခြင်းများမရှိများ မရှိဟု ဒေသခံများက ဆိုသည်။
ဦးဗိုလ်ထွေးနှင့် ဦးမြင့်စန်းတို့နှစ်ဦး၏ နေအိမ်များကို မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ ချိပ်ပိတ်လိုက်သည် ကိုမူ မသိရသေးဘူးဟု ဒေသခံများနှင့် ၎င်းတို့နှင့်နီးစပ်သူများက ပြောသည်။