ကယားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်၊ အရပ်သား နေအိမ်များမီးရှို့ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်။

စစ်ကောင်စီ တပ်ဖွဲ့များက ကယား(ကရင်နီ) ပြည်နယ် လွိုင်ကော်၊ ဒီမော့ဆို နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သား နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ်ထဲရှိ နေရာသုံးနေရာတွင် စစ်ကောင်စီတပ်နှင့် KNDF တို့အကြား တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူ ၅ ဦး၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၇ ဦး ရှိခဲ့သည်ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မနေ့ကတော့ တိုက်ပွဲသုံးကြိမ်ဖြစ်တယ်ပေါ့လေ။ မနက် ၇ နာရီမှာ ကျနော်တို့ ဒေါဖိုးစီမှာ တိုက်ပွဲတစ်ကြိမ် ဖြစ်တယ်။ အဲ့ဒီမှာ စစ်ကောင်စီက နှစ်ယောက်သေတယ်။ ငါးယောက် လောက်တော့ ဒဏ်ရာရတယ်။ ကျနော် တို့ဘက်ကတော့ အထိခိုက်မရှိဘူးဟု KNDF က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့အပြင်နံပါတ် ၂က ညနေပိုင်း ၂နာရီနဲ့ ၃ နာ ရီလောက်မှာ ဒေါပိုးစီရဲ့ အဝင်ပေါ့လေ လွိုင်ကော်အထွက် ဘက် က ပန်ကန်းဘုန်းကြီးကျောင်းမှာလည်း တိုက်ပွဲ ဖြစ်တယ်။ အဲ့မှာလည်း စစ်ကောင်စီက တစ်ယောက်ကျတယ်။ နောက်ဆုံးတစ်ခေါက်တော့ ညနေ ၄ နာရီနဲ့ မိ နစ် ၄၀ လောက်မှာ ငါးမိုင်မှာ တိုက်ပွဲ ထပ်ဖြစ်တယ်။ အဲ့မှာ ကျနော်တို့ဘက်က ခြေထောက်မှာ ဒဏ်ရာ တစ်ယောက်ရတယ်။ မစိုးရိမ်ရပေါ့လေ ဟု ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့က ဒီးမော့ဆိုမြို့နယ် ရဲစခန်းအနီး၊ စံပြ(၆)မိုင်၊ ဒေါပိုးစီကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ ပြီး လွိုင်ကော်မြို့ ပန်ကန်းရပ်ကွက်ထဲတွင်လည်း စစ်ကောင်စီတပ်နှင့် KNDF တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒေါပိုးစီ ဘုန်းကြီးကျောင်းရှေ့က နေအိမ်နှစ်လုံးကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့ သည်ဟု ပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေါပိုးစီ ဘုန်းကြီးကျောင်းထဲတွင် တပ်စွဲထားပြီး စစ်ဆင်ရေးလုပ်ဆောင်နေသည်ဟု KNDF တာဝန်ရှိသူက ဆက်ပြောသည်။

အဓိကတော့ သာသနာ့အဆောက်အဦတွေမှာ ဘုရားကျောင်းတွေမှာ ဝင်ပြီးတော့ တပ်စွဲပြီး စစ်ဆင်ရေးလုပ် နေတယ်။ အခုလည်း ဒေါပိုးစီဘုန်းကြီးကျောင်းထဲမှာ သူတို့ရှိနေတုန်းပဲ။ အဓိကတော့ လူထုတွေ စပါးရိတ် သိမ်းချိန်တွေမှာ တမင် စစ်ရေးအရှိန်ပိုပြီးတော့ တင်းမာအောင် ကြိုးစားနေတယ်လို့ ကျနော်တို့ အဲ့လိုယူဆ တယ်ဗျ။ အခု က ဖယ်ခုံရယ်၊ မိုးဗြဲရယ်၊ ဒီးမော့ဆိုရယ်၊ လွိုင်ကော်ရယ် ဒီလေးမြို့နယ်က စစ်ရေးလှုပ်ရှားမှု ပြင်းထန်တယ်လို့ ပြောလို့ရတယ်ဗျ။

တိုက်ပွဲဖြစ်ပွါးမှုများနှင့် အတူဖမ်းဆီးမှုများလည်း ပြည်နယ်အတွင်း ဆက်လက်ပြီးပွားနေပြီး နိုဝင်ဘာလ ၂၂ ရက် နေ့တွင် လွိုင်ကော်မြို့၊ နောင်ယားရပ်ကွက်က ခရစ္စတူးဘုရင်ဘုရားကျောင်းဝန်းထဲ စစ်ကောင်စီတပ်က ဝင် ရောက် စီးနင်းရှာဖွေခဲ့ပြီး ဆရာဝန်၊ သူနာပြုများအပါအဝင် စေတနာ့ဝန်ထမ်း ၁၈ ဦး ကို ဖမ်းဆီးသွားခဲ့သည်။

ထို့နောက် ၎င်းတို့ကို နိုဝင်ဘာလ ၂၃ ရက်နေ့က ညနေ ၆ နာရီကျော်အချိန်ခန့် ပြန်လွတ်ပေးခဲ့သည်ဟု ဆေးခန်း နှင့် နီးစပ်သူအချို့က ပြောသည်။

တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ ဆက်ရှိနေသည့် ကယား(ကရင်နီ) ပြည်နယ်ထဲတွင် စစ်ကောင်စီက လူ့အခွင့် အရေး ချိုးဖောက်မှုများကို ဆက်လက်ကျူးလွန်နေပြီး အရပ်သားပြည်သူများအပေါ် ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီး စစ်ဆေးခြင်း၊ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခြင်း၊ ပစ်သတ်များအပြင် မြို့များ၊ ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းများ ယနေ့အချိန်ထိ ဆက်ကျူးလွန်သည်ဟု ဒေသခံများနှင့် ကရင်နီ အရပ် ဘက်အဖွဲ့အစည်းများက ပြောသည်။

ဓါတ်ပုံ – KNDF (ပုံဟောင်းအသုံးပြုထားခြင်း ဖြစ်သည်။)