ပုသိမ်-မုံရွာလမ်းတွင် ရိုဟင်ဂျာ ၆ ဦး ဖမ်းခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။

လူကုန်ကူးပွဲစားက စွန့်ပစ်ထားခဲ့သည့် အသက် ၁၈ နှစ်အောက် ၅ ဦး အပါအဝင် ရိုဟင်ဂျာ (ဘင်္ဂလီ) ၆ ဦး မကွေးတိုင်း၊ မင်းတုန်းမြို့နယ်တွင် နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက်ပိုင်းကဖမ်းဆီးခံလိုက်ရသည်။

မြန်မာနိုင်ငံသား အထောက်အထားမဲ့ ရခိုင်ပြည်နယ်နေသူ ရိုဟင်ဂျာ လူငယ် ၆ ဦး သည် ပုသိမ်-မုံရွာ လမ်း မကြီး၊ မိုင်တိုင် အမှတ် ၁၆၄/၆ ရှိ စပါးတန်းကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာနားတွင် ရန်ကုန်မြို့သို့ သွားရန် ကား စောင့်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

အသက် ၅၀အရွယ် ပုသိမ်မုံရွာလမ်းမကြီး ဘေးတွင်နေထိုင်သူ တစ်ဦးက သူတို့ကို ပွဲစားက လာမကြိုဘဲ စွန့်ပစ် ခဲ့တာ ထမင်းလည်းငတ်နေကြပြီ ဝမ်းဆာတယ်ဘဲ ပြောနေကြလို့ ထမင်း ကျွေးလိုက်တယ် အဲလိုမျိုး ဖြစ်တယ် ဟု ပြောသည်။

စပါးတန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးပြားနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့က ဖမ်းဆီးရမိခြင်းဖြစ်ပြီး အသက် ၁၈ နှစ် တစ် ဦး၊ အသက် ၁၈ နှစ် မပြည့်သူ ၅ ဦး၊ ဖြစ်ပြီး ဖမ်းဆီးခံရသူ အားလုံးမှာ အမျိုးသားများ ဖြစ်ကြသည်။

ဖမ်းဆီးခံရသူများသည် ရခိုင်ပြည်နယ်အတွင်းရှိ မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်များမှဖြစ်ပြီး မာမွတ်စကီး (ခ) မောင်မြင့်နိုင် အသင် ၁၈ နှစ်၊ မာမွတ်တာဆွန် အသက် ၁၅ နှစ်၊ မာမွတ်ရော်ဟိ (ခ) ခင်မောင်လှ အသက် ၁၃နှစ်၊  ပိုင်ဒူ (ခ) မောင်မောင်လှ အသက် ၁၅နှစ်၊ ဆော်ဒူဘော်ရှော (ခ) မောင်ကျော်အောင် အသက် ၁၅ နှစ်၊ နိုမာလာ တေး (ခ) မောင် လှရွှေ(၁၄)နှစ် တို့ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မှ တဆင့် မလေးရှားနိုင်ငံသို့ သွားရန်အတွက် ပွဲစားကို ကျပ်သိန်း ၂၀ မှ ကျပ်သိန်း ၃၀ အထိ အသီးသီးစီ ပေးရပြီး ရခိုင်ပြည်နယ်မှ ရခိုင်ရိုးမအောက်ခြေသို့ ပွဲစားတစ်ဦးက ပို့ပေးခဲ့ပြီးနောက် ရခိုင်ရိုးမပေါ်ရှိ ချင်းရွာတစ် ရွာမှ အခြားလမ်းပြက ပုသိမ်-မုံရွာလမ်းမကြီးဘေးအထိ ပို့ပေးခဲ့ခြင်းသည်ဟု ဖမ်းဆီးခံရ သူများ၏ ထွက်ဆို ချက်အရ တဆင့်သိရသည်။

ရိုဟင်ဂျာဘင်္ဂလီ အချို့သည် ရခိုင်ရိုးမကို လမ်းကြောင်း အဆင်ပြေပါက အချိန် တစ်ပတ်၊ အဆင်မပြေပါက တစ်လ နီးပါးခန့် ဖြတ်ကျော်ရပြီး ပုသိမ်-မုံရွာ လမ်းကြောင်း တလျောက်တွင် ရှိသည့် မကွေးတိုင်း ငဖဲမြို့နယ်၊ မင်းလှမြို့နယ်၊ မင်းတုန်းမြို့နယ်၊ ငံမမြို့နယ်တို့တွင်မကြာခဏ ဖမ်းမိသည့် ဖြစ်စဉ်များရှိခဲ့ဖူးသည်။