မိုင်းကိုင်စာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ကူးစက်မှုများရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့ရှိ စာသင်ကျောင်းများတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ/သားများ စုစုပေါင်း ၁၉ ဦး ကိုဗစ်-၁၉ ကူးစက်ခံနေရပြီး စာသင်ကျောင်းများ မပိတ်သေး၍ ကျောင်းသားမိဘများ စိုးရိမ်နေကြသည်။
လက်ရှိတွင် ကျောင်းတက်နေသူ ၂၀၀ ကျော်ရှိနေပြီး ကျောင်းသားမိဘများ စိုးရိမ်သကဲ့သို့ ဆရာ/ဆရာမ များ လည်း စိုးရိမ်ပူပန်နေရပြီး အထက်အမိန့်အရ ကျောင်းများ မဖွင့်မနေရဟုဆို၍ ၎င်းတို့အနေဖြင့်လည်း အလုပ် ဆင်းနေရခြင်း ဖြစ်သည်ဟု ဆရာမတစ်ဦးက ပြောသည်။
အသက် ၄၀ အရွယ် ကျောင်းသားမိဘတစ်ဦး က “ဆေးစစ်တယ် ပြောပေမယ့် အခုထိ ဘာအဖြေမှ မထုတ်ပြန် သေးဘူး။ Lock down လည်းမချဘူး။ ဘယ်နှစ် ယောက်များထပ်ပြီး ရောဂါကူးစက်နေလည်း မသိဘူး။ ကာ ကွယ်ဆေးလည်း မထိုးရသေးဘူး။ ကာကွယ် ဆေး ထိုးထားတဲ့ သူတွေလည်း ကိုဗစ်ကူးစက်ခံနေရတယ်လို့ တောင် ကြားရတယ်” ဟု ပြောသည်။
မိုင်းကိုင်မြို့ရှိ အထက်တန်းကျောင်းတစ်ကျောင်းတွင် နိုဝင်ဘာလ ၂၂ ရက်နေ့က ကျောင်းသားတစ်ဦး နေမ ကောင်း၍ မြို့နယ် ဆေးရုံသို့ သွားပြရာမှ ဆရာဝန်များ၏ ဆေးစစ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရခြင်း ဖြစ်သည်။
ထို့နောက် ၎င်းကျောင်းသားနှင့် ထိတွေ့သူများအား ဆက်လက်ဆေးစစ်ရာ ဆယ်တန်းကျောင်းသား ၁ ဦး၊ ၉ တန်း ကျောင်းသား ၁ ဦး၊ ၆ တန်း ကျောင်းသား ၂ ဦး၊ ၄ တန်းကျောင်းသား ၂ ဦး စုစုပေါင်း ၈ ဦး ထပ်မံ၍ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသည်ဟု ကျောင်းသားမိဘများ၏ ပြောပြချက်အရ သိရသည်။
အလားတူ မိုင်းကိုင်မြို့ မန်ဟတ်ရှိ စာသင်ကျောင်းတွင်လည်း ဆရာမ ၁ ဦး၊ ကျောင်းသား ၁ ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသော်လည်း စာသင်ကျောင်းများ မပိတ်သေးသလို၊ မြို့ကို Lock down မချသေးသည်အတွက် စိုးရိမ်ပူပန်နေရသည်ဟု အသက် ၄၀ အရွယ် ကျောင်းသားမိဘတစ်ဦးက ပြောသည်။
မိုင်းကိုင်မြို့ကို မကြာခဏ Lock Down ချခဲ့သော်လည်း ပြည်သူများစည်းကမ်းလိုက်နာမှုအားနည်းပြီး လမ်းဆုံ လမ်းခွများတွင် ပိုးစစ်ပေးခြင်းများ လုပ်ဆောင်နေသော်လည်း ရှောင်ကွင်းသွားနေ၍ ရောဂါထိန်းချုပ်ရန် ခက်ခဲ နေသည်ဟု ကျန်းမားရေးဝန်ထမ်းတစ်ဦး က ပြောသည်။
နိုဝင်ဘာလ ၂၄ နေ့ရက်က မိုင်းကိုင်မြို့ ကိုဗစ်-၁၉ ကျန်းမာစောင့်ရှောက်ရေးစင်တာ၏ ထုတ်ပြန်ချက်အရ ရပ် ကွက် ၁ နှင့် ရပ်ကွက် ၄ တွင် ရောဂါပိုး ထပ်မံကူးစက်သူ ၆ ဦး တွေ့ရှိရပြီး ယနေ့အထိ တစ်မြို့လုံးတွင် ရောဂါ ကူးစက်ခံထားရသူ စုစုပေါင်း ၃၈၀ ဦး၊ သေးဆုံးသူပေါင်း ၆ ဦး၊ ဆေးကုသခံယူထားဆဲ ၁၆ ဦး ရှိသည်ဟု သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ရှိနေသေးသော်လည်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးဝန်ကြီး ဌာနက နိုဝင်ဘာလ ၂၄ ရက်နေ့က ပြီးခဲ့သည့် ၁၄ ရက်အတွင်း ဓါတ်ခွဲအတည်ပြု လူနာသစ် ထပ်မံတွေ့ရှိရမှု လျော့နည်းလာခြင်း၊ အစုလိုက်ကူးစက်ဖြစ်ပွားမှု လျော့နည်းလာခြင်းတို့ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ် ၉ မြို့နယ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့မှ စတင်၍ Stay at Home မှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာထား သည်။
ဓါတ်ပုံ – SHAN News (Burmese) သျှမ်းသံတော်ဆင့်