မတ္တရာတွင် စစ်ကောင်စီ ကားနှစ်စီး မိုင်းခွဲ တိုက်ခိုက်ခံရ။ စစ်သား ၄ ဦး ဒဏ်ရာပြင်းထန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သားလေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
မတ္တရာမြို့နယ်၊ ကျွန်းပင်ကျေးရွာနှင့် သဖန်းကိုင်းကျေးရွာ အကြား စပါးကျီတောင်အနီးတွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ကားနှစ်စီး နိုဝင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီခွဲ အချိန်ခန့်တွင် မိုင်းလေးလုံးခွဲ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
“မိုင်းသံက တော်တော်ကျယ်တယ်။ မိုင်းသံကြားပြီး မကြာဘူး။ သေနတ်သံတွေ ဆက်တိုက်ကြားရတာပဲ” ဟု အသက် ၄၇ နှစ် အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်သားအယောက် ၃၀ ခန့်သည် အုန်းလွတ်ကျေးရွာကို ဝင်ရောက်စစ်ဆေးမှုမှ အပြန် ယခုကဲ့သို့ မိုင်းခွဲတိုက်ခံ ရ ခြင်းဖြစ်ပြီး စစ်ကားအကြီးထဲက စစ်သား ၄ ယောက် အပြင်းထန် ဒဏ်ရာရသွားသည်။
ထို့သို့ မိုင်းခွဲတိုက်ခိုက်ခံလိုက်ရသည့် အနီးနားကျေးရွာများကို စစ်ကောင်စီတပ်က သေနတ်များဖြင့်ပစ်ဖောက်၊ ဝင်ရောက်မွှေနှောက်ခြင်းများ ပြုလုပ်ပြီး သဖန်းကိုင်းကျေးရွာက တောင်သူလုပ်ကိုင်သူ ကိုဇော်မျိုးဦးနှင့် ကိုစိုးနိုင် တို့ နှစ်ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။
ယခုအချိန်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သဖန်းကိုင်းကျေးရွာ စာသင်ကျောင်းအတွင်း၌ တပ်စွဲထားသည် ဟု ဒေသခံများက ပြောသည်။