လွိုင်ကော် ကရုဏာ ဆေးခန်း ဖြစ်ရပ် မြဝတီသတင်းမှားယွင်း၊ ဖမ်းဆီးခံရသူများ ယမန်နေ့က ပြန်လွတ်လာ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။

လွိုင်ကော်မြို့ ကရုဏာ ဆေးခန်းကိစ္စနှင့် ပတ်သက်၍ မြဝတီ ရုပ်သံမှ ကြေညာချက်များ မှားယွင်းနေပြီး ဖမ်းဆီးခံရသူများ နိုဝင်ဘာလ ၂၃ ရက်နေ့က ပြန်လွတ်လာခဲ့သည်ဟု လွိုင်ကော်မြို့ခံများက ပြောသည်။

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ နောင်ယားရပ်ကွက်က ခရစ္စတူးဘုရင်ဘုရားကျောင်းဝန်းကို စစ်ကောင်စီ တပ်ဖွဲ့များက နိုဝင်ဘာ ၂၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းပီး ဆရာဝန်၊ သူနာပြုများအပါအဝင် စေတနာ့ ဝန်ထမ်း ၁၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ထိုဖြစ်ရပ်ဖြစ်ပြီးနောက် မြဝတီရုပ်သံက ဤစီးနင်းမှုနှင့် ပတ်သက်၍ လွဲမှားစွာ သတင်းထုတ်ပြန်ခဲ့သည်။  

ဂရုဏာဆေးခန်းသည် တရားမဝင်ဆေးခန်းဖြစ်ပြီး အဆိုပါဆေးခန်းတွင် CDM လုပ်ထားသည့် ကျန်းမာရေး ဝန်ထမ်းများရှိနေကြောင်း၊ ထိုဆေးခန်းတွင် ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံထားရတဲ့သူများပါဝင်သည်ဟု မြဝတီ သတင်းဌာနက ဆိုသည်။

ထိုစွပ်စွဲချက်မှာ မဟုတ်မှန်ကြောင်း၊ ဆေးခန်းသည် ၁၉၉၈ ခုနှစ်ကတည်းက ဖွင့်ခွင့်လိုင်စင်ရရှိထားသည့် ဆေး ခန်းဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခဲ့သည့် ပြည်နယ်အတွင်းရှိ ပြည်သူများ၏ အားကိုးရာ ဆေး ခန်းဖြစ်သည်ဟု ဆေးခန်းနှင့် နီးစပ်သူများနှင့် ဒေသခံများ က ပြောသည်။

သူတို့က တရားမဝင်ဆေးကုတယ်လို့တော့ စွပ်စွဲတာပေါ့နော်။ စစ်ကောင်စီဘက်က စွပ်စွဲတာ။ ဒါပေမယ့် အဲ့ဒီ ဆေးခန်းက လိုင်စင်ရှိပါတယ်။ ၁၉၉၈ ကတည်းက လိုင်စင်ရထားတဲ့ဆေးခန်း။ အဲ့ဒီကတည်းက စဖွင့်ထားတာ။ အခုဆိုရင် ၂၃ နှစ်ရှိပါပြီ။ လူမျိုးမရွေး ဘာသာမရွေး ဆေးကုသပေးလျှက်ရှိပါတယ်။ ပြန်ဖွင့်နိုင်ဖို့အတွက်တော့ ကျနော်တို့ အစွမ်းကုန်တော့ ကြိုးစားမှာပေါ့လေ။ အဓိကတော့ လူထုတွေအတွက်ပါပဲ။ အများကောင်းကျိုး အတွက်ပဲ ပြန်ဖွင့်နိုင်ဖို့တော့ လုပ်မှာပေါ့ ဟု ဆေးခန်းနှင့် နီးစပ်သူ တစ်ဦးဆက်ပြောသည်။

ဖမ်းဆီးခံရသူများ ပြန်လွတ်ရေးအတွက် ကျောင်းထိုင်ဘုန်းတော်ကြီး၊ သီလရှင်အချို့နှင့် ပြည်နယ် အတွင်း ရှိ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့က စစ်ကောင်စီ တာဝန်ရှိသူများနှင့်  သွားရောက် ဆွေးနွေးခဲ့ရ သည်ဟု ပြောသည်။

ထို့နောက် နိုဝင်ဘာလ ၂၃ ရက်နေ့တွင်မှ ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးခဲ့သည်။

ဆေးခန်းနှင့် နီးစပ်သူ တစ်ဦး က မနေ့ကတော့ သူတို့အားလုံး ၁၈ ယောက်စလုံး လွတ်လာပါတယ်။ ကောင်း ကောင်းမွန်မွန်ပြန်ရောက်တယ်။ အကုန်လုံး ပြန်လွှတ်ပါတယ်။ ၆ နာရီကျော်ကျော်လောက် ကောင်းကောင်း မွန်မွန်ပြန်ရောက်တယ်။ မနေ့ကပဲ ပြန်လာတယ်။ သူတို့စိတ်ဖိစီးမှုတွေက တအားများတယ်လေနော်။ စိုးရိမ်မှု လေးတွေ၊ သောကတွေ အဲ့လိုမျိုးတွေ တအားနဲ့ များနေတဲ့အခါကြတော့။ နောက်ပြီးတော့မှ မြဝတီသတင်း ကလည်း ကြားရတော့ စိုးရိမ်တာ ပေါ့နော်။ မြဝတီသတင်းဌာနက စွပ်စွဲထားသလိုတော့ ပုဒ်မ ၅၀၅က နဲ့ စွဲ ထားတဲ့ဟာ တစ်ယောက်မှ မပါပါဘူးဟု ပြောသည်။

စစ်ကောင်စီက ဝင်ရောက်စီးနင်း ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ဆေးခန်းကိုလည်း ပိတ်ထားရသည်။ ထိုသို့ ဝင်ရောက်ဖမ်းဆီးစဉ် ဆေးကုသမှုခံယူနေရသည့် လူနာများကို ယခုခါ လွိုင်ကော်ဆေးရုံသို့ လွှဲထားပေးရသည်ဟု အမည်မဖော်လိုသော မြို့ခံ တစ်ဦးက ပြောသည်။

လွိုင်ကော်မြို့ခံ တစ်ဦး က အခုနက ပြောသလို ဒီအရေးပေါ်ကာလမှာ ဒီကောင်းကောင်း Service တွေပိုပြီး တော့ ပေးနိုင်တာ ဒီဆေးခန်းတစ်ခုပဲ ရှိတယ်။ အပြင်ကလည်း ဒီမှာပဲ လာရတယ်။ ဒီဟာမရှိတော့ဘူး ဆိုရင် တော့ တော်တော်လေး အကြပ်ရိုက်မယ့် သဘောမှာ ရှိပါတယ်။ အရေးပေါ်လူနာတွေ ဆိုလို့ရှိရင် သူတို့ဘယ်သွား ရမလဲ အဲ့လိုပေါ့။ ပြည်သူ့ဆေးရုံကြီးက ကောင်းကောင်း run နိုင်မယ်ဆိုရင်တော့ no problem လေနော်။ လူ တွေလည်း စိုးရိမ်နေရတယ်။ သူတို့ဖျားနာတဲ့အခါ ဘယ်သွားရမှာလဲ ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ကယား(ကရင်နီ) ပြည်နယ်ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူ့အခွင့် အရေးချိုးဖောက်မှု အမျိုးမျိုးကို ကျူးလွန်လျှက်ရှိပြီး ဘုရားကျောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဘုရားကျောင်းများကို အကာအကွယ်ယူပြီး စစ်ဆင်ရေးပြုလုပ်ခြင်း၊ ဘုရားကျောင်းဝန်းအတွင် တပ်စွဲခြင်းများ အပြင် ယခုကဲ့သို့ ဘုရားကျောင်းဝန်းအတွင်းရှိ ဆေးခန်းမှ ဝန်ထမ်းများကိုလည်း အင်အားသုံးဖမ်းဆီးခြင်းကို ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ – PKDF